ဆေးလိပ်မသောက်သုံးရေး ဝိုင်းဝန်းပညာပေး

Posted_Date

Image

ဆေးလိပ်မသောက်သုံးရေး ဝိုင်းဝန်းပညာပေး

Body

လူတို့တွင် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များ   စွဲမြဲစွာရှိနေတတ်သကဲ့သို့ အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များလည်းရှိနေတတ်သည်။   အကျိုးရှိသော ကောင်းသောအလေ့အကျင့်များသည် မိမိအတွက် ရှိသင့်ရှိအပ်သောအလေ့အကျင့်များဖြစ်ပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များသည်  မိမိအတွက်    မရှိသင့်မရှိအပ်သောအလေ့အကျင့်များဖြစ်သည်။  ထို့ကြောင့် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များကို   ဆက်လက်၍  စွဲမြဲနေစေပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များကို လုံးဝဖျောက်ဖျက်သင့်သည်။   ထိုဖျောက်ဖျက်သင့်သော ဆိုးသောအလေ့အကျင့်များတွင် ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်လည်း ပါဝင်သည်။ ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်သည် လူကိုကောင်းကျိုးချမ်းသာမရရှိစေဘဲ ဆိုးကျိုးဒုက္ခများသာရရှိစေသည်။ မည်သို့သောဆိုးကျိုးဒုက္ခများရရှိစေသနည်းဟုဆိုလျှင် အလဟဿ ငွေကြေးကုန်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းကာ အခြားသူများကိုပါ ထိခိုက်စေခြင်း စသောဆိုးကျိုးဒုက္ခများရရှိစေသည်ဟု ဆိုရပေမည်။

ဆေးလိပ်သောက်ခြင်းဓလေ့ကို ၁၀ ရာစုလောက်ကစ၍ ပေါ်တူဂီနှင့် အီတလီနိုင်ငံတို့၌ စတင်ခဲ့သည်ဟု မှတ်တမ်းများအရသိရှိရသည်။   ကိုလံဘတ်သည် နယ်မြေသစ်များရှာဖွေရာမှ ၁၄၉၂ ခုနှစ်တွင် အမေရိကတိုက် ဘဟားမားကျွန်းသို့ရောက်သွားခဲ့သည်။   ထိုကျွန်းတွင်  ကျွန်းသူ၊  ကျွန်းသားများ ဆေးလိပ်သောက်ရှူနေသည်ကို တွေ့မြင်ခဲ့ရသည်။   ထိုသူတို့ မီးရှို့သောက်ရှူနေသော အပင်၏မျိုးစေ့ကို ကိုလံဘတ်က ဥရောပသို့ သယ်ယူလာရာမှ မျိုးဆက်ပွားခဲ့သည်။ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးကို မသိမြင်ဘဲ ဆန်းပြားခေတ်မီသော အလေ့အကျင့်ဟု မှတ်ယူကျင့်သုံးခဲ့ဟန်တူသည်။

ယနေ့ခေတ်တွင်ဆေးလိပ်ဟူသည်မှာ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်မှသည် ဆေးလိပ်အစားထိုး Vape ရှူခြင်းအထိပါဝင်ပေသည်။  သာမန်ဆေးလိပ်တွင်ဆေးလိပ်ကိုမီးညှိ၍ အငွေ့ကို သောက်ရှူခြင်းဖြစ်ပြီး Vape ရှူခြင်းတွင် ဓာတုအရည်တစ်မျိုးကိုထည့်၍  ဓာတ်ပြုခြင်းမှထွက်ပေါ်လာသောအငွေ့ကိုရှူခြင်းဖြစ်သည်။

