ရာသီဥတုပြောင်းလဲမှုနှင့် လူသားများ၏ ကျန်းမာရေးအန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများ

Posted_Date

Image

ရာသီဥတုပြောင်းလဲမှုနှင့် လူသားများ၏ ကျန်းမာရေးအန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများ

Body

မျက်မှောက်ခေတ်တွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် လူတို့၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း ထိခိုက်မှုများရှိနေပါသည်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ    ပြောင်းလဲလာသော ရာသီဥတုအခြေအနေများသည်   လူတို့တွေ့ကြုံနေရသည့်   တစ်ခုတည်းသော  အကြီးမားဆုံးကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုများကို လူတိုင်းရင်ဆိုင်ရသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံများသည် အခက်ခဲဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်။

မကြာသေးမီနှစ်များအတွင်းတွင် ရာသီဥတုသုတေသီများက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာခြင်းသည် ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုများကို ဖြစ်စေကြောင်း တွေ့ရှိခဲ့သည်။

ရာသီဥတုပြောင်းလဲမှုသည် သဘာဝအတိုင်း ဖြစ်ပေါ်နိုင်သော်လည်း မကြာသေးမီနှစ်များအတွင်းက တွေ့ကြုံခဲ့ရသည့် ရာသီဥတုပြောင်းလဲမှု အများစုသည် ကျောက်မီးသွေး၊  ရေနံနှင့်  သဘာဝဓာတ်ငွေ့ကဲ့သို့သော  ရုပ်ကြွင်းလောင်စာများကို  မီးရှို့ခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနေခဲ့ကြသည်။ ရာသီဥတုဖောက်ပြန်မှုများနှင့် လိုက်လျောညီထွေဖြစ်ရန်အတွက်    အဓိကစိန်ခေါ်မှုများ ရှိနေသော်လည်း ရေရှည်တည်တံ့သော ကမ္ဘာမြေကြီးကိုတည်ဆောက်ရန်   အခွင့်အလမ်းများစွာရှိကြောင်း လေ့လာမှုများက တွေ့ရှိခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ

ပြောင်းလဲလာသော ရာသီဥတု အခြေအနေများသည်   လူတို့၏ကျန်းမာရေးကို   တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းများဖြင့် သက်ရောက်မှုရှိနိုင်သည်။ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးများ၊ အပူလှိုင်းများ၊ မိုးခေါင်မှုနှင့် အပူပိုင်းဆိုင်ကလုန်းများ စသည့် သဘာဝဘေးအန္တရာယ်များနှင့် တခြားပြင်းထန်သော ရာသီဥတုဖြစ်ရပ်များသည် ထိခိုက်ဒဏ်ရာရခြင်းနှင့် လူတို့၏ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများကို  ဆိုးရွားစေနိုင်ပြီး  သေဆုံးမှုများ တိုးမြင့်လာနိုင်သည်အထိ ဖြစ်စေနိုင်သည်။

အပူလှိုင်းများနှင့် အပူချိန်များ မြင့်တက်လာခြင်းကြောင့်   ပင်ပန်းနွမ်းနယ်ခြင်း၊    အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။  နှလုံးရောဂါရှိသူများအတွက်လည်း   နှလုံးအမောဖောက်ခြင်းကို ဖြစ်ပွားစေနိုင်သည်။  အပူချိန်မြင့်မားမှုကြောင့် ဝတ်မှုန်များထုတ်လုပ်မှုကို  တိုးမြင့်လာစေနိုင်ပြီး ဓာတ်မတည့်မှုများကိုဖြစ်စေကာ ပန်းနာရင်ကျပ်ရောဂါကို  ပိုဆိုးစေနိုင်သည်။    လေထုညစ်ညမ်းမှု တိုးမြင့်လာခြင်းကြောင့် အရေပြားရောဂါ၊ အဆုတ်ရောဂါနှင့်   တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။  ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် ကပ်ပါးပိုးများသည် မြင့်မားသောအပူချိန်တွင် ပေါက်ပွားရန်ပိုမိုလွယ်ကူပြီး အစာအိမ်ရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထက်လှန်အောက်လျှောရောဂါနှင့် ကလေးများတွင် ပိုလီယိုရောဂါများ ပိုမိုပျံ့နှံ့လာနိုင်သည်။

