ကားအဲကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့်အချက်သုံးချက်

Posted_Date

Image

ကားအဲကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့်အချက်သုံးချက်

Body

အဲကွန်း (Aircon)သည် အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးသည့်   တီထွင်ဆန်းသစ်မှုဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော် အဲကွန်းပေါ်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး နောက်ပိုင်း ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစကာကားများတွင်ပါ အဲကွန်းတပ်ဆင်အသုံးပြုလာခဲ့သည်။ ထိုစဉ်က ဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေး ဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကားအကြီး၊ အသေးအမျိုးမျိုးတွင် အဲကွန်းမပါသောကားဟူ၍ မရှိတော့ပေ။

ကားအဲကွန်း၏ကောင်းကျိုးမှာ ပူအိုက်ခြင်း၊ လေလုံ၍အသက်ရှူကျပ်ခြင်းမှ ကာကွယ်နိုင်သည့်အပြင် မိုးတွင်းအခါ မိုးရွာ၍ ကားမှန်အလုံပိတ်မောင်း သောအခါ   အတွင်းမှအပူငွေ့ပြန်ပြီး   မှန်များမှုန်ဝါးကာ  ပြင်ပသို့  ကောင်းစွာမမြင်ရခြင်းကိုပါ  အကာအကွယ်ပေးသည်။ မိုးရွာသောအခါ ပြင်ပအအေး ဓာတ်ကြောင့် လူ၏ကိုယ်မှ အငွေ့များထွက်လာကာ အတွင်းမှန်များ မှုန်ဝါးသွားလျှင် အဲကွန်းမှ စုပ်ယူ ပေးသည့်အပြင် အအေးဓာတ်ကို ထုတ်လွှတ်ပေး သဖြင့် ကားစီးသူများအတွက်  အေးပြီး သက်သောင့်သက်သာဖြစ်စေသည်။

သို့သော် အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန်   ကားအဲကွန်းဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပ အပူရှိန်ကြောင့် မူးဝေကာ  လဲကျသူ၊  သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင်     အပူအအေးတုံ့ပြန်မှုကြောင့်ဦးနှောက်သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိလာသည်အထိ တွေ့ရှိလာရသည်။ ညပိုင်း အဲကွန်းဘတ်စကားကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲ့ခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို မကြာခဏ ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရသည်။

ကားအဲကွန်းဖွင့်စီးသူများ၏   အနေအထားကို လေ့လာကြည့်သောအခါ နေပူထဲမှ ကားထဲဝင်ပြီး နောက် အဲကွန်းဖွင့်စီးသူ၊ကားထဲမဝင်မီကပင် အဲကွန်းကြိုတင်ဖွင့်ထားသောကားအတွင်းသို့ နေပူထဲမှလာပြီး ဝင်ထိုင်လိုက်မိသူ၊ နေအိမ်မှကား အဲကွန်းဖွင့်စီးလာပြီး နေပူပြင်းသော တစ်နေရာ အရောက်တွင်ကားထဲမှ အပြင်သို့ထွက်လိုက်သူစသည်ဖြင့်အခြေအနေမတူ   ကွဲပြားမှုသုံးမျိုးကို တွေ့ရသည်။  ထိုသူများတွင်   အသက်ငယ်ရွယ်သူများမှာ ဘာမျှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀   အတွင်း  သက်လတ်ပိုင်းများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာများ ခံစားရကြောင်း တွေ့ရ သည်။ အသက် ၆၀ ကျော်၊ ၇၀ ခန့်လူကြီးများမှာ ခေါင်မူးရုံသာမက ရုတ်တရက်လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်လာနိုင်သည်။

အပူ၊ အအေး ဝိရောဓိကြောင့် ကားအဲကွန်းဖွင့်စီးသူများ   လိုက်နာစေလိုသည့်   အချက်သုံးချက်ကို တင်ပြလိုပါသည်။

- ကားအဲကွန်းမဖွင့်မီ  စက်နှိုးပြီး ကားမှန်တံခါး များအားလုံးချထားပါ။ ပြင်ပလေဝင်ပြီးနောက်  မှ ကားအဲကွန်းကို အနိမ့်ဆုံးမှစ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင်  အပူ၊   အအေး ရုတ်တရက် အပြောင်းအလဲမဖြစ်စေနိုင်ပါ။

- နေပူချိန် အဲကွန်းသုံးသောကားဖြင့် အပြင်သွား လျှင် ရေသန့်ဘူးယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာ၌ကားရပ်ရပါက အပြင်သို့မထွက်မီ  ရေအဝသောက်ပြီးမှထွက်လျှင် ရုတ်တရက်ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်သည်။

- အဲကွန်းကြိုတင်ဖွင့်ထားသည့်ဘတ်စကားများပေါ်သို့ နေပူထဲမှလာပြီး တက်စီးလျှင်လည်း မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ တချို့လူကြီးများသည် ကားပေါ်တွင်ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားတစ်ခုဖြစ်ပါသည်။ ထို့အတူ ညအိပ်ချိန်တွင် အဲကွန်းဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက်သောက် ပြီးမှအိပ်လျှင် ကိုယ်တွင်း(အစာအိမ်) မှ အပူနှင့် ပြင်ပ အဲကွန်းမှအအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အထက်ပါအချက်များကို  သတိပြုလိုက်နာခြင်းဖြင့်  အဲကွန်းအသုံးပြု၍အပူ၊အအေး ဝိရောဓိလွန်ကဲမှုကြောင့်  လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးနိုင်ပါစေကြောင်း သတိပေးတင်ပြလိုက်ရပါသည်။       ။

သဘာဝမဟုတ်သော အအေးဓာတ်ကြောင့်  လူ့ခန္ဓာကိုယ်တွင် ရောဂါအမျိုးမျိုးရနိုင်

ဩကာသလောကတွင် နေမင်းမှ ထုတ်လွှတ်သော တေဇောဓာတ် လွှမ်းမိုးသည်။  ထိုတေဇောဓာတ်သည်ပင် ပူခြင်း၊ အေးခြင်းကိုပြုသည်။ ပူမှု၊ အေးမှု တေဇောပြုဟု ဆိုသည်။ တေဇောဓာတ်နှစ်ပါးရှိသည်။ ဥဏှတေဇောနှင့် သီတတေဇောတို့ဖြစ်သည်။ ထိုနှစ်မျိုး မပိုမလို ညီမျှနေလျှင် ကမ္ဘာလောကကြီး သာယာနေမည်ဖြစ်သည်။  နေ့တွင်ပူပြီး  ညတွင် အေးသည်မှာ နေ့စဉ် တွေ့ကြုံနေကျဓမ္မတာပင်ဖြစ်သည်။ နေ့ချည်းပဲဖြစ်နေမည်၊ ညချည်းပဲဖြစ်နေမည် ဆိုလျှင် ကမ္ဘာကြီး ပျက်စီးမည်ဖြစ်သည်။

ဥဏှတေဇော၊ သီတတေဇောဟူ၍ တေဇောဓာတ် နှစ်ပါးအကြောင်းကို တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးများတွင် မကြာခဏ ဖတ်ရှုနေရသဖြင့် နားယဉ်ပြီးသားဖြစ်နေမည်ဟု ယူဆပါသည်။ အကျယ်မဟုတ်သော်လည်း အလွယ်အားဖြင့်ရှင်းပြလိုပါသေးသည်။ လူဟူသောသတ္တဝါသည် သတ္တဗေဒရှုထောင့်မှကြည့်လျှင် သွေးနွေးသတ္တဝါဖြစ်သည်။နွေးသည်ဆိုခြင်းမှာ အပူလည်းမဟုတ်၊ အအေးလည်း မဟုတ်၊ အပူ၊ အအေး  နှစ်မျိုးကို  မျှတစွာရောစပ်ထားခြင်းဖြစ်သည်။ လူ၏ခန္ဓာကိုယ်တွင် လည်ပတ်စီးဆင်းနေသော     သွေးတွင်းအနွေးဓာတ်သည် တေဇောဓာတ်ကြောင့်ဖြစ်သည်။   ထိုတေဇောဓာတ်သည် အပူ(ဥဏှတေဇော)ဓာတ်လည်းမဟုတ်၊ အအေး(သီတတေဇော)ဓာတ်လည်းမဟုတ်ပေ။

