အမျိုးသားယဉ်ကျေးမှု ယွန်းအနုပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်

Posted_Date

Image

အမျိုးသားယဉ်ကျေးမှု ယွန်းအနုပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်

Body

(ယမန်နေ့မှအဆက်)

ပြည်ထောင်စုစိတ်ဓာတ်အား ဖော်ပြနေသော မြန်မာ့ယွန်းထည်

မြန်မာ့ယွန်းထည်လက်မှုပညာခေါ် ပန်းယွန်းသည် လက်မှုပညာချည်းသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လူမျိုးများ၏ ပေါင်းစည်းခြင်းအား ဖော်ပြနေခြင်းဖြစ်သည်။ ယွန်းထည်လုပ်ငန်းအတွက် လိုအပ်သော ဝါးများကို ဧရာဝတီမြစ်ညာ ဒေသများမှထုတ်လုပ်ရပြီး ယွန်းထည်တွင် သုတ်လိမ်းရမည့် သစ်စေးသည် ရှမ်းကုန်းမြင့်ဒေသတွင်သာ အများဆုံးထွက်ရှိပါသည်။ ထို့အတူ ယွန်းထည်ဆေးခြယ်ရန်နှင့် တန်ဆာဆင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများသည် ယွန်းထည်ထုတ်လုပ် ရေးလုပ်ငန်းများရှိရာ ပုဂံမြို့တွင် ထွက်ရှိခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံဒေသအသီးသီးမှထွက်ရှိကာ ပုဂံသို့ပို့ဆောင်ပြီးမှ ယွန်းထည်များထုတ်လုပ်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပုဂံမြို့ရှိ ယွန်းကောလိပ်သို့ ယွန်းအတတ်ပညာဖလှယ်ရန်လာသော ဂျပန်၊ တရုတ်မှ ယွန်းပညာရှင်များက မြန်မာ့ယွန်းထည်တစ်ခုသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည်ဟု မှတ်ချက်ချသွားကြောင်း သိရှိရပါသည်။

အခြားနိုင်ငံများတွင် ယွန်းထည်ပြုလုပ်ပါက ထိုဒေသမှ ကုန်ကြမ်းပစ္စည်းများကိုသာသုံးကာ အမည်မစုံလင်သော်လည်း မြန်မာ့ယွန်းထည်တွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ၏ အမျိုးအစားစုံလင်မှုကို နိုင်ငံတကာမှယွန်းပညာရှင်များ အံ့ဩနေခြင်းပင်ဖြစ်ပါသည်။ တစ်နည်းဆိုရသော် မြန်မာ့ယွန်းထည်တစ်ခုသည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ကုန်ကြမ်းပစ္စည်းများ၊ အနုပညာဖန်တီးမှုများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပြည်ထောင်စုစိတ်ဓာတ်၏ ပြယုဂ်တစ်ခုဟုဆိုသော် မှားမည်မဟုတ်ပေ။

မြန်မာ့ယွန်းထည်လုပ်ငန်း၏ လက်ရှိအခြေအနေနှင့် ပညာရှင်များရှားပါးလာမှု

မြန်မာ့ပန်းယွန်းလက်မှုအနုပညာအတတ်ကို ရှေးအခါက မြန်မာပြည်အနှံ့ ပုဂံ၊ စလေ၊ တောင်သာ၊ မြင်းခြံ၊ ကျောက်ကာရွာ (မုံရွာမြို့)၊ တန့်ဆည်၊ ဝက်သဲ၊ မောင်းထောင်၊ ရေဦး၊ အင်းလေး၊ လဲချား၊ ကျိုင်းတုံစသည့်ဒေသများတွင် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြသည်။ မောင်းထောင်ယွန်း၊ ကျောက်ကာယွန်း၊ လဲချားယွန်း၊ ပုဂံယွန်းဟူ၍ ဒေသအမည်နှင့် ယွန်းပစ္စည်းကို တစ်ပါတည်း ခေါ်ဝေါ်သမုတ်လျက် ထင်ရှားကျော်ကြားခဲ့သည်။ ယခုအခါ ပန်းယွန်းလုပ်ငန်းများကို ပုဂံဒေသ၌သာ အဓိကလုပ်ကိုင်နေကြပြီး ကျန်ဒေသများတွင် လုပ်ကိုင်မှုနည်းပါးလာပြီဖြစ်သည်။

