အမျိုးသားယဉ်ကျေးမှု ယွန်းအနုပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်
Posted_Date
Image

Body
မြန်မာလူမျိုးတို့သည် ဧည့်ဝတ်ကျေပွန်ကာ သူတထူးအား ယဉ်ကျေးစွာဆက်ဆံတတ်သည့် လူမျိုးများဖြစ်သည်။ မိမိတို့အိမ်သို့ ဧည့်လာလျှင် ကွမ်း၊ ဆေး၊ လက်ဖက်၊ အချိုအချဉ် အစုံအလင်နှင့် ဧည့်ခံလေ့ရှိသလိုပင် မိမိကအခြားတစ်ပါးသို့ ခရီးသွားလျှင်လည်း ကောင်းနိုးရာရာ လက်ဆောင်ပစ္စည်းများအား ယူဆောင်သွားလေ့ရှိသည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ကမ်းလှမ်းသည့် လက်ဆောင်များတွင် တန်ဖိုးကြီးမားမှုရှိသလို နိုင်ငံနှင့်လူမျိုး၏ဂုဏ်ရည်ကို ပြသနိုင်သည့် လက်ဆောင်များပေးလေ့ရှိသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဘီလာရုဇ်နိုင်ငံတွင် ကျင်းပခဲ့သော ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ သွားရောက်သည့် ခရီးစဉ်တွင် ထိုကဲ့သို့ သဘောဆောင်သည့် လက်ဆောင်များကို အပြန်အလှန် လဲလှယ်ပေးအပ်ခဲ့သည်ကို တွေ့ရှိရသည်။ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရည်ကိုပြသနိုင်ပြီး မြန်မာလူမျိုးတို့၏ ဧည့်ဝတ် ကျေပွန်ခြင်း ယဉ်ကျေးမှုအစဉ်အလာအား စောင့်ထိန်းခဲ့သည်ကို တွေ့ရပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပေးခဲ့သော လက်ဆောင်များတွင် ထူးခြားသည့် လက်ဆောင်များမှာ မြန်မာ့ယွန်းထည်များပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ယွန်းထည်ပြုလုပ်သည့် နိုင်ငံများစွာ ရှိနေသော်လည်း မြန်မာ့ယွန်းထည်များ သည် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ဟန် အပြည့်အဝအသုံးပြုထားသော ထူးခြားသည့် ယွန်းထည်များဖြစ်သည်။ ယွန်းလုပ်ငန်းနှင့်ပတ်သက်ပါက မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် အစုံလင်ဆုံးနှင့် အထွန်းကားဆုံးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုပုံစံအား သမိုင်းပညာရှင်များ သုံးသပ်ကြသည်မှာ “Adept and Adopt” ဖြစ်သည်ဟု ဆိုကြသည်။ မိမိ၏ ကိုယ်ပိုင်ယဉ်ကျေးမှု အတွင်းသို့ အခြားယဉ်ကျေးမှု ဝင်ရောက်လာပါက တိုက်ရိုက်ကူးယူခြင်းထက် မြန်မာတို့နှင့် ကိုက်ညီမည့်ပုံစံသို့ ပြောင်းလဲကာ မိမိတို့၏ ကိုယ်ပိုင်ပုံစံအသစ်ဖြင့် ရောနှောစေပြီးမှ မွေးစားသည့်သဘောရှိခြင်းကြောင့် ထိုသို့ သတ်မှတ်ခြင်းဖြစ်သည်။ မြန်မာပညာရှင်များသည်လည်း ရှေးယခင်ကတည်းကပင် “အရိုးအားအရွက်မဖုံးရာ” ဟူသော ဆိုရိုးစကားဖြင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအား အခြားယဉ်ကျေးမှုမှ ဖုံးလွှမ်းခြင်းမပြုစေရန် သတိပေးစကားထားရှိခဲ့ကြပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် သက်ဆိုင်သည့် အခမ်းအနားများတွင် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ရှင်သန်ထွန်းကားနေအောင် စွမ်းဆောင် ပေးကြရန်၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System)များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် လွန်စွာအရေးပါ သည့် အခြေခံအကြောင်းတရားများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက် လာနေမှုများကို အမျိုးသားရေးအမြင် ဖြင့်ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိ သည်ကို သတိထားကြရမည်ဖြစ်ကြောင်း၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း အမျိုးသားရေး ကိုယ်ခံ စွမ်းအားများ မြင့်မားလာအောင်နှင့် မိမိ တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအား တိုင်းတစ်ပါးယဉ်ကျေးမှုများမှ ဖုံးလွှမ်းမခံရအောင် တစ်နည်းဆိုရသော်အရိုးပေါ် အရွက်မဖုံးရန် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားထားသည်မှာလည်းအစဉ်သတိပြု လိုက်နာဖွယ်ဖြစ်သည်။
မြန်မာ့ယွန်းထည်သမိုင်း
မြန်မာ့ယွန်းထည် သမိုင်းအားဆန်းစစ်သုံးသပ်ရာတွင် မြန်မာ့ယွန်းထည်ပညာဖြစ်သော ပန်းယွန်းသည် အခြားနိုင်ငံများနှင့် ခေတ်ပြိုင်ပေါ်ထွန်းလာခဲ့ပြီး ရိုးရှင်းလှသောပုံစံမှ အဆင်တန်ဆာများ ခြယ်မှုန်းသည့်ပုံစံစသည်ဖြင့် တည်ရှိခဲ့ပြီး အရှေ့တောင်အာရှကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် အခြားနိုင်ငံများဆီမှ ယွန်းထည်ပုံစံများအား နမူနာယူကာ မြန်မာ့ဟန်ပြောင်းလဲ၍ အမျိုးအမည်များပြား စုံလင်လှသော ယွန်းထည်များ ထုတ်လုပ်နိုင်ခဲ့သည်ဟု ယူဆကြပါသည်။ ထိုယူဆချက်အား “Lacquerware Journeys: The Untold Story of Burmese Lacquer” ISBN (International Standard Book Numbers) 9786167339238 စာအုပ်တွင် မြန်မာ့ယွန်းထည်သည် နှစ် ၇,၀၀၀ ကျော်ကြာမြင့်ပြီဖြစ်သည့် တရုတ်ယွန်းပညာဆီမှာ မြစ်ဖျားခံခြင်း မဟုတ်ဘဲ ထူးခြားသော ကိုယ်ပိုင်ဟန်များဖြင့် တိုးတက်လာပြီး အေဒီ ၁၀ ရာစုတွင် ပြည့်စုံသော မြန်မာ့ယွန်းထည်ပုံစံ ဖြစ်ပေါ်လာခဲ့သည်ဟု သုတေသနပြုလုပ်ချက်များအရ သိရှိရပါသည်။ မြန်မာ့ယွန်းထည်များတွင် ရိုးရှင်းသော သစ်စေးသုတ်အထည်များ၊ ဆေးရောင်များဖြင့် အဆင်တန်ဆာ ခြယ်သသောအထည်များ၊ ရွှေ၊ ငွေ၊ ဖန်မှန် ကျောက်မျက်များဖြင့် အလှဆင်သော အထည်များ၊ ရွှေပိန်းချ ရွှေဇဝါရေး အထည်များ၊ ရုပ်လုံးရုပ်ကြွ အထည်များစသည်ဖြင့် အမျိုးအစားများ စုံလင်စွာတွေ့ရှိရပါသည်။ အောက်ခံ ထည်အဖြစ် အရှေ့တောင်အာရှ ပုံစံကြိမ်နှင့် ဝါးနှီးများအပြင် အရှေ့အာရှပုံစံဖြစ်သော သစ်သားသုံးသည့် ပုံစံလည်းရှိသဖြင့် မြန်မာ့ယွန်းပညာသည် နည်းစနစ်များစွာ ပါဝင်နေသည့် ထူးခြားသောကိုယ်ပိုင်ဟန်ကို ပိုင်ဆိုင်ပါသည်။