ထိုနှစ်မျိုးတို့၏   ကြားအနေအထား  မပူလွန်း၊ မအေးလွန်းသော အနွေးဓာတ်ဖြစ်သည်။ အပူဘက် သို့ ယိမ်းသွားလျှင်လည်း ရောဂါဖြစ်နိုင်သည်၊ အအေး ဘက်သို့ ယိမ်းသွားလျှင်လည်း ရောဂါဖြစ်နိုင်သည်ဟု မှတ်ယူရမည်။ လူ၏ခန္ဓာကိုယ်အနေအထားကို ကြည့်ပါ။ ပိန်လွန်းလျှင် အပူဘက်သို့ ယိမ်းသည်။ ဝဖြိုးလွန်းလျှင် အအေးဘက်သို့ ယိမ်းသည်။ ပိန်လျှင်ဥဏှတေဇော အားသန်သည်။ ဝဖြိုးလျှင် သီတတေဇာ အားသန်သည်။    မပိန်လွန်း၊   မဝလွန်းသောအနေ အထားသာလျှင် သင့်တော်ပေသည်။

ရောဂါအနေအထားဖြင့်ပြောရလျှင် မြစ်ခြောက်နာ (တီဘီ)၊ အသည်းခြောက်နာဖြစ်သူများသည် ဥဏှတေဇောဓာတ်လွန်သောကြောင့်ဟု   ဆိုနိုင်သည်။ ထို့အတူ ဆီးချို၊ သွေးချို၊ အသည်းအဆီဖုံး၊ နှလုံး သွေးကြောပိတ်၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများသည် သီတတေဇောဓာတ် လွန်ကဲသောကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

လူ၏ခန္ဓာကိုယ် အသက်ရှင်တည်တံ့ပြီး ကျန်းမာစေရန် သွေးကြောများဖြင့် ထောက်ပံ့ထားသည်။အရိုး၊ အသားတို့ဖြင့် တည်ဆောက်ထားသည်။ ထို့ပြင် အပူဓာတ်၊ အအေးဓာတ်ကို ထိန်းညှိပေးထားသော ကိုယ်တွင်းအပူဓာတ်ရှိသည်။   ထိုအပူကို   'ဥသမ္မာ တေဇော'    ဟုခေါ်သည်။  အနောက်တိုင်းဆေးပညာ အလိုအရဆိုလျှင် 98.4.F သည် လူ၏ ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်သည်။ ထို့ထက်ပို၍ပူလာလျှင် အဖျားရှိပြီး  နေမကောင်းဖြစ်သည်ဟု   သတ်မှတ်သည်။ ထို့ထက်ကျော်လျှင်လည်း  ဆုတ်ယုတ်သောရောဂါတစ်ခုခုဖြစ်နေပြီဟု ဆိုနိုင်သည်။

လူတို့၏သဘာဝမှာ အပူနှင့်အအေးဆိုလျှင် အအေး ကို နှစ်သက်ကြသည်။ အပန်းဖြေလျှင် အေးသော တောင်ပေါ်မြို့များသို့   သွားကြသည်။   သို့မဟုတ် ပင်လယ်ကမ်းခြေများ၊ ရေကူးကန်များသို့ သွားကြသည်။ ဤသည်မှာ သဘာဝအအေးကို ရှာခြင်းဖြစ် သဖြင့် အပြစ်ဟုမဆိုသာပေ။