“ယွန်းလုပ်ငန်းတွေကတော့ ကိုဗစ်ကာလလောက်ကစပြီး ရပ်ထားတာအခုအချိန်အထိပဲ။ အလုပ်ရုံကြီးတွေလည်းရပ်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေလည်းရပ်။ ယွန်းဈေးကွက်က ဧည့်သည်ကို မှီခိုပြီး လုပ်ရတာဆိုတော့ ဧည့်သည်မလာရင်ထိတာပဲ”

“ရှေးတုန်းကတော့ အိမ်တွေမှာ ယွန်းကွမ်းအစ်၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေခွက်တို့ကို အသုံးပြုကြတော့ အရောင်းအဝယ်ကောင်းတာပေါ့။ ၁၉၆၀ ပြည့်နှစ် ကျော်လောက်အထိ မြင်းကပါသားတွေ ၁၂ ပွဲ လှည့်ပြီး ရောင်းတာရှိခဲ့တယ်။ အခုတော့ ထိုင်ရောင်း၊ အမှာရှိရင်ပို့ပဲ၊ ၁၂ ပွဲ မလှည့်နိုင်တော့ဘူး”

“ပုဂံယွန်း အသက်ဆက်နေတာ နိုင်ငံခြားဧည့်သည်တွေကြောင့်လည်းပါတယ်။ ပြည်တွင်း ဘုရားဖူးတွေကတော့ ပုဂံရောက်တုန်း အမှတ်တရအဖြစ်သာ ဝယ်တာများတော့ တန်ဖိုးကြီး၊ အနုစိတ်တဲ့ အထည်တွေမရောင်းရဘူး။ ဟိုတယ်တွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ အလှဆင်ဖို့အတွက် ဝယ်တာတွေရှိတယ်။ ဒါကလည်း နည်းပါတယ်” ဟု ပုဂံဒေသရှိ ယွန်းလုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

“ဒီကနေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ယွန်းလုပ်ငန်းတွေမှာ အမွေဆက်ခံမယ့် သားသမီးရှားပါးလာခြင်းပါပဲ။ မြင်းကပါက ယွန်းလုပ်ငန်းတွေ မိရိုးဖလာပညာကို အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တာ။ သင်တန်းတွေ ဘာတွေနဲ့သင်တာမဟုတ်ဘူး။ လုပ်ငန်းခွင်မှာ လုပ်ရင်းသင်ယူရတာပဲ။ မိဘက သင်ပေးတာရှိသလို ဆရာတွေဆီမှာသင်ပေးပါ၊ ခိုင်းပါဆိုပြီး အပ်တာလည်းရှိတယ်။ နွေကျောင်းပိတ်ရက်ဆိုရင် မိန်းကလေးရော ယောက်ျားလေးပါ ယွန်းပညာသင်ရတာထုံးစံပဲ။ အခုနောက်ပိုင်းမှာတော့ ကလေးတွေက ယွန်းသင်တာထက် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာလုပ်တာ၊ ခရီးသွားလုပ်ငန်းမှာ ဝင်လုပ်တာကို ပိုပြီးစိတ်ဝင်စားတယ်။ ဝင်ငွေလည်းကောင်းတယ်၊ ယွန်းလုပ်ငန်းလိုလည်း ပညာသင်ရတာ လက်မဝင်ဘူး။ ဒါကြောင့် ယွန်းပညာသင်တဲ့ လူငယ်တွေ မရှိသလောက်ဖြစ်လာပြီ။ အခုဆေးသွင်း၊ ပုံဆွဲလုပ်နေတဲ့သူတွေက အသက်သုံးဆယ်တန်းတွေ၊ သူတို့နောက်မှာ အမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒီအတိုင်း ဆက်သွားရင် ယွန်းပညာမျိုးဆက်ပြတ်တော့မယ်”ဟု လုပ်ငန်းရှင် တစ်ဦး၏ ညည်းတွားပြောဆိုမှုကို ကြားသိခဲ့ရပါ သည်။

