သတိထားစရာ ဆိတ်ပလိပ်ရောဂါအကြောင်း သိကောင်းစရာ

Posted_Date

Image

 သတိထားစရာ ဆိတ်ပလိပ်ရောဂါအကြောင်း သိကောင်းစရာ

Body

သိုး၊ ဆိတ်ကဲ့သို့သော အရွယ်သေးငယ်သည့် စားမြုံ့ပြန်တိရစ္ဆာန်များသည် ခြောက်သွေ့သော ပတ်ဝန်းကျင်ဒေသများနှင့် အထူးသင့်လျော်စွာ လိုက်လျောညီထွေရှိပြီး ကမ္ဘာတစ်ဝန်းရှိ မတူညီသော မွေးမြူရေးစနစ်များဖြင့် မွေးမြူလျက်ရှိကြပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆိတ်နှင့်သိုးများကို ရောနှောမွေးမြူလေ့ရှိကြပါသည်။ Peste des Petits Ruminants -PPR ရောဂါသည် ဆိတ်နှင့် သိုးများတွင် အလွန်ကူးစက်မြန်ပြီး သေဆုံးနှုန်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါသည်။ အသက်လေးလနှင့် တစ်နှစ်အရွယ်ရှိ သိုး၊ ဆိတ်များတွင် အဖြစ်များကာ ကောင်ရေ သန်းနှင့်ချီသေဆုံးစေပြီး လူသိမများသေးသည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် သိုး၊ ဆိတ်တွင် အဓိကဖြစ်ပွားပြီး ကျွဲနှင့်ကုလားအုတ်များအပြင် အခြားတောရိုင်းစားမြုံ့ပြန် တိရစ္ဆာန်များတွင်ပါ ရောဂါကူးစက်နိုင်သည်။ PPR ဗိုင်းရပ်စ်ပိုးသည် လူကိုမကူးစက်နိုင်ပါ။

PPR ရောဂါသည်  Morbillivirus  မျိုးစု၊  Paramixoviridae မျိုးရင်းဝင်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်ခံရသော သိုး၊ ဆိတ် အုပ်တွင် ၉၀ ရာခိုင်နှုန်းအထိ ရောဂါကူးစက်နိုင်ကာ ၇၀ ရာခိုင်နှုန်း အထိ  သေဆုံးနိုင်သည်။ PPR ရောဂါကို ၁၉၄၂ ခုနှစ်တွင် အာဖရိက အနောက်ပိုင်း အိုင်ဗရီကို့စ်နိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ပါသည်။ ထိုအချိန် မှစ၍ ၎င်းရောဂါသည် အာဖရိကတိုက်အရှေ့အလယ်ပိုင်းဒေသ၊ အာရှတိုက်နှင့် ဥရောပတိုက်ရှိနိုင်ငံများစွာသို့ ပျံ့နှံ့ခဲ့ပါသည်။ ယခုအခါ တွင် နိုင်ငံပေါင်း ၇၀ ကျော်တွင် PPR ရောဂါကူးစက်နေပြီး (သို့မဟုတ်) ကူးစက်နိုင်ခြေ အလွန်မြင့်မားနေပါသည်။ အချို့နိုင်ငံများတွင် PPR ရောဂါအခြေအနေကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။ အာဖရိကအရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာ့သိုး၊ ဆိတ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး PPR ရောဂါဒဏ်ကို အများဆုံး ခံစားနေရသည့် ဒေသများဖြစ်ပါသည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးသတင်းစနစ် (WAHIS) ၏ အချက်အလက်များအရ ဥရောပအပါအဝင် ယခင်က ရောဂါကင်းစင်ခဲ့သော ဒေသအသစ်များသို့ ရောဂါဝင်ရောက်မှုများ မကြာသေးမီနှစ်များ အတွင်း တွေ့ရှိရပါသည်။ မြန်မာ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း PPR ရောဂါဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် PPR သည် အမြဲတမ်းတည်ရှိနေသော ရောဂါ (Endemic) အဖြစ် ရှိနေပါသည်။ မြန်မာနိုင်ငံသည် PPR ရောဂါကင်းစင်သော နိုင်ငံအဖြစ်အသိအမှတ်ပြု ခံထားရသော်လည်း အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေသဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် စီးဆင်းမှုများမှတစ်ဆင့် ရောဂါကူးစက် နိုင်ခြေရှိသည့်အတွက် စောင့်ကြည့်ရန်လိုအပ်ပါသည်။