သဘာဝမဟုတ်သောအအေးများသည် လူတို့၏ တီထွင်ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် ပန်ကာလေနှင့် အဲကွန်း(Aircon)မှထွက်သော အအေးဓာတ်တို့ဖြစ်သည်။  ယင်းတို့မှာ သဘာဝအတိုင်းမဟုတ်သော ဖန်တီးထားသည့်အအေးဓာတ်များဖြစ်သည်။ တစ်နည်းအားဖြင့် အအေးဓာတ်အတုဖြစ်သည်။ ရိုးရာနည်းပညာရှုထောင့်အရပြောရလျှင် သီတတေဇော အရေခြုံထားသည့် ဥဏှတေဇောဖြစ်သည်။ ထိုသီတတေဇောအတုသည် လူတို့၏ခန္ဓာကိုယ်တွင် လွှမ်းခြုံသောအခါ ကိုယ်တွင်းသက်စောင့်အပူဓာတ်နှင့် သဟဇာတမဖြစ်သောကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဆီဓာတ်လွန်ကဲသောရောဂါ၊ သွေးလှည့်အဖွဲ့နှင့်   သွေးကြောများကျဉ်းမြောင်းသောရောဂါ၊ သွေးကြောပိတ်သောရောဂါ၊  လေးဖက်နာရောဂါ၊ ဂေါက်ရောဂါနှင့် နာတာရှည်ခံစားရသည့် လေဖြတ်ရောဂါများဖြစ်နိုင်သည်။

'ရောဂါဟူသမျှ  အစာမကြေခြင်းက စသည်'ဟု အာယုဗ္ဗေဒဆေးကျမ်းများက ဆိုသည်မှာ စားလိုက် သည့်အစာ ကိုယ်တွင်းရောက်မှ၊ အစာအိမ်အတွင်း ရောက်မှ ဖြစ်သောပြဿနာဖြစ်သည်။ တစ်ကိုယ်လုံး တွင်ဖြစ်သော ရောဂါအမျိုးမျိုး 'ရောဂါဟူသမျှ အအေး ကြိုက်ခြင်းက   စသည်'ဟု  ဆိုလျှင်  လွန်ကဲရာ ရောက်သဖြင့်   မဆိုချင်ပါ။   သို့သော်    မပြေးသော် ကန်ရာရှိဆိုသကဲ့သို့ အအေးကြိုက်သူများမှာ ရောဂါအမျိုးမျိုး ကျရောက်နေသည်ကို တွေ့နေရသည်။ အထူးသဖြင့်   ဆီးချို၊ သွေးချိုရောဂါနှင့် လေဖြတ်ရောဂါသည် အတော်များများကို တွေ့ရှိနေရသဖြင့်ဆင်ခြင်အပ်သော အကြောင်းအရာဖြစ်သည်။

အထူးသဖြင့်   အဲကွန်းနှင့်အအေးခံပြီး   ရေခဲ သေတ္တာထဲမှ  ရေခဲရေကို နေ့စဉ် သောက်နေသူများ၊   ရေခဲသေတ္တာတွင်   ကြာရှည်စွာ   သိုလှောင် သိမ်းဆည်းထားသော အစားအစာများကို နေ့စဉ် စားသောက်နေသူများ၊   ရေခဲရိုက်ပြီး   တာရှည်ခံအောင်  အေးခဲထားသောအသားများကို  ချက်ပြုတ်စားသောက်နေသူများသည် လူ့သက်တမ်းစေ့မနေ ကြရဘဲ အသက်တိုသည်ဆိုသည့်အချက်ကို အမှုမဲ့ အမှတ်မဲ့မနေဘဲ သတိတစ်ချက်ပြုမိစေလိုကြောင်း တင်ပြလိုက်ရပါသည်။      ။

Source: https://myawady.net.mm/stories