မြန်မာ့ယွန်းပညာနှင့် ယွန်းပညာကောလိပ်

ကိုလိုနီခေတ်ကတည်းကပင် မြန်မာပညာရှိ ကြီးများသည် မြန်မာတို့၏လက်မှုပညာ ဆယ်ခုထဲတွင် ပန်းယွန်းဟူသော ယွန်းအတတ်ပညာသည် ပထမဆုံးပျောက်ကွယ်နိုင်မည်ကို ကြိုတင်ခန့်မှန်းမိကြသဖြင့် ထိုအချိန်တွင် အစိုးရဖြစ်နေသည့် ဗြိတိသျှတို့အား ပုဂံမြို့တွင် ယွန်းပညာအတတ်သင် ကျောင်းတစ်ခုတည်ထောင်ပေးရန် တောင်းဆိုခဲ့ကြလေသည်။ အစိုးရကခွင့်ပြုပေးလိုက်သဖြင့် ပုဂံဝန်ထောက်မင်း ဦးတင်သည် ပုဂံမြို့တွင် မြို့ခံများ၊ ယွန်းပညာရှင်များနှင့်ပူးပေါင်းကာ ကိုယ်ထူကိုယ်ထအနေဖြင့် ယွန်းပညာအတတ်သင်ကျောင်းကို ၁၉၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ နောင်အခါတွင် ထိုကျောင်းအား အစိုးရအဆက်ဆက်မှ ထောက်ပံ့ပေးခဲ့ကာ ၁၉၉၄ ခုနှစ်တွင် ယွန်းပညာသင်ကျောင်းမှ ယွန်းသိပ္ပံ၊ ၂၀၀၃ ခုနှစ်တွင် ယွန်းသိပ္ပံမှ ယွန်းပညာကောလိပ်အဆင့်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အစိုးရအဆက်ဆက်က ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းယွန်းအတတ်ပညာ မပျောက်ပျက်ရေးအတွက် အထောက်အပံ့ပေးနေသော်လည်း ယခုအချိန်တွင် မြန်မာ့ယွန်းပညာ တတ်မြောက်သူ အရေအတွက်သည် တစ်စစနှင့် နည်းပါးနေပြီဖြစ်ပါသည်။

ယွန်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ဖွင့်လှစ်လျက်ရှိသော သင်တန်းများမှာ ရွှေဇဝါယွန်းနည်းပညာသင်တန်း၊ အနက်ထည်ယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းနည်းပညာသင်တန်း၊ သရိုးပန်းကြွယွန်းနည်းပညာသင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ဂျပန်ယွန်းနည်းပညာသင်တန်းနှင့် လူသုံးကုန် ယွန်းထည်ပစ္စည်းထုတ်လုပ်မှုသင်တန်းတို့ ဖြစ်ပါသည်။

ယွန်းပညာကောလိပ်တွင် ၁၉၂၄-၁၉၂၅ ပညာ သင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံယွန်းပညာသင်တန်းသား ၁၀၆၅ ဦး၊ အထက်တန်းယွန်းပညာသင်တန်းသား ၁၄၀၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်းသား ၁၂၄ ဦး၊ ယွန်းအတတ်ပညာဒီပလိုမာ တစ်နှစ်အထူးသင်တန်းသား ၆၁ ဦးနှင့် ယွန်းအတတ်ပညာဒီပလိုမာနှစ်နှစ်သင်တန်းသား (တက္ကသိုလ်ပေါင်းကူး) ၁၁၅၉ ဦး စုစုပေါင်း ၂၅၄၉ ဦးအား ယွန်းပညာရပ်များ သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအား ထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်သည့် ပညာရှင်အရေအတွက်မှာ ရှားပါးနေဆဲပင်ဖြစ်ပါသည်။

