တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ
Posted_Date
Image

Body
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ၂၀၂၀ ပြည့်နှစ်က စတင်အတည်ပြုတွေ့ရှိခဲ့ပြီး အဆိုပါရောဂါကြောင့် ကမ္ဘာတစ်ဝန်း ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ယခုအခါမှာလည်း နိုင်ငံအချို့မှာ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်လာတာကို တွေ့ရှိလာပါတယ်။ ထိုင်း၊ အိန္ဒိယ၊ အင်္ဂလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ဖော်ပြအပ်ပါတယ်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ ဇွန် ၁၃ ရက်က ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူအသစ် ၁၂၁၈၁ ဦး ရှိပါတယ်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း ယခုနှစ်ဇန်နဝါရီလမှစကာ ယင်းရောဂါဖြစ်ပွားသူ စုစုပေါင်းအရေအတွက်မှာ ၄၇၁၇၈၁ ဦး ရှိပါတယ်။ ဆက်လက်ပြီး ယခုနှစ်အတွင်း ယင်းရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၁ ဦး ရှိပြီဖြစ်တယ်။
အိန္ဒိယနိုင်ငံ
အလားတူ အိန္ဒိယနိုင်ငံမှာ မေလနှောင်းပိုင်းကစကာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းတွေ ရုတ်တရက် တိုးလာပါတယ်။ အိန္ဒိယနိုင်ငံမှာ ဇွန် ၁၄ ရက် တစ်ရက် တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သစ် ၂၆၉ ဦးတွေ့ရှိသဖြင့် ရောဂါကူးစက် ခံရသူစုစုပေါင်း ၇၃၈၃ အထိ တိုးလာပါတယ်။ ထို့ပြင် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၉၇ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူတွေဟာ ကီရာ၊ မဟာရက်ရှ်ထရာ၊ ရာဂျစ်စသန်၊ တမီးလ်နာဒူပြည်နယ်တွေက ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ တွေဟာ ဂူဂျာရတ်ပြည်နယ်မှာ ၁၄၃၇ ဦး၊ အနောက်ဘန်ဂေါပြည်နယ်မှာ ၇၄၇ ဦး၊ ဒေလီမြို့မှာ ၆၇၂ ဦး၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာ ၆၁၃ ဦး၊ ခါနာတာခါ ပြည်နယ်မှာ ၅၂၇ ဦးနဲ့ ဥတ္တရာပရာဒက်ရှ် ပြည်နယ်မှာ ၂၄၈ ဦးတို့ အသီးသီးရှိကြပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး နောက် ငါးနှစ်ကျော်အကြာ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့နိုင်ငံတွေအနက် အိန္ဒိယနိုင်ငံလည်းအပါအဝင် ဖြစ်ပါတယ်။ ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ်ဟာလည်း ဆက်လက်ပေါ်ထွက်လာခဲ့တယ်။
အင်္ဂလန်နိုင်ငံ
အင်္ဂလန်နိုင်ငံမှာ NB.1.8.1 မျိုးကွဲ ကူးစက်ဖြစ်ပွားသူ ၁၃ ဦးရှိတယ်လို့ ယူကေကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ(ယူကေအိတ်ချ်အက်စ်အေ)က ဆိုတယ်။ ဧပြီလနှောင်းအပိုင်းအထိ NB.1.8.1 မျိုးကွဲကူးစက်ဖြစ်ပွားသူမှာ ကမ္ဘာလုံးဆိုင်ရာ တင်ပြချက်များ၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို)က ထုတ်ပြန်ထားပါတယ်။ အဆိုပါအရေ အတွက်မှာ မတ်လအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာကနေတိုးလာတာ ဖြစ်တယ်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံမှာလည်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်မြင့်မားမှုကို ကြိုတင်ကာကွယ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေကို သတိပေး တိုက်တွန်းထားပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါတွေ ကူးစက်မှု မြင့်တက်လာတဲ့အခါမှာ ကိုဗစ်လူနာ တွေကိုထားရှိဖို့ လိုအပ်တဲ့အထောက် အကူပစ္စည်းတွေ၊ သီးခြားနေရာတွေနဲ့ ဆေးဘက်ဆိုင်ရာပံ့ပိုးကူညီမှုတွေ ကြိုတင်ပြင်ဆင်ဖို့ နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် သတင်းအေဂျင်စီက ထုတ်ပြန်ထားတယ်။
ဆက်လက်ပြီး ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သည့်အုပ်စုများကို ကာကွယ်ရေးအစီအမံများ အကောင်အထည်ဖော်ရန် လိုအပ်ချက်များကို ဝန်ကြီးဌာနက အလေးပေးညွှန်ကြားထားပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ မေ ၃၀ ရက်မှ ဇွန် ၆ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၅၀ အတည်ပြု တွေ့ရှိတယ်လို့ ဗီယက်နမ်သတင်း အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်မှစကာ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၅၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ပါက ၁၀၉ ယောက် လျော့နည်းကျဆင်းသွားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ
ဒေသတွင်းနေရာအချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် အရှေ့တောင်အာရှဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုကို စိတ်ဝင်တစားစောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန(ဒီအိုအိတ်ချ်)က ဆိုတယ်။
ယခုနှစ် ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၇၇၄ ဦး တွေ့ရှိပြီး ၂၀၂၄ ခုနှစ်က ကူးစက်ဖြစ်ပွားသူ ၁၄၀၇၄ ဦးထက် ကျဆင်းသွားပါတယ်။ နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူနဲ့ သေဆုံးသူအရေအတွက်မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်ကြည့်ပါက ၈၇ ရာခိုင်နှုန်း လျော့နည်းသွား တယ်လို့ ဒီအိုအိတ်ချ်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူနှုန်းမှာ ၁ ဒသမ ၁၃ ရာခိုင်နှုန်းသာရှိပြီး အများပြည်သူတွေ သိရှိစေဖို့အတွက် ကူးစက်မှုအခြေအနေတွေ ပြောင်းလဲလာပါက အချိန်နဲ့တစ်ပြေးညီ တင်ပြသွားမယ်လို့ ဒီအိုအိတ်ချ်ကဆိုတယ်။
အင်ဒိုနီးရှားနိုင်ငံ
အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ မျိုးကွဲကူးစက်မှုသစ်တွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှား သမ္မတပရာဘိုဝို ဆူဘီယန်တိုက ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီ ဆာဒီကင်ကို ဂျကာတာမြို့ရှိ နိုင်ငံတော်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း မျိုးကွဲသစ်တွေ ဝင်ရောက်မှုကို ကာကွယ်ဖို့နဲ့ အမျိုးသား ကျန်းမာရေးစနစ်အားကောင်းစေဖို့ မဟာဗျူဟာအစီအမံတွေ ဆွေးနွေးခဲ့ပါတယ် လို့ ကျန်းမာရေးဝန်ကြီး ဆာဒီကင်က ပြောပါတယ်။
ပြည်သူတွေ စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး။ ဒီဗိုင်းရပ်စ်မျိုးကွဲဟာ အတော်ပျော့ပေမယ့်လည်း သတိထားနေထိုင်ကြဖို့ ဆာဒီကင်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကိုဗစ်-၁၉ ရောဂါ စုစုပေါင်း လူ ၂၁၆၀ ကို စမ်းသပ်ခဲ့ရာမှာ ၇၂ ဦးကို အတည်ပြုတွေ့ရှိပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဌာနမှ အကြီးအကဲဖြစ်သူ အာဂျီမူဟော်ဝါမန်က ပြောပါတယ်။
နယူးဇီလန်နိုင်ငံ
နယူးဇီလန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ နိုင်ငံတစ်ဝန်း မကြာသေးမီက ဆေးရုံတက်ရောက်ကုသမှုနဲ့ ရောဂါဖြစ်ပွားမှုတွေ တိုးလာတာကို အချက်အလက်တွေအရ သိရပါတယ်။
နယူးဇီလန်နိုင်ငံဟာ ယခုနှစ် ဆောင်းရာသီ အအေးဆုံးအပူချိန်နဲ့ ရင်ဆိုင်ရပြီး မကြာသေးမီက နိုင်ငံရဲ့ ဒေသအချို့မှာ အပူချိန်သုညအောက်ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး South Island ရဲ့ နေရာတွေကို ဆီးနှင်းတွေ ဖုံးလွှမ်းခဲ့ပါတယ်။
ယင်းသို့ အလွန်အေးတဲ့ ရာသီဥတုကြောင့်လည်း ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက် တိုးလာခြင်းဖြစ်ပါတယ်။ အလားတူ လူပေါင်းတစ်သန်းကျော်ကလည်း တုပ်ကွေးရောဂါ ကူသမှုခံယူရတယ်လို့ အစိုးရရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၁၀ ရက်နဲ့ ဇွန် ၁၁ ရက် နှစ်ရက်အတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူ ၂၃ ဦး တွေ့ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရှိလာပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကိုဗစ် -၁၉ ရောဂါ ခုခံနိုင်စွမ်း ကျဆင်းလာမှုကို ပြန်လည်မြှင့်တင်ပေးဖို့အတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အသက် ၆၀ နှင့်အထက် ပြည်သူတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေကို ကာကွယ်ဆေးထိုးပေးမယ်လို့ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အမ်ဒီအဘူဂျက်ဖောက ပြောပါတယ်။ ။
Source: MOI