အသည်းအကြောင်းသိကောင်းစရာ

Posted_Date

Image

အသည်းအကြောင်းသိကောင်းစရာ

Body

ကျွန်တော်တို့ ကျောရိုးရှိသတ္တဝါတွေ၏ အစာချေစနစ်မှာ အသည်းသည် အရေးပါသည့် အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သည်းခြေ အရည်ထုတ် ပေးခြင်း၊ ဗီတာမင်ဓာတ်များကို ပြုပြင်ပေးခြင်း နှင့် အစာချေရာမှာ လိုအပ်သည့် ဓာတ်ပစ္စည်းများကို ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါသည်။ ယနေ့ခေတ်ဆေးပညာတွင် အသည်းကို ဂရိဘာသာမှဆင်းသက်လာသည့် Hepato (သို့မဟုတ်) Hepatic ဟုခေါ်ယူကြပါတယ်။ ဥပမာ အသည်းရောင် ရောဂါကို Hapatitis ဟုခေါ်ဝေါ်ကြပါသည်။ အသည်းသည် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါသည်။

ဘယ်လိုအချက်တွေက အသည်းရောဂါဖြစ်တတ်သလဲ?

အသည်းကအဓိကထုတ်ပေးသည့် အဆီတစ်မျိုးဖြစ်သည့် ကိုလက်စထရောသည် ကိုယ်ခန္ဓာ၏ ဆဲလ်တွေအတွက် လိုအပ်သည်။ သို့သော် အဆီဓာတ်တွေ အလွန်များပြားလာသောအခါ အသည်းက မချေဖျက်ပေးနိုင်တော့ပဲ ဒဏ် ပို လာနိုင်ပြီး အသည်းအဆီဖုံးဆိုသည့် ရောဂါမျိုး ဖြစ်လာစေပါသည်။ ထို့ကြောင့် အသား၊ အဆီ၊ အချိုများသည့် အစားအစာတွေ၊ ကြက်ဥအနှစ်များ၊ ဆားများသော အစားအစာတွေကို အဓိကထားရှောင်ကြဉ်ပြီး အသီးအရွက်များကို ပိုမိုစားသုံးသင့်ပါသည်။

ညအချိန်အိပ်တာနောက်ကျခြင်းသည် အသည်းကို အဓိက အနှောက်အယှက်ဖြစ်စေတတ်သည့် အလေ့အကျင့် တစ်မျိုးဖြစ်ပါသည်။ အသည်းသည် ညအိပ်ချိန်မှသာ အဆိပ်အတောက်တွေ ချေဖျက်သည့် အလုပ်ကို စတင် လုပ်ဆောင်ပါသည်။ ပြန်ရည်ကြောတွေက အဆိပ်တွေကို အရင်စွန့်ပစ်ပါသည်။ အဆိပ်ထုတ်သည့်လုပ်ငန်းစဉ်ကို ညအချိန် ၁၂ နာရီမှ ၂ နာရီအတွင်းလုပ်ဆောင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်သည် ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောအချိန်မှာမှ စတင်လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် အိပ်ရေးဝဝလင်လင်အိပ်ပေးဖို့ လိုအပ်ပါသည်။

နံနက်အချိန် ကျွန်တော်တို့အိပ်ယာနိုးသည့်အချိန်မှာ အရေးတကြီး ဆီးမသွားနိုင်ခြင်း၊ ဆီးမသွားခြင်း၊ အချိန် အတော်ကြာမှသာ အိမ်သာသွားခြင်းဟာ အန္တရယ်များစေသည့် အလေ့အကျင့်တစ်ခုပဲဖြစ်ပါသည်။ ဆီးကို အချိန် ကြာရှည်စွာ အောင့်ထားခြင်းက အသည်းကိုရော ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်သည့် အကျင့်ဖြစ်ပါသည်။

ခန္ဓာကိုယ် အချိုဓာတ်အနည်းပါးဆုံးအချိန်က ကျွန်တော်တို့နံနက်အိပ်ယာ နိုးထသည့်အချိန်ဖြစ်ပါသည်။ အချိုဓာတ် နည်းပါးနေချိန်တွင် အသည်းသည် သူလုပ်ဆောင်ရမည့် အလုပ်များကို မလုပ်ကိုင်တော့ပါဘူး။ ထို့ကြောင့် နံနက်စာကို ရှောင်ရှားခြင်း လုံး၀ မပြုလုပ်ပါနှင့်။ နံနက်စာက ခန္ဓာကိုယ်တစ်လုံးအတွက် အကောင်းဆုံးအစား စားချိန်ဖြစ်ပါသည်။ နံနက်ခင်းတိုင်းဟာ ခန္ဓာကိုယ်၊ အသည်းနှင့် ဦးနှောက်တွေအတွက် အစာအာဟာရကို အလိုအပ်ဆုံးအချိန်ဖြစ်ပါသည်။

နောက်ဆုံးတစ်ခုအနေဖြင့် ကျွန်တော်တို့ အခုခေတ်မှာ အချိန်မရတာကြောင့် အလုပ်တွေကြောင့် Fast Food ( အသင့်စား အစားအစာ)တွေကို စားသုံးမိတတ်ကြပါသည်။ ဒါတွေဟာ အချိန်ကြာလာသည်နှင့်အမျှ ကယ်လိုရီ၊ အချို၊ အငန်နှင့် အဆီတွေက သွေးတိုးနှင့် သွေးအတွင်းက အဆီဓာတ်တွေ တိုးပွားစေပြီး ကျန်းမာရေး နှင့်မညီညွတ်ဘူးဆိုတာ မေ့ထား လို့မရပါဘူး ။ အရက်က အသည်း ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားသည့် အချက်တစ်ခုပါပဲ။ အရက်ဟာ အသည်း၏ ချေဖျက်ခြင်း လုပ်ငန်းတွေကို အနှောက်အယှက်ပေးရုံသာမကဘဲ အသည်း၏ ဆဲလ်တွေကို ဖျက်ဆီးတတ်ပါသည်။ အရက်ကြောင့် အသဲအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့်အသည်းကောင်းလို့ ပွဲမတောင်းခင် အသည်းကောင်းဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြုမူ လေ့ကျင့်နေထိုင်ပြီး ပျော်ရွှင်ကျန်းမာသော ဘဝမျိုးကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်တို့ အာရှတော်ဝင် ဆေးရုံကြီး မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

Photo – Medstar Health