ဆေးလိပ်သောက်ခြင်းသည် လူတိုင်းမလွဲမသွေ လုပ်ကိုင်ရမည့် နဂိုအလုပ်မဟုတ်ဘဲ မလုပ်သင့်သည့်အပိုအလုပ်သာဖြစ်သည်။ စိတ်၏အလိုကိုလိုက်ကာ အကောင်းအဆိုးမချင့်ချိန်ဘဲ မျက်ကန်းတစ္ဆေမကြောက်လုပ်ကိုင်နေကြသည့် အလေ့ဆိုးတစ်ခုဖြစ်သည်။  အရွယ်စုံသောလူအားလုံး၏ ကျန်းမာရေးအတွက်လည်းမသင့်၊   စီးပွားရေးအတွက်လည်းမတော်(မလျော်)၊ ပညာရေးအတွက်လည်း အထောက်အကူမပြုသော   လူ့အလေ့တစ်ခုသာဖြစ်သည်။ ဆေးလိပ်သောက်သူသည် မိမိ၏ငွေစက္ကူများကို မီးရှို့၍ ရောဂါဆိုးများကို တဖြည်းဖြည်း ဝယ်ယူနေခြင်းနှင့်တူသည်။ ဆေးလိပ်တွင်ပါဝင်သော ဓာတ်ပစ္စည်းများသည်    သေမင်းတမန်ဟုဆိုရလောက်အောင် ဆိုးကျိုးဒုက္ခများပေးသည်။ အဓိကအားဖြင့် ဆေးလိပ်ထဲတွင် နီကိုတင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊  ကာဗွန်မိုနောက်ဆိုက်၊  ကတ္တရာနှင့် ဘင်ဇင်းတို့ပါဝင်သည်။ ဆေးလိပ်ကို မီးရှို့လိုက်ခြင်းဖြင့် ထွက်ပေါ်လာသော မီးခိုးထဲတွင် ကင်ဆာရောဂါဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၆၀ ကျော်ရှိပြီး ပါဝင်သောဓာတ်ပစ္စည်းပေါင်းမှာ ၄၇၀၀ မျှရှိသည်ဟု ပညာရှင်များကဆိုသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါတို့ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ဆေးလိပ်သောက်ခြင်းမှအစပြု၍ အခြားသောမူးယစ်ဆေးဝါးစွဲသောလမ်းကြောင်းပေါ်သို့လည်း ရောက်ရှိသွားနိုင်သည်။

ဆေးလိပ်သောက်သူများတွင် အချို့က ဆေးလိပ်၏ဆိုးကျိုးကိုမသိ၍ သောက်သုံးနေသူများ၊ အချို့ကဆေးလိပ်၏ဆိုးကျိုးကိုသိလျက် သောက်သုံးနေသူများပါဝင်နေသည်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူအမျိုးသားဦးရေ သန်း ၉၀၀ ကျော်နှင့် အမျိုးသမီးဦးရေ သန်း ၂ဝဝ ကျော်ရှိသည်ဟုဆိုသည်။  ဆေးလိပ်သောက်သူ သန်း ၁၀၀၀ ကျော်ရှိနေခြင်းမှာ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံရှိနေခြင်းဖြစ်သည်။ 

ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နှစ်လျှင် ငါးသန်းမျှရှိနေပြီး ဆေးလိပ်ကြောင့် သေဆုံးသူများ၏ လေးပုံသုံးပုံခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်ဟုဆိုသည်။ လာမည့်နှစ်သုံးဆယ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဦးရေပိုမိုတိုးပွားလာနိုင်သည်ဟုဆိုရာ အဆိုးဘက်သို့ဆက်လက်ဦးတည်နေခြင်းကြောင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။

ဆေးလိပ်သောက်ခြင်းဟူသော မကောင်းသောအလေ့သည် ပတ်ဝန်းကျင်မှကူးစက်လာသည့်အလေ့ဆိုးပင်ဖြစ်သည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသကဲ့သို့  ဆေးလိပ်သောက်သူနှင့်အနေနီးလျှင် ဆေးလိပ်သောက်သော အကျင့်ကူးစက်လာကာ ဆေးလိပ်စွဲသွားတတ်သည်။ လူငယ်တစ်ယောက်သည် ဆေးလိပ်သောက်သော အခြားလူငယ်တစ်ဦးနှင့် ရင်းနှီးခင်မင်စွာနေထိုင်ခြင်းဖြင့် ဆေးလိပ်သောက်သောအလေ့အကျင့်များရရှိသွားသည်။ ခဏခဏထိတွေ့မှုရှိလျှင် စွဲမြဲသွားတတ်သည်ကို သတိမမူမိသော မိဘများက ကလေးငယ်ကို ဆေးလိပ်မီးညှိခိုင်းလေ့ရှိရာ ကလေးငယ်က  ဆေးလိပ်ကိုဖွာရှိုက်ကြည့်ရာမှ တစ်စတစ်စနှင့် ဆေးလိပ်သောက်တတ်သွားသည်။  အနုပညာရှင်များ ဆေးလိပ်သောက်ပြသည်ကိုလည်း လူငယ်တို့ အတုခိုးရာမှ ဆေးလိပ်စွဲသွားကြသည်။ ဆေးလိပ်ကိုစိတ်ဖြေရန်သောက်သည်ဖြစ်စေ၊  အခြားမည်သည့် အကြောင်းကြောင့်သောက်သည်ဖြစ်စေ   ဆေးလိပ်သောက်လျှင် လူ့ကျန်းမာရေးကို ဆုတ်ယုတ်ပျက်ပြားစေသည်မှာ အမှန်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များကို ပျက်ပြားစေသဖြင့် ယင်းအလေ့ဆိုးကို ထိန်းချုပ်ကာကွယ်တားဆီးရန်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာပေသည်။ သို့သော်လည်း ယင်းအလေ့ဆိုးကို လူ့ပတ်ဝန်းကျင်မှဝေးကွာသွားအောင် တစ်ဦးတစ်ယောက် တစ်နိုင်ငံတည်း ဆောင်ရွက်၍ မအောင်မြင်နိုင်ပေ။ နိုင်ငံအချင်းချင်းလက်တွဲ၍ လူသားအားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်သည်။   ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက  ဆေးလိပ်သောက်သုံးမှုအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ကြီးကြပ်လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့လူသားများ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်၍ ကျန်းမာကြံ့ခိုင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ မေလ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ်    သတ်မှတ်ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။