ရာသီဥတုပြောင်းလဲမှုသည်   သောက်သုံးရေ သန့်ရှင်းမှုအရည်အသွေးကို   နည်းလမ်းများစွာဖြင့် သက်ရောက်မှုရှိသည်။   ဥပမာ-မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်ရေကြီးခြင်းသည်    မိလ္လာများကို လျှံတက်စေနိုင်ပြီး သောက်သုံးရေကိုညစ်ညမ်းစေသည်။   သောက်သုံးရေမသန့်ရှင်းမှုကြောင့်  ရေမှတစ်ဆင့်   ကူးစက်ရောဂါများကို   ဖြစ်ပွားစေနိုင်သည်။ အပူချိန်တိုးလာသည်နှင့်အမျှ ခြင်နှင့်တခြားအင်းဆက်ပိုးမွှားများမှ    ကူးစက်ပျံ့နှံ့သော ရောဂါများဖြစ်သည့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဂျပန်တုပ်ကွေး၊    ဆင်ခြေထောက်ရောဂါနှင့်   အသားဝါရောဂါကဲ့သို့သော ရောဂါများ ပိုမိုပျံ့နှံ့လာသည်။

မကြာသေးမီနှစ်များက ရာသီဥတုနှင့်ဆက်စပ်သောစိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် တခြားစိတ်ကျန်းမာရေး ပြဿနာများ သိသာထင်ရှားစွာ   မြင့်တက်လာခဲ့သည်။ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် နောက်ဆက်တွဲရောဂါနှင့် သေဆုံးမှုကိုဖြစ်စေနိုင်သည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ အများဆုံးရှိသူများ

ရာသီဥတုဖောက်ပြန်ခြင်း၏ ဆိုးကျိုးများကို  လူတိုင်းရင်ဆိုင်ရသော်လည်း မွေးကင်းစကလေးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊  အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊   လူမှုစီးပွားရေးအရ  ချို့တဲ့သောအသိုင်းအဝိုင်းများ၊   မြို့ပြတွင်နေထိုင်သူများ၊   အပြင်တွင်အချိန်ကြာကြာ လုပ်ရသူ အထွေထွေ အလုပ်သမားများ၊  မီးသတ်သမားများ၊   သယ်ယူပို့ဆောင်ရေးလုပ်သားများ၊   စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်သားများသည် ကျန်းမာရေးထိခိုက်မှု အန္တရာယ်များကို တွေ့ကြုံရနိုင်ခြေပိုများသည်။   ထို့ကြောင့်ကျန်းမာရေးထိခိုက်မှု အန္တရာယ်များကို   ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများကို သတိထားရန် အရေးကြီးပါသည်။

ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုမှကာကွယ်ရန် နည်းလမ်းများ

ရာသီဥတုပြောင်းလဲမှုသည် မျက်မှောက်ခေတ်တွင်  လူသားအားလုံးခံစားရမည့် အလားအလာရှိသော်လည်း   ကျန်းမာနေစေရန်အတွက်   နေ့စဉ်လုပ်ဆောင်နိုင်သည့်    ကြိုတင်ကာကွယ်မှုများရှိကြောင်း လူတိုင်းသိရှိရန် အရေးကြီးပါသည်။

ပြောင်းလဲနေသောရာသီဥတု အခြေအနေများကို သတိပြုပြီး အလွန်အမင်း အပူချိန်မြင့်မားသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပါ။ အပူချိန်လွန်ကဲနေချိန်တွင် အိမ် သို့မဟုတ် အရိပ်ရအေးမြ၍  လေဝင်လေထွက်ကောင်းသော အရိပ်ထဲတွင် နားနေပြီး ပြင်ပလှုပ်ရှားမှုများကို တစ်နေ့တာ၏ အပူချိန်လျော့နည်းသော အချိန်များတွင်ပြုလုပ်ပါ။ ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်၀နေရန် ရေများများသောက်ပေးပါ။ အပြင်ထွက်လျှင် နေရောင်ကာခရင်မ် (SPF 30 နှင့်အထက်) လိမ်းရန်၊ ဦးထုပ်နှင့် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ၀တ်ဆင်ပါ။

