ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

Posted_Date

Image

ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

Body

နေပူထဲမှပြန်လာပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်သူတစ်ဦး အဝတ်အစားမလဲရမီမှာပင် မူးလဲကျကာ အသက်ဆုံးရှုံးသွားရသည်ဟု ကြားသိ ရဖူးပါသည်။

ပူပြင်းသောနွေတစ်ညတွင် ပူလောင်အိုက်စပ်ပြီး အိပ်မပျော်သဖြင့် ညဉ့်သန်းခေါင် ရေထချိုးသူတစ်ဦး သည်လည်း  နံနက်လင်းသောအခါ  အိပ်ရာမှမထသဖြင့်  နှိုးကြည့်ရာမှ လေဖြတ်ပြီး  စကားမပြော၊ မလှုပ်ရှားနိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။

ထမင်းဟင်းရောင်းသူ အမျိုးသမီးကြီးတစ်ဦးသည် တစ်နေကုန် မီးဖိုကြီးအနီးတွင် ချက်ပြုတ်ရသည်။ နေပူပြင်းသောနေ့တစ်နေ့တွင်ရေထည့်သည့်စည်ပိုင်းပြတ်အတွင်းသို့  ရေခဲတုံးကြီးထည့်စိမ်၍ ရေချိုးလိုက်ရာမှ လဲကျပြီး ပါးစပ်မှအမြှုပ်များထွက် ကာ    သေဆုံးသွားသည်ကိုစာရေးသူတို့ငယ်စဉ် ကျောင်းသားဘဝက ကိုယ်တွေ့ကြုံဖူးပါသည်။

အထက်ပါအဖြစ်များမှာ   နွေဥတုတွင်ဖြစ်သော အဖြစ်များဖြစ်သည်။ အပူနှင့်အအေးဆန့်ကျင်ဘက် ကြောင့်လားဟု တွေးစရာရှိပါသည်။ စာရေးသူသည် သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ  လူနာများကို  ရေချိုးပြီး၍   မျက်စိများနီရဲနေလျှင်၊   နီလျှင်  သတိထားကြရန်အမြဲပြောပါသည်။

အထူးသဖြင့် အိမ်ရှင်မများ မီးဖိုချောင်တွင် မီးအပူ နှင့်  အမြဲထိတွေ့ချက်ပြုတ်ကြော်လှော်နေရသူများ တွင်  မီးဖိုနှင့်ညှော်ငွေ့များ  ကပ်ငြိနေလေ့ရှိသည်။ ရုတ်တရက်ရေချိုးသောအခါ ကိုယ်တွင်းမှ ကန်ထွက် သောအခိုးနှင့် အပြင်မှရေအေးတွေ့ထိပြီး အမြင်လွှာ သွေးကြောများရောင်ခြင်း၊ အခိုးများငုပ်၍ အတွင်း တိမ်ဖြစ်ခြင်းများပင်ဖြစ်နိုင်သည်။

ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်းကို သတိပေးရုံ ဖြင့်မပြီး ကာကွယ်ရန်နည်းလမ်းများကို စဉ်းစားခဲ့ပါ သည်။ ဝမ်းထဲမှအပူ အထက်သို့တက်ရုံမျှမက မျက်စိ သွေးကြောများပါ နီရဲခြင်းသည် ဦးနှောက်နှင့်အလွန် နီးကပ်သောလက္ခဏာဖြစ်သည်။   ဦးနှောက်သွေး ကြောများသို့ လေပူရောက်ပြီးပေါက်သွားလျှင် ရုတ်တရက် လေဖြတ်နိုင်သောလက္ခဏာဖြစ်သည်။

လေသည် ရုတ်တရက် လူကိုသတ်နိုင်သော ရာဇဂုဏ်ရှိသည်ဟု အာယုဗ္ဗေဒဆေးပညာတွင် သင်ရသည်။  ရာဇဆိုသည်မှာမင်းသည်လူကိုသတ်နိုင်သကဲ့သို့လေသည်လည်း  လူကိုသတ်နိုင်သည်။ ဥပမာ- လေသင်တုန်းဖြတ်လျှင် ရုတ်တရက် လဲကျပြီး အသက်ပါ ပါသွားတတ်သည်။ အနောက်တိုင်းဆေး ပညာအမြင်တွင် ရုတ်တရက် Heart Attack ရသွားခြင်း ဖြစ်သည်။ သို့သော် ဦးနှောက်ကို လေသင်တုန်းဖြတ်ခြင်းမှာ Brain Attack ဟု ခေါ်ဆိုနိုင်သည်။

