ဘဝ ပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု

Posted_Date

Image

ဘဝ ပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု

Body

ဘဝတစ်ခုဖြစ်တည်လာပြီဆိုရင်    အသက်ရှင်ရပ်တည်မှသာ ဘဝဆိုတာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။  အသက်ဆိုတာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို အချိန်နဲ့တိုင်းတာတဲ့မျဉ်းကြောင်းတစ်ခုလိုပါပဲ။ မွေးဖွားလာတဲ့အချိန်ကစလို့ နေ့ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်းတိုးလာရင်း ကျွန်တော်တို့ရဲ့အသက်အရွယ်ကို သတ်မှတ်ပေးပါတယ်။ ဘဝဆိုတာ မွေးခြင်းနဲ့သေခြင်း ကြားကာလကိုဆိုလိုတာပါ။ အသက်မရှိရင် ဘဝမရှိပါဘူး၊  အသက်ရှိမှသာ ဘဝဆိုတာရှိတာပါ။ ဘဝမှာ အရေးကြီးဆုံးက    ရှင်သန်နိုင်ဖို့ပါ။  ရှင်သန်ဖို့အရေးကြီးဆုံးကကျန်းမာရေးဖြစ်ပြီး ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့အရေးကြီးဆုံးက ပညာပဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ သတိထားစောင့်ကြည့်မယ်ဆိုရင်မိသားစုတစ်ခုမှာ ကျန်းမာရေးနဲ့ပညာရေးကို မြှင့်တင်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းဟာ ၎င်းမိသားစုဘဝတွေ တိုးတက်မြင့်မားလာကြတာကို   တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ထို့နည်းတူပဲ သက်ရှိသယံဇာတများဖြစ်တဲ့ နိုင်ငံသားများရဲ့ကျန်းမာရေး၊ ပညာရေးမြှင့်တင်ပေးနိုင်တဲ့နိုင်ငံတွေမှာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။

အသက်ဘဝ

ဘဝဆိုတာလူတိုင်းအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့ ခရီးတစ်ခုပါ။ အသက်ရှင်နေထိုင်တယ်ဆိုတာ မွေးဖွားလာချိန်ကနေ သေဆုံးချိန်အထိ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ  စုစည်းမှုလို့ဆိုနိုင်ပါတယ်။ တချို့ကတော့ အသက်ကြီးတဲ့အထိ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေနေရတုန်းပါပဲ။ ဒါကြောင့် အသက်နဲ့ဘဝဟာ တစ်ခါတလေ အချင်းချင်းလွဲချော်နေတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ပညာတိုးလာတယ်၊ အတွေ့အကြုံတွေ ပိုရလာတယ်ဆိုပေမယ့် ဘဝရဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုခံစားဖို့အချိန်နည်းလာတတ်ပါတယ်။    ဒါပေမဲ့လည်း အသက်ဘယ်လောက်ပဲရှိနေပါစေ၊ ကိုယ်လုပ်ချင်တာကိုလုပ်ဖို့၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကိုဝေမျှဖို့၊ ဒါမှမဟုတ် ကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ဘယ်တော့မှ နောက်ကျတယ်လို့မရှိပါဘူး။ အသက်ဟာ ကန့်သတ်ချက်တစ်ခုဖြစ်ပေမယ့် ဘဝကိုဘယ်လိုဖြည့်စွမ်းမလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့လက်ထဲ မှာပါ။ ဒီတော့ အသက်ကိုရေတွက်ရင်း  ဘဝကိုမေ့မထားဖို့ အရေးကြီးပါတယ်။  နေ့စဉ်ဘဝမှာအသက်ရှင်နေရတာကို တန်ဖိုးထားပြီး ကိုယ်ရှိတဲ့အချိန်တွေကို အဓိပ္ပာယ်ရှိအောင်ဖြတ်သန်းနိုင်ဖို့ကြိုးစားရမှာပါ။ ထိုသို့ အရည်အသွေးရှိတဲ့ဘဝ တွေပိုင်ဆိုင်နိုင်ဖို့ဆိုရင်    ပညာဟာမရှိမဖြစ်အရေးပါလာပါတယ်။  အသိပညာ အတတ်ပညာဆိုတဲ့ ပညာရှိမှ အသက်ဘယ်လိုရှင်သန်အောင်  နေရမယ်ဆိုတာ သိမယ်။ ဘဝကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို နားလည်မှာဖြစ်ပါတယ်။