ပြင်ပလေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကို လျှော့ချရန်  မြို့ကြီးများနှင့်  စက်မှုဇုန်များ၌   နေထိုင်သူများသည် အပြင်ဘက်တွင် အချိန်များစွာနေခြင်းကို ရှောင်ကြဉ်သင့်သည်။ အိမ်တွင်းလေထု ညစ်ညမ်းမှုများကို ဖယ်ရှားရန် အတွက် ပုံမှန်လေ၀င်လေထွက်ရရန် ပြင်ဆင်ပါ။ ပြင်ပလေထုညစ်ညမ်းမှုသည် မော်တော်ယာဉ်များ၊ လောင်စာဆီလောင်ကျွမ်းမှုနှင့် စက်မှုလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသောဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်တွင် နေထိုင်ပါက   လူရှုပ်သောလမ်းများအနီးတွင်   လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ၊ လေ့ကျင့်ခန်းပြုလုပ်သည့် အချိန်ပမာဏကို ကန့်သတ်ပြီး လမ်းလျှောက်ခြင်းအစား   ပြေးခြင်းကဲ့သို့သော  ပြင်းထန်သော လှုပ်ရှားမှုကို ပြုလုပ်ရန် ရည်ရွယ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးသတိပြုရန်နှင့် အစားအသောက်ဘေးကင်းရေး    လက်ပုံမှန်ဆေးကြောခြင်းကို   လေ့ကျင့်ရန်အရေးကြီးပါသည်။    အစားအသောက်ပြင်ဆင် ချက်ပြုတ်ခြင်းမပြုမီ၊    အစာမစားမီနှင့် သန့်စင်ခန်းအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးရန်ဖြစ်သည်။ သစ်သီးဝလံနှင့်  ဟင်းသီးဟင်းရွက်များကိုမစားမီ   ဆားနှင့် ရှလကာရည်တွင်   မိနစ် ၃၀  ခန့်စိမ်၍  ဆေးကြောခြင်း သို့မဟုတ် အခွံခွာခြင်း၊ အသားများကို သေချာစွာချက်ပြုတ်ခြင်းနှင့်  မီးဖိုချောင်နှင့် အစားအစာပြင်ဆင်သည့်နေရာများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်း စသည့်အစားအသောက်ဘေးကင်းရေး သတိပေးချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်ပါသည်။

သောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားသောရေ သို့မဟုတ် ကျိုချက်ထားသောရေကိုသာ သောက်သုံးပါ။ သောက်သုံးရေသန့်စင်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် အလေ့အကျင့်များကို ပျိုးထောင်ပါ။ သန့်ရှင်းသောသောက်သုံးရေ အရင်းအမြစ်များကို ရှာဖွေစုဆောင်းပါ။ ရေကိုထိန်းသိမ်းပါ။ မိုးတွင်း၌ ရေကို ကျိုချက်၍သောက်ပါ။

ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန် ခြင်ထောင်ဖြင့် အိပ်ပါ။  အိမ်အတွင်းသို့  ခြင်များဝင်ရောက်ခြင်းမှ တားဆီးရန်  တံခါးများ၊   ပြတင်းပေါက်များ၊ လေဝင်ပေါက်များနှင့် မီးခိုးခေါင်းတိုင်များတွင် ခြင်လုံဆန်ကာတပ်ထားပါ။   ခန္ဓာကိုယ်ကို   တတ်နိုင်သမျှ ဖုံးအုပ်နိုင်သော အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ပါ။ နေအိမ်အနီးတွင် ခြင်များပေါက်ပွားနိုင်သည့်ရေအိုင်များ၊ ရေဝပ်သောနေရာများ မရှိစေရန်ရှင်းထားပြီး ရေများစုပုံခြင်းမှ ကာကွယ်ရန်၊ ရေဆိုးများကို ဖယ်ရှားရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါသည်။