မြန်မာ့ယွန်းထည်အမျိုးအစားများ
မြန်မာနိုင်ငံတွင် ယွန်းလုပ်ငန်းအား ပုဂံဒေသတွင် ယွန်းထည်လုပ်ငန်းအား နည်းစနစ်အစုံလင်ဆုံး တွေ့ရှိရပါသည်။ မြန်မာ့ယွန်းထည်များအား ဖော်ပြပါအတိုင်း ပြုလုပ်နည်းပေါ် မူတည်၍ အမည်ပေးကြပါသည်-
ကျောက်ကာထည်။ ရိုးစင်းကာ အဆင်တန်ဆာမပါသော ပုံစံဖြစ်ပြီး မြန်မာ့ယွန်းထည်၏ မူလပုံစံဟု ယူဆရပါသည်။ အောက်ခံအဖြစ် သစ်သားနှင့်နှီးအား အသုံးပြုကာ အပေါ်မှနေ၍ သစ်စေးထူထဲစွာ အထပ်ထပ်လိမ်းကြံသည့် နည်းစနစ်ဖြင့် ပြုလုပ်ပါသည်။ ကျောက်ကာထည်များအား စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ကာမြို့နယ်၌ ပြုလုပ်ပါသည်။ ယနေ့အချိန်တွင် ကျောက်ကာထည်တွင် ယွန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မရှိသလောက် နည်းပါးနေပြီ ဖြစ်ပါသည်။
ယွန်းထည်ရိုးရိုး။ ဆေးသွင်းယွန်းထည်ဟုလည်း ခေါ်ဆိုသော ယွန်းထည်အား ပုဂံမြို့၌ အဓိက ထုတ်လုပ်ပါသည်။ သစ်စေးသုတ်လိမ်း၍ အခြောက်ခံထား သော ယွန်းထည်ပေါ်တွင် ကညစ် အသုံးပြုကာ လှပသောပုံစံများရေးဆွဲပြီး ဆေးရောင်များ ထည့်သွင်းကာ ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ယွန်းထည်များအား လုပ်ဆောင်မှုတစ်ခုပြီးစီးတိုင်း မြေတိုက်ဟူသည့် အေးမြခြောက်သွေ့သော နေရာတွင် ပြန်လည်သိုလှောင် အခြောက်ခံပြီးမှ လုပ်ဆောင်ခြင်းဖြစ်ရာ အနုစိတ်၍ ဂရုတစိုက် လုပ်ဆောင်ရသောနည်းပင်ဖြစ်ပါသည်။ လုပ်ဆောင်ရသည့် အဆင့်များမှာ အောက်ခံထည်အပြီး သစ်စေးအကြမ်းသုတ်လိမ်းခြင်း၊ အပေါ်ယံသစ်စေးလွှာ သုတ်လိမ်းခြင်း၊ ပုံဖော်ခြင်း၊ ဆေးရောင်သွင်းခြင်း၊ အချောသတ်ခြင်းတို့ပင် ဖြစ်ပါသည်။ ဤနည်းစနစ်တွင် မြန်မာ့ယွန်းထည်များသည် အခြားနိုင်ငံများမှ ယွန်းထည်နည်းစနစ်များနှင့် မတူညီသည့် ပုံစံအား တွေ့ရှိရသည်။ အောက်ခံထည် ပြုလုပ်ရာတွင် ဝါးနှီးအပြင် မြင်းလည်ဆံမွေးအား ထည့်သွင်းကာ ပြုလုပ်ထားသဖြင့် ဖိလျှင်မပိ၊ ချိုးလျှင်မကျိုး၊ သွင်းသည့် ယွန်းသား ကျေပျက်ခြင်းမရှိဟူသည့် မြန်မာ့နည်း ဟန်အား တွေ့ရှိနိုင်ပါသည်။
ရွှေယွန်းထည်။ ဆေးရောင်နေရာတွင် ရွှေမျက်ပါးများအား ဓားငယ်ဖြင့် ကျွမ်းကျင်စွာ ပုံဖော်ကာ သစ်စေးပေါ်တွင် ကပ်၍ပြုလုပ်ထားသော ယွန်းထည်များ ဖြစ်သည်။ ရွှေယွန်းထည်များအား ပုဂံ တွင် အဓိကလုပ်ဆောင်ကာ နိုင်ငံတကာ ဈေးကွက်သို့ပင် တင်ပို့ရောင်းချလျက်ရှိသော ယွန်းထည်အမျိုးအစားများ ဖြစ်ပါသည်။