မြန်မာ့ယွန်းပညာ၏ တိုးတက်ပြောင်းလဲလာမှု

ယွန်းပညာကောလိပ် (ပုဂံ) သည် ယွန်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၅၃ ခုနှစ် ကတည်းက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ယွန်းထည်ထုတ်လုပ်သည့် ဒေသများမှ ယွန်းပညာရှင်များအား ဂျပန်ယွန်းပညာရပ်များကို လာရောက်ပို့ချခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဂျပန်နိုင်ငံ Asian Lacquer Craft Exchange Research Project နှင့်ပူးပေါင်း၍ နိုင်ငံတကာယွန်းပြပွဲများကျင်းပခြင်းနှင့် နည်းပညာဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယွန်းပညာကောလိပ်နှင့် ဂျပန်နိုင်ငံ Tokyo National Research Institute for Cultural Properties (TNRICP) တို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်းယွန်းထည်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင့်ပူးပေါင်း၍ အီတလီနိုင်ငံမှ ဒီဇိုင်းပညာရှင် Ms. Doniela Bulgarelli က ယွန်းဒီဇိုင်းနှင့် ထုတ်ကုန်ဖွံ့ဖြိုးမှုသင်တန်းကို ယွန်းပညာကောလိပ်မှ ဝန်ထမ်းများနှင့် ပုဂံဒေသမှ ယွန်းလုပ်ငန်းရှင်များအတွက် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ယွန်းပညာကောလိပ် (ပုဂံ) နှင့် အီတလီနိုင်ငံ Accademia of Fine Arts (Turin) အနုပညာတက္ကသိုလ်တို့သည် လက်မှုအနုပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက် နေ့အထိ ဂျပန်နိုင်ငံ တိုကျိုအနုပညာတက္ကသိုလ်နှင့် ပူးပေါင်း၍ နှစ်နိုင်ငံယွန်းအနုပညာဖလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ ယွန်းပညာကောလိပ်မှ ဆရာ ဆရာမများအား နိုင်ငံတကာသို့ ယွန်းပညာရပ်ဆိုင်ရာ ပညာသင်များစေလွှတ်ခြင်း၊ လေ့လာရေးခရီးစေလွှတ်ခြင်းနှင့် နှစ်နိုင်ငံအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ဆောင်ချက်များ၏ အကျိုးဆက်အနေဖြင့် မြန်မာ့ယွန်းအတတ်ပညာသည် ရှေးရိုးစွဲပုံစံအတိုင်း မဟုတ်တော့ဘဲ ခေတ်မီနည်းပညာများ၊ နည်းစနစ်များကိုအသုံးပြုကာ တစ်စတစ်စနှင့် တိုးတက်ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းလှသည့် ကုန်ပစ္စည်းတစ်ခုအနေဖြင့် ထုတ်လုပ်တင်ပို့လာနိုင်ခြင်း ဖြစ်ပါသည်။

အမျိုးသားယဉ်ကျေးမှုလက်မှုအနုပညာနှင့် တန်ဖိုးမြင့်မားမှုအား ထိန်းသိမ်းကြပါစို့

မြန်မာ့ယွန်းပညာသည် သမိုင်းကြောင်း ရှည်လျားလှသော မြန်မာနိုင်ငံနှင့်အတူ ဖြစ်တည်ပေါ်ထွန်းလာသည့် မြန်မာတို့၏ အမျိုးသားလက္ခဏာ တစ်ခုပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံသားများ တန်ဖိုးထားရမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် နိုင်ငံတကာခေါင်းဆောင်များနှင့် ဩဇာတိက္ကမရှိသောလူများအား မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအား ဂုဏ်ယူဝင့်ကြွားစွာ ပြသခဲ့ခြင်းပင်ဖြစ်ပါသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ပုဂံ၊ ညောင်ဦးဒေသ ဖွံ့ဖြိုးရေးခရီးစဉ်တွင် ယွန်းပညာကောလိပ်သို့ ကိုယ်တိုင်ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ကျောင်း၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ပါသည်။