ဆေးလိပ်သောက်ခြင်းကို ကာကွယ်တားဆီးရာ၌ ဆေးလိပ်ထုတ်လုပ်မှုကို   ဥပဒေအရ ထိန်းချုပ်ကန့်သတ်ရန် နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်ကြရသည်။   ဆေးလိပ်အန္တရာယ်ကြီးမားပုံကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးသိရှိ၍ ရှောင်ကြဉ်နိုင်ကြစေရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော လူထုဆက်သွယ်ရေးမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပညာပေးစည်းရုံးရန်လိုအပ်သည်။    နိုင်ငံအတော်များများတွင် ဆေးရုံများ၊ ဘူတာရုံများ၊ လေဆိပ်များ၊ ကျောင်းများ၊  ဘတ်စကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ်ပျံစသောနေရာများ၌ ဆေးလိပ်မသောက်ရန် ကန့်သတ်ထားသည်။ တိကျစွာလိုက်နာသင့်သော ကျန်းမာရေးဆိုင်ရာစည်းကမ်းဖြစ်သည်။ တိကျစွာလိုက်နာခြင်းဖြင့် အောင်မြင်တိုးတက်မှုရကြောင်း ၂ဝဝဝပြည့်နှစ်က စင်ကာပူကို မီးခိုးငွေ့ကင်းသော  မဟာမြို့ကြီးအဖြစ်ကြိုးပမ်းနိုင်မှုက သက်သေပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုဓလေ့သည် အလွန်ကြာမြင့်လှပြီ။  တူးဖော်တွေ့ရှိရသော မြေဆေးတံ ရှေးဟောင်းပစ္စည်းများက သက်သေဖြစ်သည်။  ဤရှေးဟောင်းပစ္စည်းများကိုကြည့်ခြင်းဖြင့် သုဝဏ္ဏဘူမိနှင့် သရေခေတ္တရာခေတ်လောက်ကပင် ဆေးလိပ်သောက်သုံးမှုဓလေ့ရှိကြောင်းသိရသည်။  

မြန်မာနိုင်ငံတွင် လူကြီးတစ်ဦး၏ တစ်နှစ်သောက်သုံးသည့် ဆေးလိပ်အရေအတွက်သည် အလိပ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိရှိကြောင်း၊ ဆေးလိပ်သောက်သုံးသူများတွင် အသက် ၁၀ နှစ်မှ နှစ်၂ဝ အတွင်း ကျောင်းသားလူငယ်များ၏ ၄၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။   ထို့ကြောင့် နိုင်ငံတော်အစိုးရက  ဆေးလိပ်သောက်သုံးမှုထိန်းချုပ်ရေးနှင့် ဆေးရွက်ကြီးကင်းမဲ့ရေး စီမံချက်လှုပ်ရှားမှုများကိုလုပ်ဆောင်ခဲ့ရာ ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျန်းမာရေးဌာနက ဦးစီးကျင်းပသည့် ဆေးလိပ်သောက်သုံးမှု ကင်းဝေးရေးဆွေးနွေးပွဲကြီးပြုလုပ်၍ ဆေးလိပ်သောက်သုံးမှုတိုက်ဖျက်ရေးနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ ကျန်းမာရေးပညာပေးခြင်းများကိုဆွေးနွေးဆောင်ရွက်ခဲ့သည်။ထို့ပြင် ၁၉၉၉ခုနှစ်အောက်တိုဘာလတွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ကျင်းပပြီး ဆေးလိပ်အန္တရာယ်ကင်းရှင်းရေးကို ဆွေးနွေးကြ၍ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ 