သရိုးထည်။ ရုပ်လုံးရုပ်ကြွပြုလုပ်ထားသော ယွန်းထည်များဖြစ်ကာ သစ်စေးအား အရိုးပြာမှုန့်၊ စပါးခွံနှင့် သစ်လွှစာ မှုန့် တစ်ခါတစ်ရံတွင် နွားချေးဖြင့် သမအောင် ရောစပ်ကာ ရရှိလာသော သရိုးအား ရုပ်လုံးရုပ်ကြွအဖြစ် ပြုလုပ်၍ ထိုရုပ်လုံးရုပ်ကြွများအား ဆေး၊ ရွှေမျက်ပါး စသည်တို့ဖြင့် တန်ဆာဆင်၍ ပြုလုပ်သော နည်းစနစ် ဖြစ်ပါသည်။
မှန်စီရွှေချယွန်းထည်။ ဆေးသွင်း၊ ရွှေသွင်းယွန်းထည်များနှင့် လုပ်ဆောင်ပုံ မတူညီဘဲ ထူထပ်စွာသုတ်လိမ်းထားသော သစ်စေးအတွင်းတွင် ဖန်(မှန်)၊ ကြွေ၊ ကျောက်သလင်း၊ ခရုခွံ၊ ပုလဲ၊ ဘော် ကြယ်၊ ရွှေဆိုင်းတို့ဖြင့် မြှုပ်နှံထည့်သွင်း ကာ လှပစွာ စီရင်ထားသော ယွန်းထည် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်တွင် ရာထူးဌာန အဆောင်အယောင်ကို ပြသသည့် မင်းခမ်းမင်းနားပစ္စည်းများအဖြစ် အသုံးပြုခဲ့ကြပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမားကာ ပြုလုပ်ရန်အချိန်များစွာ လိုအပ်သဖြင့် မြန်မာ့ယွန်းထည်များထဲတွင် တန်ဖိုးအကြီးမားဆုံး ယွန်းထည်လည်း ဖြစ်ပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ လက်ဆောင်ပေးခဲ့သော မြန်မာ့ယွန်းထည်များ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ခရီးစဉ် အတွင်းတွင် အခြားနိုင်ငံမှ ခေါင်းဆောင်များအား မြန်မာမှုလက်မှုလက်ရာထဲတွင် အကောင်းဆုံးဟု ဖော်ပြနိုင်မည့် ယွန်းထည်များအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်ကို တွေ့မြင်ရပါသည်။ အိမ်ရှင် ဖြစ်သည့် ဘီလာရုဇ်သမ္မတကြီးအား ပေးအပ်သည့် ဝေသန္တရာဇာတ်တော်ရုပ်စုံ ယွန်းဆွမ်းအုပ်သည် မြန်မာလူမျိုးတို့၏ အနုပညာလက်ရာတင်မက ဗုဒ္ဓဘာသာအပေါ် ယုံကြည်ကိုင်းရှိုင်းမှုအား ဖော်ပြသည့် လက်ဆောင်ပစ္စည်းဖြစ်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီးအား ပေးအပ်ခဲ့သည့် ကုန်းဘောင်ခေတ် လူနေမှုဘဝရုပ်စုံ ဆွမ်းအုပ်ဆိုပါက မြန်မာတို့သည် ယဉ်ကျေးသော လူမျိုး ဖြစ်ရုံမက ကြီးကျယ်ခမ်းနားသည့် သမိုင်းကို ပိုင်ဆိုင်သည်ဟူသော အဓိပ္ပာယ် အား ဖော်ဆောင်နိုင်သည့် လက်ဆောင်ပစ္စည်း ဖြစ်ပါသည်။
ကာဇက်စတန်နိုင်ငံ သမ္မတအားပေးအပ်ခဲ့သည့် ဆင်ရုပ်စုံဆွမ်းအုပ်ဆိုပါက မြန်မာ့ယွန်းပညာ၏ အနုစိတ်ကျန သော လက်ရာအား ဖော်ပြနိုင်သည့် လက်ဆောင်ပင် ဖြစ်ပါသည်။
ကျူးဘားနိုင်ငံသမ္မတအား ပေးအပ်ခဲ့သော ဆယ့်နှစ်လရာသီရုပ်စုံ ဆွမ်းအုပ်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဆယ်နှစ်ရာသီပွဲတော်များအကြောင်း ဖော်ပြထားသည့် လက်ဆောင်ကောင်း ဖြစ်ပါသည်။