လေတွင်  လေပူ (ဥဏှဝါယော)  နှင့်  လေအေး (သီတဝါယော)  နှစ်မျိုးရှိသည်။ ထိုအထဲမှဥဏှဝါယောသည်   အထက်သို့တက်၍   ဦးနှောက်ကို ဖျက်ဆီးမည့်ဟန်ပြင်လာပြီဆိုလျှင် ကြိုတင်သတိပေးသည့်လက္ခဏာမှာ  မျက်စိများနီရဲလာခြင်းဖြစ်သည်။တစ်ခါတစ်ရံ မျက်စိနှစ်လုံးစလုံးမနီမရဲဘဲ တစ်လုံးသာရဲလေ့ရှိသည်။

ထိုအခါ  သတိပေးသည့်အချက်မှာ  ဘယ်ဘက် မျက်စိနီရဲလျှင် (အထူးသဖြင့် ရေချိုးပြီးစတွင် ပို၍ ထင်ရှားသည်) ဘယ်ဘက်အခြမ်းဦးနှောက်သွေးကြော ပေါက်နိုင်သည်။  ထိုအခါ  လူတွင်  ညာဘက်အခြမ်း (ဆန့်ကျင်ဘက်) လေဖြတ်နိုင်သည်။ အကယ်၍ ညာဘက်မျက်စိနီရဲလျှင် ဦးနှောက်၏ ညာဘက်အခြမ်းတွင်  သွေးကြောပေါက်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့်ခန္ဓာကိုယ်၏ဘယ်ဘက် အခြမ်းတွင် လေဖြတ်နိုင်လေသည်။

လေဖြတ်ခြင်းသည်ဦးနှောက်၏ဘယ်ဘက် အကန့်နှင့် ညာဘက်အကန့်များတွင် သွေးခဲပိတ်ဆို့ ခြင်း၊ သွေးထောက်ပံ့မှုမရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။  ထိုသွေးထောက်ပံ့မှုမရသော  ဦးနှောက်၏ လုပ်ဆောင်ချက်မှာ  ဆန့်ကျင်ဘက်ဖြစ်သော  ခန္ဓာ ကိုယ်ဘယ်ဘက်အခြမ်း၊ ညာဘက်အခြမ်းများတွင် မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။

စာရေးသူသည်တိုင်းရင်းဆေးနှင့်မြစ်ချင်းပြီး ရိုးရာဆေးပင်များကိုအသုံးပြုပြီး    မျက်စိနီရဲခြင်း၊ လေအထက်ဆန်ခြင်း၊ လေပူတက်ခြင်း၊ လေပူကန် ခြင်းများကို ကုသရန်ကြိုးစားခဲ့သည်။ လေပူနှိမ်ဆေး၊ လေပူနိုင်ဆေး၊ လေသက်ဆေးများကို သုံးစွဲခဲ့ပါသည်။ ထို့ပြင် မျက်စိအတွက် ရှေးကပင် သမားစဉ်အဆက်ဆက် သုံးစွဲခဲ့သော နာမည်ကျော်စက္ခုပါလဆေးကိုလည်း လူနာများကိုပေးပြီး သုံးစွဲစေခဲ့သည်။ အတန်အသင့် သက်သာရုံမျှသာဖြစ်ပြီး ထူးခြားစွာမပျောက် ကင်းခဲ့ပေ။

မျက်စိနီသူများကို မျက်စိကွင်းဆေး၊ မျက်စဉ်းဆေးများ ပေးကြည့်သောအခါတွင်လည်း ခေတ္တခဏမျှသာ သက်သာသယောင်ရှိသော်လည်း ဆောင်းတွင်း၊ မိုး တွင်းကဲ့သို့ အေးသောကာလများတွင် ရေချိုးပြီးသော အခါ မျက်စိပြန်နီလာသည်ကို တွေ့ရသည်။

ထိုမျက်စိနီသူများမှအတော်များများမှာလည်း ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း၊ သို့မဟုတ် လေဖြန်း ခြင်းဖြစ်လေ့ရှိသည်ကို သတိထားမိလာသည်။ နှစ် အတန်ကြာသောအခါ စာရေးသူ နည်းလမ်းကောင်းတစ်ခုကို တွေ့လာရသည်။

ထိုနည်းမှာ ဆေးမဟုတ်ဘဲ ရေသောက်နည်းသာ ဖြစ်သည်။ ရေသောက်နည်းကို မှန်မှန်လိုက်နာသော သူများမှာ မျက်စိနီရဲခြင်းသက်သာလာပြီး သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။