ဆေးလိပ်အန္တရာယ်ကာကွယ်တားဆီးရေးဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာနိုင်ငံတွင် တယ်လီဗေးရှင်းမှဆေးလိပ်ကြော်ငြာများကိုပိတ်ပင်ခြင်း၊ ဇာတ်လမ်းတွဲများဖြင့် ပညာပေးပြသခြင်း၊ ရုပ်ရှင်ရုံ၊ ရုံး၊ ဘူတာ စသောလူအများစုဝေးရာနေရာများတွင် ဆေးလိပ်မသောက်ရန် ကန့်သတ်ခြင်းတို့ပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။

  ကျောင်းသားအရွယ် လူငယ်လူရွယ်များ ဆေးလိပ်သောက်သုံးခြင်းမှကင်းဝေးရန် ကျောင်းပရိဝုဏ်အတွင်းနှင့် ယင်းမှ ပေ ၁၀၀ အတွင်းဆေးလိပ်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်။ ၁၈ နှစ်မပြည့်သေးသူများကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချရန်စေခိုင်းခြင်း မပြုလုပ်ရန်လည်း ဥပဒေထုတ်ပြန်ပေးခဲ့သည်။   ဥပဒေပြဋ္ဌာန်းချက်များသည် ပြဋ္ဌာန်းရုံနှင့်မပြီးသေးဘဲ လူတိုင်းက ဥပဒေကို လိုက်နာဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိသည်။

ဆေးလိပ်သောက်ခြင်းအလေ့ဆိုးမှာ လူတစ်ဦးချင်းအတွက်လည်းမကောင်း၊ မိသားစုအတွက်လည်းမကောင်း၊ နိုင်ငံအတွက်လည်းမကောင်းပေ။ဆေးလိပ်မသောက်ရ၍ သေမသွားဘဲ ထမင်းမစားရလျှင်သာ သေသွားနိုင်သည်ဟူသော  မှန်ကန်သောအတွေးကို ခိုင်မာစွာထားရှိ မွေးမြူဆောင်ရွက်နိုင်လျှင် ဆေးလိပ်မပြတ်နိုင်စရာအကြောင်းမရှိပေ။ဆေးလိပ်စွဲသူများသည် စောစီးစွာ ဆေးလိပ်ဖြတ်ရန်ကြိုးစားရမည်။ ဆေးလိပ်ဖြတ်ကာစတွင်ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓာတ်က လှုံ့ဆော်မှုကြောင့် ခေါင်းကိုက်သလို၊ ဗိုက်နာသလို၊ စိတ်ဓာတ်ကျသလို၊ စိတ်ဂနာမငြိမ်မှုများဖြစ်တတ်သည်။  ထိုခံစားချက်များသည် စိတ်၏လှည့်စားမှုများသာဖြစ်၍ယာယီသာဖြစ်ပေါ်တတ်ရာ ကြိုးစားကျော်လွှားခြင်းဖြင့် အောင်မြင်မှုရရှိမည်ဖြစ်သည်။   ထို့ကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ဆေးလိပ်ကင်းစင်စေရန် ပြောရုံနှင့်မပြီး၊ ရေးရုံနှင့်လည်း မထိရောက်နိုင်ပေ။ လူတိုင်းက ဆေးလိပ်အန္တရာယ် တားဆီးကာကွယ်ရေးဥပဒေများကို မိမိကိုယ်တိုင်လေးစားလိုက်နာလျက် မိမိတို့ရပ်ကွက်၊ မြို့ရွာအတွင်း ဆေးလိပ်မသောက်ကြရန်တားမြစ်ကြရပေမည်။ဆေးလိပ်၏ အကြောင်းအကျိုးကိုပြောပြ၍ ဆုံးမလမ်းပြကြရမည်။ သို့မှသာ ပြည်သူတစ်ရပ်လုံးကကျန်းမာရေးအသိဖြင့် ဆေးလိပ်ကိုရှောင်ကြဉ်နိုင်လာပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးအဆင့်အတန်းမြင့်မားသော လူ့ဘောင်ကို တည်ဆောက်နိုင်ကြမည်ဖြစ်ပေသည်။     ။

Source: Myawady Web Portal

Photo - Similar PNG