ဘူရားတီးနား ပြည်နယ်အကြီးအကဲထံ ပေးအပ်ခဲ့သော ဂြိုဟ်ကြီးရှစ်ခွင် ယွန်းဆွမ်းအုပ်သည် မြန်မာလူမျိုးတို့၏ ယုံကြည်မှုနှင့်အစဉ်အလာများထဲမှ တစ်ခုဖြစ်သော ဇာတာတွက်ချက်သည့် နည်းလမ်းအား ယနေ့အထိ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်ကို ပြသနိုင်သည့် လက်ဆောင်ဖြစ်ပါသည်။
အဆိုပါ ယွန်းထည်လက်ဆောင်များသည် ငွေကြေးတန်ဖိုးထက်ပင် ယဉ်ကျေးမှုအစဉ်အလာနှင့် အနုပညာတန်ဖိုး ပိုမိုကြီးမားသည့် လက်ဆောင်များဖြစ်သဖြင့် နိုင်ငံတကာခေါင်းဆောင်များ နှစ်ခြိုက်စွာ လက်ခံခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်ရာများပင် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတကာခေါင်း ဆောင်များကိုသာမက အာရှ-ဥရောပ စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော တာဝန်ရှိသူများ၊ မိတ်ဆွေများအတွက်လည်း မြန်မာ့ရိုးရာ ယွန်းပညာနှင့် လှပစွာတန်ဆာဆင်ထားသော ကလပ်များ၊ လက်ဖက်အုပ်များ၊ ယွန်းပန်းချီများအား ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌပေးခဲ့သော လက်ဆောင်များတွင် ရှေးရိုးအစဉ်အလာ ယွန်းထည်များအပြင် ခေတ်နှင့်လျော်ညီစွာ ဆန်းသစ်တီထွင်ထားသည့် ယွန်းထည်သေတ္တာများနှင့် လက်ဖက်အုပ်များ ပါဝင်သည်ကို တွေ့ရှိရပါသည်။ မြန်မာ့ယွန်းထည်များသည် ၂၀၁၀ ပြည့်နှစ်ကတည်းကပင် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကာ အခြားနိုင်ငံများမှ ယွန်းထည်များနှင့်မတူ ခြားနားစွာလှပသည့် အနုပညာပစ္စည်းများဖြစ်သည်။ ဥရောပဈေးကွက်တွင် တန်းဝင်သည့် တန်ဖိုးကြီးလက်မှုပစ္စည်းများအဖြစ် နာမည်ကျော်ကြားပါသည်။
မြန်မာ့ယွန်းထည်များတွင် များသောအားဖြင့် နီညိုရောင်၊ ရွှေရောင်၊ အစိမ်း၊ အဝါကဲ့သို့သော အရောင်များအား အဓိကအသုံးပြုကာ လုပ်ဆောင်ပြီး ကနုတ်ပန်းခက်များ၊ ပန်းချီပုံများဖြင့် တန်ဆာဆင်ကြလေ့ရှိပါသည်။ ယနေ့ခေတ်တွင် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာသဖြင့် ဝယ်သူများအနေဖြင့်လည်း မိမိတို့၏ စိတ်ကြိုက်ပုံစံအား ရွေးချယ်ဝယ်ယူနိုင်လေရာ ထုတ်လုပ်သူများအနေဖြင့် ဝယ်ယူသူ၏ အကြိုက်ပေါ်မူတည်ကာ ထုတ်လုပ်မှုပုံစံများ ပြောင်းလဲထုတ်လုပ်ရန် လိုအပ်ပါသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လက်ဆောင်အဖြစ်ပေးခဲ့သော ယွန်းထည်များတွင် ဥရောပသားများနှစ်သက်သည့် ဒီဇိုင်းပုံစံများအပြင် ရိုးရှင်းလှပသော ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှုလက်ရာများကို တွေ့ရှိခဲ့ရသည်ဖြစ်ရာ မြန်မာ့ယွန်းထည်လုပ်ငန်းနှင့် ရှေးရိုးအစဉ်အလာ အနုပညာလက်ရာများ၏ အဆင့်အတန်းမြင့်မားပုံကို နိုင်ငံတကာသို့ ပြသနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
MOI