Peste des Petits Ruminants (PPR) သည်  ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH) သို့ မြေပြင်နေ တိရစ္ဆာန် ကျန်းမာရေးကုဒ် (Terrestrial Animal Health Code) အရ အစီရင်ခံရန် လိုအပ်သော အရေးကြီးရောဂါတစ်ခုဖြစ်သည်။ PPR သည် နယ်စပ်ဖြတ်ကျော် ကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး မွေးမြူရေးလုပ်ကိုင်သူများ၏ ဝင်ငွေအပေါ် ဆိုးရွားစွာထိခိုက်မှုဖြစ်စေကာ အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အစားအစာ ဖူလုံရေးကို ခြိမ်းခြောက်နေသောရောဂါဖြစ်သည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ သည် PPR ရောဂါကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးအပိုင် သုတ်သင်ရန် ရည်မှန်းချက်ဖြင့် ကမ္ဘာလုံးဆိုင်ရာထိန်းချုပ်ရေးနှင့် အမြစ်ဖြတ်တိုက်ဖျက်ရေးဗျူဟာကို ချမှတ်ထားပါသည်။ ဤကြိုးပမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ သိုး၊ ဆိတ်မွေးမြူသူများ၏ ဘဝများကို ကာကွယ်ရန် အရေးကြီးသော အစီအစဉ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် PPR ရောဂါကို အရေးပေါ် ထိန်းချုပ်ကာကွယ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါသည်။ အာဖရိက အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာပေါ်ရှိ သိုး၊ ဆိတ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်ကိုပိုင်ဆိုင်ထားပြီး ထိုဒေသများတွင် သိုး၊ ဆိတ်မွေးမြူရေးသည် ကျေးလက်နေ လူမျိုးများ၏  အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အရေးပါသောကြောင့် PPR ရောဂါဖြစ်ပွားပါက လူမှုစီးပွားဘဝအပေါ် ကြီးမားသောဒုက္ခရောက်စေနိုင်သည်။ PPRသည် ပြင်းထန်သောရောဂါ လက္ခဏာများနှင့် သေဆုံးမှုနှုန်းမြင့်မားခြင်းကြောင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများစွာဖြစ်စေပါသည်။

PPR ရောဂါကို ထိန်းချုပ်နိုင်ပါက

- ထုတ်လုပ်မှုစွမ်းရည် တိုးတက်ခြင်း

- စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်နိုင်ခြင်း

- ဝင်ငွေတိုးပွားစေခြင်းနှင့်

- လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိစေနိုင်ပါသည်။

PPR ရောဂါလက္ခဏာများနှင့် ရောဂါဖြစ်ပွားသည့်အဆင့်များ

ဗိုင်းရပ်စ်ကူးစက်ပြီး ၂-၆ ရက်အတွင်း (ပျမ်းမျှအားဖြင့်) ရောဂါ လက္ခဏာစပေါ်ပါသည်။

ကိုယ်အပူချိန်မြင့်တက်ခြင်း၊ အဖျားတက်ခြင်း

  • စအိုမှတိုင်းတာလျှင် (Rectal temperature ) ၄၁-၄၄ ဒီဂရီ ဆဲလ်စီးယပ်အထိ အဖျားတက်ခြင်း။

  • ရောဂါကူးစက်ခံရသော တိရစ္ဆာန်များတွင် ရုတ်တရက် စွမ်းအင်ကုန်ခန်းခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်းလက္ခဏာများ ပေါ်လာတတ်ခြင်း။

  • အမွေးများထောင်မတ်လာခြင်း (piloerection) သည် PPR ၏ ထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အမွေးတိုမျိုးစိတ်များ (ဥပမာ - အာဖရိကဆိတ် မျိုးစိတ်အချို့) တွင် ပိုမိုသိသာစွာ တွေ့ရတတ်ပါသည်။ ဤအခြေအနေကြောင့် တိရစ္ဆာန်၏ ခန္ဓာကိုယ်သည် ပုံမှန်ထက် ဖောင်းကြွယောင်ယောင် မြင်ရခြင်း  (bloated appearance) ဖြစ်စေပါသည်။

အရည်များဆင်းခြင်း

- မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်မှ ကြည်လင်သော အရည်များ စတင်ဆင်းခြင်း။

- နောက်ပိုင်းတွင် ဗက်တီးရီးယားကူးစက်မှုကြောင့် ပျစ်ချွဲပြီး အဝါရောင်ပြောင်းခြင်း။

- မေးစေ့နှင့်မျက်လုံးအောက်ရှိ အမွေးများစိုရွှဲခြင်း။

- အရည်များခြောက်သွားပါက မျက်ခွံများကပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်ခြင်း။

ပါးစပ်အနာများ

- အဖျားတက်ပြီး ၁-၂ ရက်အကြာတွင် ပါးစပ်နှင့် မျက်လုံးအတွင်း မျက်နှာပြင်များ နီမြန်းလာခြင်း။

- သွားဖုံး၊ သွားခုံ၊ အာခေါင်၊ နှုတ်ခမ်း၊ ပါးစောင်အတွင်းနှင့် လျှာပေါ် တွင် အမည်းရောင်အစက်ငယ်များ ပေါ်လာခြင်း။