မြန်မာ့ယွန်းအနုပညာရပ် အမွေခံကျောင်းသားများအား နိုင်ငံတော်အစိုးရအဆက်ဆက်က ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ကာ မြန်မာ့ယွန်းပညာ၏ မျိုးဆက်သစ်များအား လက်ဆင့်ကမ်း ပျိုးထောင်လျက်ရှိပါသည်။ ယခင်က တစ်လလျှင် အများဆုံးငွေကျပ် ၃၀၀၀၀ အထိသာ ထောက်ပံ့ပေးခဲ့သော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ယွန်းကောလိပ်သို့ လာရောက်ကြည့်ရှုလေ့လာစဉ် မြန်မာ့ယွန်းပညာ၏ မျိုးဆက်သစ်များဖြစ်သော ကျောင်းသား ကျောင်းသူများအတွက် တစ်နေ့လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် တစ်ဦးလျှင် လစဉ်ငွေကျပ် ၉၀၀၀၀ ကို စားသောက်စရိတ်အဖြစ် ထပ်မံထောက်ပံ့ရန် စီစဉ်ပေးခဲ့သည့်အပြင် ယခင်ကပေးခဲ့သော ပညာသင်ထောက်ပံ့ကြေးများကိုတိုးမြှင့်ရန် စီစဉ်ညွှန်ကြားခဲ့ရာ ၂၀၂၅ ခုနှစ် ဇွန်လမှစတင်ကာ တစ်လလျှင် ကျောင်းသားတစ်ဦးအား ပညာသင်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၁၅၀၀၀၀ အထိ တိုးမြှင့်ထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ ပညာထူးချွန်သော ကျောင်းသားများနှင့် နည်းပြဆရာ ဆရာမများအတွက် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ရှိ အနုပညာတက္ကသိုလ်များတွင် ယွန်းပညာဆက်လက်သင်ကြားနိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်ကာ ပညာတော်သင်များစေလွှတ်ရန်နှင့် ကျောင်းတွင်လည်း ယွန်းထည်ထုတ်လုပ်မှု အတတ်ပညာများကို ဦးစားပေးသင်ကြားနိုင်ရန်အတွက်လည်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ယွန်းကောလိပ်၏ သမိုင်းကြောင်းအား စနစ်တကျလေ့လာပြုစုရန် လမ်းညွှန်မှာကြားခဲ့ရာ ၁၉၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော ယွန်းကောလိပ်၏ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်တွင် ခမ်းနားစွာကျင်းပကာ နိုင်ငံတကာမှ ယွန်းပညာရှင်များကို ဖိတ်ကြား၍ စာတမ်းဖတ်ပွဲများပင် ကျင်းပခဲ့ပါသည်။ ယခုအချိန်အခါ သမယသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သော ပန်းယွန်းအတတ်ပညာရပ်ကို နိုင်ငံတော်အစိုးရပိုင်းက အင်တိုက်အားတိုက် အားပေးမြှင့်တင်ဖြည့်ဆည်းကူညီ ထောက်ပံ့၍လည်းကောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထုတ်ဖော်ပြသ၍လည်းကောင်း နည်းလမ်းအသွယ်သွယ်ဖြင့် ထောက်ပံ့မြှင့်တင်ပေးနေပြီဖြစ်ပါသည်။

အမျိုးသားယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းရာတွင် အစိုးရ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ၏ အင်အားချည်းသက်သက်ဖြင့် ထိန်းသိမ်းနိုင်ရန် ခက်ခဲသည်ဖြစ်ရာ အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ပါသည်။ မြန်မာ့ယွန်းသည် နိုင်ငံတကာတွင် မျက်နှာပန်းလှနေသော ကုန်ပစ္စည်းတစ်ခုဖြစ်သော်လည်း မူရင်းပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသားတို့၏ အမြင်ထဲတွင် တန်ဖိုးရှိလှသည်ဟု မမြင်သေးသည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်နေပါသေးသည်။ ပုဂံသည် မြန်မာတို့၏နှလုံးသားဟုဆိုသော် ပုဂံဒေသမှ ထုတ်လုပ်သည့် မြန်မာ့ယွန်းထည်များသည် နှလုံးသွေးကြောမျှင်များဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ပုဂံကိုချစ်သော မြန်မာတို့သည် ပုဂံမှထွက်ရှိသော မြန်မာ့ယွန်းထည်များကို ပိုမိုတန်ဖိုးထားမြတ်နိုးကာ ပန်းယွန်းကဲ့သို့ တန်ဖိုးမြင့်မားသော လက်မှုအနုပညာမပျောက်ပျက်စေရန် ဝိုင်းဝန်းကူညီထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ထိုတာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကူညီထိန်းသိမ်းရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

MOI