ပညာ

ပညာဆိုတာ အကြောင်းအကျိုးကိုသိခြင်းဖြစ်ပြီးတော့ ပညာသင်ခြင်းဆိုတာကတော့ အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းခြင်းပဲဖြစ်ပါတယ်။ ပညာဆိုတာ လူသားတွေရဲ့ဘဝကို အလင်းပေးတဲ့ မီးအိမ်တစ်လုံးလိုပါပဲ။ ပညာဟာစာအုပ်ထဲက စာသားတွေထက် ပိုကျယ်ပြန့်ပြီး ကျောင်းတက်ချိန်နဲ့ ကန့်သတ်မထားတဲ့ တစ်သက်တာသင်ယူမှုတစ်ခုပါ။ ပုဂံခေတ် သိင်္ဃသူ့သမီးကျောက်စာမှာ “ဤကောင်းမှုကိုပြုရခြင်းအကျိုးကြောင့် ငါသည်ပညာမရှိသော မိုက်သောမဖြစ်မူ၍   ပညာရှိသောအကြောင်းကိုသိသောသူဖြစ်လိုပါ၏” ဟုရေးထိုးထားတာကို တွေ့ရှိရပါတယ်။ ရှေးခေတ်ကာလတွေကတည်းက ပညာကိုဘယ်လောက်အလေးထားခဲ့ကြောင်း ထင်ရှားတဲ့အထောက်အထားပဲဖြစ်ပါတယ်။   ပညာဆိုတာထုထည်အလွန်ကြီးမားတယ်။ ပညာဆိုတာ  လူရဲ့အရည်အသွေး လူရဲ့စွမ်းအင်တစ်ခုပဲဖြစ်ပါတယ်။ပညာက လူကိုအကျိုးပြုတဲ့စွမ်းအင်ရှိပါတယ်။ ဘယ်လိုစွမ်းအင်လည်းဆိုရင်    ဖြစ်ချင်တာကိုဖြစ်အောင် မဖြစ်ချင်တာကိုမဖြစ်အောင် ပညာကလူကိုလုပ်ပေးနိုင်ပါတယ်။ ပညာရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တချို့က စာဖတ်တတ် စာရေးတတ် ဘွဲ့တွေရထားတာကို ပညာရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းပညာဆိုတာ ကျောင်းသင်ခန်းစာတွေထဲမှာ ပိတ်လှောင်ထားလို့မရတဲ့အရာပါ။ ဘဝအတွေ့ အကြုံကနေသင်ယူတာ၊ အမှားတွေကနေ ပြန်သင်ခန်းစာယူတာ၊ တခြားသူတွေရဲ့စကားကိုနားထောင်ပြီးဉာဏ်ပညာရယူတာတွေဟာလည်း  ပညာရဲ့တစ်စိတ် တစ်ပိုင်းပါပဲ။   ဒါကြောင့်   လူတစ်ယောက်ရဲ့ပညာအဆင့်ကို စာရွက်ပေါ်ကအမှတ်တွေ၊   ဘွဲ့လက်မှတ်တွေနဲ့ပဲ   အတိုင်းအတာသတ်မှတ်လို့မရပါဘူး။