- နောက်ပိုင်းတွင် ဤအနာများ ပိုမိုကြီးထွားလာပြီး ပေါင်းစပ်သွားခြင်း။

- ပါးစပ်အတွင်း မျက်နှာပြင်အရောင်ဖျော့သွားခြင်း၊ သေဆုံးနေသောဆဲလ်များဖြင့် ဖုံးလွှမ်းခြင်း။

- အချို့အခြေအနေများတွင် ပုံမှန်အမြှေးပါးများနေရာတွင် ချိစ်ကဲ့သို့ ပျစ်ချွဲသော အရာများဖြင့် အစားထိုးခြင်း။

- နှုတ်ခမ်းပတ်လည်ရှိ အရေပြားတွင် အဖုငယ်များ ဖြစ်ပေါ်ခြင်း။

ဝမ်းလျှောခြင်း

- အဖျားစတင်ပြီး ၂-၃ ရက်အကြာတွင် စတင်ဖြစ်ပွားခြင်း။

- အစပိုင်းတွင်ပျော့ပြီး နောက်ပိုင်းတွင် ရေကဲ့သို့ပျစ်ချွဲကာ အနံ့ဆိုးထွက်ခြင်း။

- သွေးစများနှင့် အူနံရံသေဆဲလ်များ ပါဝင်နိုင်ခြင်း။

- ဝမ်းမပျော့ပါက ဂွမ်းစတံဖြင့် စအိုတွင်းစစ်ဆေးပါက သွေးစွန်းနေသော ဝမ်းပျော့များ တွေ့နိုင်ခြင်း။

အသက်ရှူရ ခက်ခဲခြင်း

- အသက်ရှူမြန်ခြင်း (ရင်ဘတ်နှင့် ဝမ်းဗိုက်များ တဖျပ်ဖျပ် လှုပ်ရှားခြင်း)

- ခေါင်းနှင့် လည်ပင်းကို ဆန့်ထုတ်ခြင်း။

- နှာခေါင်းပေါက်များ ကျယ်ခြင်း၊ လျှာထုတ်ခြင်း။

- ချောင်းဆိုးခြင်းများဖြစ်ပေါ်ကာ အဆုတ်ရောင်ရောဂါ၏ လက္ခဏာများပြသခြင်း။

နောက်ဆုံးအဆင့်

- ကိုယ်ဝန်ဆောင် တိရစ္ဆာန်များတွင် သားလျှောခြင်း ဖြစ်ပွားနိုင်ခြင်း။

- ရေဓာတ်ဆုံးရှုံးမှုကြောင့် မျက်လုံးများ ချိုင့်ဝင်ခြင်း။

- ရောဂါလက္ခဏာစပြပြီး ၇-၁၀ ရက်အတွင်း သေဆုံးခြင်း။

- အချို့တိရစ္ဆာန်များသည်  နာလန်ထူချိန်  (၂-၄ ပတ်) ကြာပြီးနောက် ပြန်လည် ကျန်းမာလာတတ်ပါသည်။ PPR ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသော တိရစ္ဆာန်များသည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်နိုင်သောကြောင့် သီးသန့်ခွဲခြားထားရန် လိုအပ်ပါသည်။

PPR ရောဂါကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ အထိ စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ ထိုပမာဏထက် ပိုမိုလေ့လာကြည့်ပါက မိသားစုပေါင်း သန်း ၃၀၀ သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြေနှင့် ရင်ဆိုင်နေရပါသည်။ ထို့ပြင် သိုး၊ ဆိတ်များနှင့် ၎င်းတို့မှထွက်ရှိသော ထုတ်ကုန်များသည် အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါသော ကုန်ပစ္စည်းများ ဖြစ်ပါသည်။ PPR ရောဂါကိုကြိုတင် ခန့်မှန်း၍မရခြင်း၊ ခံနိုင်ရည်မရှိခြင်း (သို့မဟုတ်) PPR ရောဂါမှပြန်လည်ထူထောင်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်။ PPR ရောဂါသည် အလွန်လျင်မြန်စွာ ပျံ့နှံ့နိုင်ပြီး တိရစ္ဆာန်များ၏ သေဆုံးနှုန်း မြင့်မားပါသည်။

PPR ရောဂါကင်းစင်ရေးသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများတွင် ရောဂါ စောင့်ကြည့်စနစ်များ အားကောင်းစေရေး၊ အိမ်နီးချင်းနိုင်ငံများ (ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို) နှင့် နယ်စပ်ပူးပေါင်းကြပ်မတ် ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုများ ပြည့်စုံစွာဆောင်ရွက်ရေး၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့နှင့် FAO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် PPR ဗိုင်းရပ်စ်ရောဂါ ကင်းစင်သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် PPR ရောဂါကင်းစင်ရေး ရည်မှန်းချက်နှင့်အညီ အောင်မြင်စွာပါဝင်နိုင်မည်ဟု မျှော်လင့်ပါသည်။

Source: Myanmar Digital News