အဓိကမှာ နံနက်တွင် ရေချိုးလေ့ရှိသူ၊ အိပ်ရာထ ချိန် ရေချိုးလေ့ရှိသူများမှာ လေဖြတ်ဝေဒနာ ပို၍ဖြစ် လေ့ရှိသည်ကို တွေ့ရသည်။

ထိုသူများအတွက် ကာကွယ်ရန်မှာ ညအိပ်ရာဝင် ချိန်တွင်  ရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။   နံနက် အိပ်ရာထသည်နှင့် ရေတစ်ခွက်ထပ်သောက်ရန်လို ပါသည်။ ထို့နောက်မှ ရေချိုးပါ။ ပြီးမှ  မျက်နှာသစ် ခြင်း၊ သွားတိုက်ခြင်းကို ဆက်၍လုပ်ဆောင်ရန်ဖြစ် သည်။

နေ့ပိုင်းတွင် ရေချိုးမည့်သူများမှာ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ရေချိုးမည်ဆိုလျှင် ရေမချိုးမီ ရေ မတ်ခွက်တစ်ခွက်ကုန်အောင်သောက်ပြီးမှ  ရေချိုး လျှင်  အစာအိမ်မှလေပူသည်  အထက်သို့တက်ပြီး မျက်စိများနီရဲခြင်းကို ကာကွယ်နိုင်သည်။ တစ်နည်း အားဖြင့် ဦးနှောက်သို့တက်သော အပူကိုကာကွယ် ထားပြီးဖြစ်သဖြင့် ရေချိုးပြီး ခေါင်းမူးခြင်း၊ လေဖြတ် ခြင်းကို ကာကွယ်နိုင်သည်။

ညနေပိုင်းနှင့် ညပိုင်းတွင် လူကြီးများရေမချိုးသင့် ပေ။  လူငယ်နှင့်လူလတ်ပိုင်းများ  ရေချိုးနိုင်သည်။ အလုပ်လုပ်ရသဖြင့်  ပင်ပန်းနွမ်းနယ်သူများ၊  ညစ်ပတ်ပေကျံသော အလုပ်လုပ်ရသူများမှာ ရေချိုးနိုင် သည်။ သို့သော် ရေချိုးပြီးလျှင်မှန်ကြည့်ပါ။ မျက်စိ များနီသည်၊  ရဲသည်ဆိုလျှင် နောက်တွင်  ညနေနှင့် ညဘက်ရေချိုးခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။

မည်သည့်ရာသီဥတုမဆိုလူလတ်ပိုင်းမှစ၍ လူကြီးများအထိ သတိဖြင့်သာရေချိုးသင့်သည်။ ရေမချိုးမီရေတစ်ခွက်သောက်ခြင်းသည် အစာအိမ် မှအပူများ  အထက်သို့တက်ခြင်းကို  ကာကွယ်နိုင်သည်။ အာသီးရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွား များယိုင်နဲ့ခြင်းကိုလည်း  ကာကွယ်သည်။  မျက်စိသို့ အခိုးတက်၍နီရဲခြင်းနှင့်  အရွယ်မတိုင်မီ  မျက်စိမှုန် ခြင်း၊ မျက်စိမှန်ဘီလူးများအခိုးရိုက်ခြင်းကို ကာကွယ်နိုင်သည်။

ရေမချိုးမီ ရေတစ်ခွက်သောက်ဆိုရာတွင်ပုံမှန် သောက်ရေအိုးမှရရှိသည့် အအေးဓာတ်ရှိသောရေကိုသာသောက်သင့်သည်။ ရေခဲရေမသောက်သင့်ပေ။ အေးအောင်၊ ခဲအောင် ရေခဲသေတ္တာ၊ Water Cooler တို့မှပြုပြင်ထားသော  ရေကိုသောက်လျှင်  ပို၍ပင် အပူငုပ်စေနိုင်သည်။ မြေသောက်ရေအိုးတွင် ထည့် သောက်သောရေသည် သဘာဝအအေးဓာတ်ကိုပေး သည်။

သတိပြုရန်မှာ မျက်စိနီရဲခြင်းသည် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်း ဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းကို ကာကွယ်ရန်လိုသည်။   သာမန်လုပ်ဆောင်နိုင်သည့် အကျင့်ကောင်းတစ်ခုကို  အမြဲလုပ်ဆောင်ပါ။   ရေ မချိုးမီ ရေအေးတစ်ခွက်သောက်ပါ။ လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ကျန်းမာအသက်ရှည်ရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။          ။

Source: https://myawady.net.mm/stories

Photo- Medical News Today