ကိုယ့်ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာတွေ သင်သတိထားမိရဲ့လား

Posted_Date

Image

ကိုယ့်ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာတွေ သင်သတိထားမိရဲ့လား

Body

သင်သိပါသလား။ သင့်ခန္ဓာကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀,၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက် ကြီးက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အစွန်အဖျားတိုင်းအထိ သွေးပို့လွှတ်လည်ပတ်နေတာမို့ သွေးလည်ပတ်မှု မကောင်းရင် သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓာကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟို နည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာ သိသာတာ ဖြစ်ဖြစ်၊ မသိသာတာဖြစ်ဖြစ် သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။

သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ

ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါ ခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။

ခြေဖျားလက်ဖျားအေးတာ

ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ် ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့် ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။

ဖောရောင်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓာကိုယ်အနှံ့ကို သွေးအလုံအလောက် လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓာကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကို ဘေးတဝိုက်က တစ်ရှူးတွေဆီရောက်ရှိစေပါတယ်။

ဖောရောင်ခြင်းလက္ခဏာတွေက –

လေးလံပြီးရောင်ရမ်းတာ၊

အရေပြားတင်းပြီး ပူနေတာ၊

အဆစ်အမြစ်တောင့်တင်းတာ၊

နာကျင်တာ တို့ပါဝင်ပါတယ်။

တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိ တတ်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ

သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရ ခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –

ဦးနှောက်ကိုသွေးအရောက်နည်းတာ၊

ခန္ဓာကိုယ်အနှံ့ကို ပို့ထုတ်ပေးလိုက်တဲ့သွေးပမာဏမလုံလောက်တာ၊

သွေးဖိအားအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ပါဝင်ပါတယ်။

အစာခြေစနစ်ပြဿနာရှိလာတာ

အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့ သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့ သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။ သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေ ပြဿနာတွေက –

ဗိုက်အောင့်တာ၊

ဝမ်းပျက်ဝမ်းလျှောတာ၊

ဝမ်းမှာသွေးပါတာ၊ ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။

မောပန်းနုံးချိနေတာ

သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီး မောပန်းအားကုန်ရပါတယ်။

အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ

ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ် ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။

အသားအရောင်ပြောင်းလဲတာ

ခန္ဓာကိုယ်တစ်ရှူးတွေဆီကို သွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ် ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေ သွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –

နှာခေါင်း၊

နှုတ်ခမ်း၊

နားရွက်၊

ရင်သားထိပ်၊

လက်ဖျား၊

ခြေဖျား တို့ဖြစ်ပါတယ်။

ခြေထောက်အနာလေးတွေဖြစ်တာ

ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

သွေးကြောထုံးတာ

သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကို သွေးပြန် ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –

ခြေထောက်မှာလေးလံနေတာ၊

ခြေထောက်မှာ နာကျင်တာ၊

ယားယံတာ၊

ရောင်ရမ်းတာ၊

အရေပြားမှာသွေးကြောထုံးတဲ့အရာလေးတွေမြင်နေရတာ စတာတွေပါဝင်ပါတယ်။

ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှု ကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစား မလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့လိုပါမယ်။

ကိုးကား- Hello ဆရာဝန်