စိတ်ကျန်းမာရေးအတွက် နေ့စဉ်လုံလောက်စွာအိပ်စက်ပါ။ ချစ်ခင်နှစ်သက်သည့် အပေါင်းအသင်း မိတ်ဆွေများ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာကောင်းသော လှုပ်ရှားမှုများအတွက် အချိန်ပေးပါ။

ရယ်မောခြင်းဖြင့်     ဦးနှောက်မှပျော်ရွှင်စေသော ဟော်မုန်းပမာဏကို များစေသဖြင့်   စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများကို လျော့ကျစေသည်။ စိတ်ကျန်းမာရေးကို  ထိခိုက်စေသည်ဟု ခံစားရပါက ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီရယူပါ။

ရာသီဥတုပြောင်းလဲမှု၏   ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို   လျော့ပါးသက်သာစေရန် လက်တွေ့ကျသော လူနေမှုပုံစံ အလေ့အကျင့်များကိုလည်း အပြောင်းအလဲများပြုလုပ်နိုင်ပါသည်။

အိမ်တွင်အသုံးပြုသော စွမ်းအင်ကို ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့မှရယူမည့် အစား လေသို့မဟုတ် နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့်အသုံးပြုပါ။ အိမ်တွင်စွမ်းအင်ချွေတာပါ။

LED မီးသီးများနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲအသုံးပြုပါ။ အဝတ်အစားများနှင့် တခြားလူသုံးကုန်ပစ္စည်းများကို လျှော့ဝယ်ခြင်းက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်သည်။ တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို   လျှော့ချရန် ပြန်သုံး၍ရသော ဈေးဝယ်အိတ်ကို ယူလာပါ။ ကားမောင်းမည့်အစား   လမ်းလျှောက်ခြင်း   သို့မဟုတ် စက်ဘီးစီးခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကို   အထောက်အကူဖြစ်စေပါသည်။    ဓာတ်ဆီ သို့မဟုတ် ဒီဇယ်စွမ်းအင်သုံးကားမှ လျှပ်စစ်ကားသို့ ပြောင်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု  နည်းပါးစေပြီး လေထုညစ်ညမ်းမှုကို လျှော့ချပါ။

သစ်ပင်စိုက်ပါ။   သစ်ပင်များသည်  အစာနှင့် အောက်ဆီဂျင်ကိုပေး၍ လေထုကို သန့်ရှင်းစေပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်   ကူညီပေးသည်။ အသားနှင့်နို့ထွက်ပစ္စည်းများကို လျှော့စားပြီး အပင်အခြေခံအစားအစာများနှင့် ဒေသထွက်အစားအစာများကို စားသုံးခြင်းဖြင့်  ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနည်းပါးစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို သိသိသာသာလျော့ကျစေနိုင်သည်။  အိမ်တွင်အစားအစာစွန့်ပစ်မှုကို   လျှော့ချခြင်းဖြင့်   ကာဗွန်ခြေရာကိုလျှော့ချနိုင်သည်။ ထို့ကြောင့် အမှိုက်ကို မှန်ကန်စွာစွန့်ပစ်ပါ။ ပတ်ဝန်းကျင်ကို သန့်ရှင်းပါ။

အချုပ်အားဖြင့်ဆိုသော် ရာသီဥတုဖောက်ပြန်မှုနှင့် ပတ်ဝန်းကျင်ကိုကာကွယ်ရန် လူသားအားလုံးတွင် တာဝန်ရှိသည်။   ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာနိုင်သောကျန်းမာရေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် လူသားအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။  ထို့ကြောင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို  အသိပညာပေးခြင်းဖြင့် အနာဂတ်မျိုးဆက်များ အားလုံး၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။                    

Source: https://myawady.net.mm/stories