ပညာရှိခြင်းရဲ့အကျိုးကျေးဇူးက ဘာလဲဆိုတော့ ပထမဆုံး ကိုယ့်ကိုယ်ကိုယ်နားလည်လာစေပါတယ်။ ကိုယ်ဘာလိုချင်လဲ၊ ဘာကိုလုပ်နိုင်လဲ၊ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို သိရှိလာတဲ့အခါ ဘဝရဲ့ရည်ရွယ်ချက်တွေ ပိုမိုရှင်းလင်းလာပါတယ်။ ဒါ့အပြင်ပညာဟာ ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ လူသားတွေဖြစ်လာအောင် ပြောင်းလဲပေးပါတယ်။ သည်းခံတတ်ခြင်း၊ စာနာတတ်ခြင်း၊ တခြားသူတွေရဲ့အမြင်ကို လေးစားတတ်ခြင်းဟာ ပညာရှိသူတွေမှာ တွေ့ရတတ်တဲ့အရည်အချင်းတွေပါ။ အရေးကြီးဆုံးကတော့ ပညာဟာ ကျွန်တော်တို့ကို လွတ်လပ်မှုပေးပါတယ်။ အသိဉာဏ်မရှိရင် ကိုယ်ဟာ အခြားသူတွေရဲ့လှည့်စား မှု၊ ဖိနှိပ်မှုတွေအောက်မှာ ပိတ်မိနေနိုင်ပြီး  ပညာရှိတဲ့အခါ ကိုယ့်ဘဝကို    ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိလာပါ တယ်။ ဒါပေမဲ့ ပညာရှိဖို့ဆိုတာ လွယ်ကူတဲ့လမ်းစဉ်တော့မဟုတ်ပါဘူး။ အချိန်ယူရတယ်၊ ကြိုးစားရတယ်၊ တစ်ခါတလေ  အမှားတွေကနေသင်ယူရတယ်။ဒါပေမဲ့   အဲဒီကြိုးစားမှုဟာ   တန်ဖိုးရှိပါတယ်။ဘာကြောင့် လဲဆိုတော့   ပညာဟာ  ဘယ်တော့မှကုန်ခန်းမသွားတဲ့ ဘဏ္ဍာတိုက်တစ်ခုဖြစ်နေလို့ပါ။ တစ်ခါရလာရင် ဘယ်သူမှ အတင်းအဓမ္မလုယူလို့မရသလို ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့အတူရှိနေမယ့်အရာတစ်ခုပါပဲ။

ဒီတော့ ပညာဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကိုပြန်တွေးကြည့်ရင် ပညာဟာ သင်ယူမှု၊ နားလည်မှု၊ အသုံးချမှုတို့ရဲ့ ပေါင်းစပ်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဗုဒ္ဓဘာသာအရတော့ ပညာဆိုတာသိတယ်၊ သိတဲ့ခဏ၌ပယ်ရမှာကိုပယ်တယ်၊ ရသင့်တာ ဆိုက်သင့်တာတွေကိုရပြီးသား၊  ဆိုက်ရောက်ရမယ့်နေရာကိုတစ်ခါတည်းဆိုက်ရောက်သွားကာ  ဆက်လက်ပွားများရမယ့်အရာတွေကို ပွားများသွားနိုင်တယ်။ သိ၊ပယ်၊ ဆိုက်၊ ပွားဟာ ပညာရဲ့ကိစ္စလေးရပ်ပဲဖြစ်ပါတယ်။ အင်မတန်ရိုးရှင်းပါတယ်။ ဒီနေရာမှာထပ်မံအသိပေးလိုတာက ပညာသင်ယူခြင်း၊ ပညာရှာခြင်းဟာ စာသင်ကျောင်းထဲမှာပဲရှိတာမဟုတ်ဘဲ ဘဝရဲ့အဆုံးမရှိတဲ့ ခရီးတစ်လျှောက်မှာ ဆက်လက်ရှာဖွေရမယ့်အရာတစ်ခုပါ။ ဒါကြောင့် ပညာကိုတန်ဖိုးထားပြီး အမြဲတမ်းသင်ယူဖို့ကြိုးစားနေမယ်ဆိုရင် ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာဖြစ်သလို မိမိပတ်ဝန်းကျင်၊ မိမိရဲ့မိသားစု၊   မိမိရဲ့တိုင်းပြည်အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမှာအမှန်ပါပဲ။

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု

လူသားအရင်းအမြစ် (Human Capital) ဆိုသည်မှာ လူတစ်ဦးချင်းစီတွင်ရှိသော အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ကျန်းမာရေးကောင်းမွန်မှု စတဲ့အရည်အချင်းများကို   စီးပွားရေးတန်ဖိုးအဖြစ်သတ်မှတ်တာကိုဆိုလိုပါတယ်။ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းဟာ တစ်ဦးချင်းဘဝတိုးတက်ရုံသာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျသောအချက်တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအပြိုင်အဆိုင်ဖြစ်နေချိန်တွင် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုသည်အရေးပါမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။ လူသားအရင်းအနှီးကို ဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသောအစိတ်အပိုင်းများမှာ ပညာရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်သင်ကြားမှုများဖြစ်ပါတယ်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ဆန်းသစ်တီထွင်နိုင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီးတော့ ကျန်းမာရေးကောင်းမွန်မှုက လူတစ်ဦးရဲ့အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကိုတိုးတက်စေပြီး လေ့ကျင့်သင်ကြားမှုများကမူ သတ်မှတ်ထားသောကျွမ်းကျင်မှုများကို အားဖြည့်ပေးပါတယ်။ ဤအရင်းအမြစ်များသည် တစ်ဦးချင်းစီ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျပါတယ်။

ထပ်မံ၍တင်ပြရမည်ဆိုရင်  အသက်ဘဝတစ်ခုရလာပြီဆိုပါက ၎င်းကို စောင့်ရှောက်မွေးမြူနိုင်ရန် ပညာသည် မရှိမဖြစ်သောအရာပင်ဖြစ်ပါတယ်။ ပညာတတ်မှ ပညာရှိမှအသက်ရှည်နိုင်မယ်၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မယ်။ တစ်ဆက်တည်းဆိုရပါမူ လူ့အဖွဲ့အစည်းတစ်ခုမှာ ရပ်တည်ဖို့ဆိုပါက လူသားတစ်ယောက်အနေနဲ့ တာဝန်ကိုသိရမယ်၊   တာဝန်ယူဝံ့ရမယ်၊တာဝန်ကို ထမ်းဆောင်နိုင်ရပါမယ်။   ကိုယ်ကျင့်တရားရှိခြင်းသည်   တာဝန်သိခြင်းဖြစ်ပြီးတော့ တာဝန်မဲ့ခြင်းသည် ကိုယ်ကျင့်တရားမဲ့ခြင်းပင်ဖြစ်ပါတယ်။ တာဝန်ယူဝံ့ခြင်းသည် သတ္တိရှိခြင်းမည်ကာ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်ရှိခြင်းပင်ဖြစ်ပါတယ်။ စွမ်းရည်ရှိဖို့ဆိုပါက ပညာတတ်ဖို့လိုပါမယ်။ ပညာမရှိရင် စွမ်းရည်လည်းရှိနိုင်မှာမဟုတ်ပါဘူး။

တစ်ဦးချင်းစီအနေဖြင့်သာမကဘဲ အဖွဲ့အစည်း/တိုင်းပြည်အတွက်ဆိုပါကလည်း လူသားများသည် အဓိကမောင်းနှင်အားဖြစ်တာကြောင့် Human Capital ကို မြှင့်တင်ရန် အစိုးရများနှင့် အဖွဲ့အစည်းများသည် ပညာရေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ရင်းနှီးမြှုပ်နှံကြရပါတယ်။ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်လာမှုဟာ လူတစ်ဦးချင်းအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေတိုးတက်မှုနှင့် ဘဝအရည်အသွေးမြင့်မား လာမှုကို ဖြစ်ပေါ်စေပါတယ်။ လူ့အဖွဲ့အစည်းအဆင့်တွင်မူ စီးပွားရေးတိုးတက်မှု၊  ဆင်းရဲမွဲတေခြင်း လျော့နည်းလာမှုနှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် လူတစ်ဦးချင်း  တစ်ယောက်ချင်းစီအနေနဲ့ မိမိတို့ရဲ့အသက်ဘဝကို ဆင်ခြင်နိုင်ကြကာ အရေးအကြီးဆုံးဖြစ်တဲ့ပညာကို ဖြည့်တင်းခြင်းအားဖြင့် မိမိတို့မိသားစု၊ အဖွဲ့အစည်းများနဲ့ နိုင်ငံတို့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုစွမ်းဆောင်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။      ။

Source: https://myawady.net.mm/stories