တစ်ကြော့ပြန် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်လက်လိုက်နာနေရမည့် ကာကွယ်ရေးနည်းလမ်းများ

Posted_Date

Image

တစ်ကြော့ပြန် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်လက်လိုက်နာနေရမည့် ကာကွယ်ရေးနည်းလမ်းများ

Body

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဖြစ်ပွားခဲ့သော  ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ဖြစ်ပွားခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတ်လ  ၁၁  ရက်က  ကမ္ဘာ့ကပ်ရောဂါအသွင်အဖြစ် ကမ္ဘာအနှံ့သို့ပျံ့နှံ့ကာ  ရောဂါ ဖြစ်ပွားနှုန်းသာမက အသေပျောက်နှုန်းလည်းများခဲ့သည်။ လူဦးရေ ၇၇၅ သန်းကျော်ရောဂါခံစားခဲ့ရပြီး ၇ သန်းကျော် သေဆုံးခဲ့သဖြင့် သေဆုံးနှုန်း သုည ဒသမ  ၉  ရာခိုင်နှုန်းရှိခဲ့သည်။   အမှန်တကယ် ဖြစ်ပွားမှုနှုန်း၊ သေဆုံးနှုန်းမှာ လက်ရှိကိန်းဂဏန်းများထက် ပိုများနိုင်မည်ဟုလည်း သိမြင်ခဲ့ကြသည်။ကမ္ဘာ့ကပ်ရောဂါသမိုင်းတွင် အဆင့် ၅ သေဆုံးမှု အများဆုံးကပ်ရောဂါဖြစ်ခဲ့သည်။

ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ရန် ကျောင်းများ၊ အလုပ်ခွင်များ  ပိတ်ထားရပြီး ခရီးသွားလာမှုများ ကန့်သတ်ထားရသဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက် နစ်နာမှုများကို တစ်ကမ္ဘာလုံး ခံစားခဲ့ရသည်။ မိသားစုဝင်များဆုံးရှုံးခြင်း၊ မိမိကိုယ်တိုင် နာမကျန်း ဖြစ်ခြင်းနှင့်  ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများခံစားရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အစာ ရေစာရှားပါးခြင်းတို့ကြောင့်   စိတ်ဓာတ်ကျဆင်းမှုများကိုလည်း ခံစားကြရသည်။ ကျန်းမာရေးဝန်ထမ်း များစွာအသက်ဆုံးရှုံးခဲ့ရသည်။   ကာကွယ်ဆေးစမ်းသပ်အောင်မြင်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှစ၍ ပြည်သူလူထုကို စတင်ထိုးနှံပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်က ပထမလှိုင်း၊ ဒုတိယလှိုင်း၊   ၂၀၂၁ ခုနှစ်က   တတိယလှိုင်းအထိ ပြင်းထန် စွာဖြစ်ပွားခဲ့ပြီး အစိုးရ၏ ဦးဆောင်ကြိုးပမ်းမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လူမှုဝန်ထမ်းဆောင်ရွက်သူများ၏ မလျှော့သော ဇွဲလုံ့လနှင့်ကိုယ်ကျိုးစွန့်   ဆောင်ရွက်မှုများဖြင့် ကျော်ဖြတ်ခဲ့ကြရသည်။ ကာကွယ်ဆေးများ အချိန်နှင့်တစ်ပြေးညီထိုးနှံနိုင်ရန်တာဝန်ရှိသူများ ကကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စတုတ္ထလှိုင်းမှစ၍ရောဂါဖြစ်ပွားနှုန်းများသော်လည်း ရောဂါပြင်းထန်မှုနည်းလာသဖြင့်    အသေပျောက်နှုန်းနည်းလာကြသည်။ နောက်ပိုင်းကာလများတွင် မိမိကိုယ်တိုင်ရောဂါခံစားခဲ့ရသဖြင့် ကိုယ်ခံစွမ်းအားရှိလာခြင်းနှင့်   ကာကွယ်ဆေးများတစ်ကြိမ်မကထိုးနှံခဲ့ရခြင်းကြောင့် ရောဂါပြင်းထန်မှုနည်းလာကြသည်။ ကိုဗစ်-၁၉ ရောဂါကို ရာသီတုပ်ကွေးအသွင်ဖြင့်  သတ်မှတ်ပြီး  ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးကာ လူမှုရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အသွင်ပြောင်းများစွာသည်  လူထုကြား  ဆက်လက်တည်ရှိနေပြီး အခါအခွင့်သင့်လျှင် လှိုင်းအသွင်ဖြင့် လူအများကြား ရောဂါဖြစ်ပွားစေခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲများအခြေအနေကို ဆက်လက်စောင့်ကြည့်လေ့လာလျက်ရှိသည်။ ၂၀၂၄  ခုနှစ် စက်တင်ဘာလမှစ၍  မျိုးကွဲ BA.2.86 နှင့် JN.1 ကိုအထူးစောင့်ကြည့်လေ့လာခဲ့သည်။ လက်ရှိတွင် JN.1 ၊ NB.1.8.1 ၊ XEC ၊LP.8.1၊ XFG တို့မှာ ကမ္ဘာ့နိုင်ငံတချို့တွင် ရာသီတုပ်ကွေးအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော်လည်း ဆေးရုံတက်ရောက်ကုသရနှုန်း၊ သေဆုံးနှုန်းမှာ နည်းလာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ခံယူထားပြီး ရောဂါပိုးအခြေအနေ၊ ရောဂါဖြစ်ပွားမှုနှင့် ရောဂါလက္ခဏာများကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း မေလဆန်းမှစ၍ ရောဂါဖြစ်ပွားမှုကို စတင်သိရှိခဲ့ပြီး မေလအတွင်း လူနာခြောက်ဦးကို  တွေ့ရှိခဲ့သည်။ ရာခိုင်နှုန်းအနေဖြင့်သုည ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။  ဇွန်လအတွင်း၌  လူနာသစ်တွေ့ရှိမှု ၁၀၀ နီးပါးရှိလာခဲ့သည်။ အဓိကအားဖြင့်ရန်ကုန်တိုင်းဒေသကြီး၌တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့တွင်လည်း အနည်းငယ်စီဖြစ်ပွားခဲ့သည်။ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ် သေဆုံးမှုဦးရေ သတင်းပို့အချက်အလက်များမရှိခဲ့ပါ။  သို့ရာတွင်ကျန်းမာရေးဌာနသို့  သတင်းမပို့၊ စစ်ဆေးမှုမခံယူဘဲ မိမိအိမ်အတွင်း၌သာ အိမ်သုံးဆေးသောက်ပြီးသက်သာသူ  ဆေးခန်းများတွင် တုပ်ကွေးအဖြစ် ပြသကုသမှုခံယူသူများစွာ ရှိနေခဲ့သည်။ထို့ကြောင့်ကျန်းမာရေးဌာနများမှ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီးအသက်၆၅နှစ်နှင့်အထက်၊ ကိုယ်ဝန်ဆောင်သုံးလနှင့်အထက်ရှိသူ၊ကိုယ်ခံစွမ်းအားကျဆင်းနေသူ၊ကင်ဆာရောဂါ၊ဆီးချိုရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနာတာရှည်ရောဂါရှိသူများ၊ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် အိမ်သုံးဆေးများဖြစ်သော အကိုက်အခဲပျောက်ဆေး၊ နှာစေး၊ ချောင်းဆိုးခြင်းကို  သက်သာစေသောဆေးနှင့်  ဓာတ်ဆားများသောက်သုံးခြင်းဖြင့် သက်သာနိုင်သော်လည်း ရောဂါပြင်းထန်ပါက  ပိုးသတ်ဆေးများပါ  သောက်သုံးရသည်။  အထူးသဖြင့်  ထိုကာလများတွင်  ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေရန် နွေးနွေးထွေးထွေးနေထိုင်ခြင်း၊ အာဟာရပြည့်ဝပြီး ပူနွေးသန့်ရှင်းသော အစားအစာများစားသုံးခြင်း၊ ရေများများသောက်ခြင်း၊ စိတ်ရောကိုယ်ပါအနားယူခြင်းများ လုပ်ဆောင်သင့်ပါသည်။ ရောဂါဝေဒနာခံစားနေရချိန်တွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။ ရောဂါပြင်းထန်ပါကသက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပြသကာ စနစ်တကျကုသမှုခံယူရပါမည်။ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါသည် သွေးဆိပ်ပြန့်ခြင်း၊ နှလုံးရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့သွေးခဲများ ပိတ်ဆို့ခြင်းကိုဖြစ်စေကာ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါသည်။

ကိုဗစ်-၁၉ ရောဂါလှိုင်းအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားနေချိန်တွင် ရောဂါမကူးစက်စေရန်  ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းမှကူးစက်တတ်သောရောဂါဖြစ်သောကြောင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေသင့်သကဲ့သို့ လူစုလူဝေးရှိရာသို့  သွားလျှင်  နှာခေါင်းစည်းတပ်ဆင်သင့်ပါသည်။ ရောဂါရှိသူထံမှ နှာစေး၊ ချောင်းဆိုး၊ စကားပြော၊ အသက်ရှူထုတ်ခြင်းဖြင့် ရောဂါပိုးမွှားများ  အနီးရှိသူများကို  ကူးစက်နိုင်သဖြင့်  ပါးစပ်ကိုအုပ်၍နှာစေး၊ ချောင်းဆိုးခြင်းနှင့် နေမကောင်းစဉ်နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်သည်။

ရောဂါပိုးများကပ်ငြိနေသည့်အသုံးအဆောင် တံခါး၊ စားပွဲ စသည်တို့ကို ထိတွေ့ခြင်းဖြင့် မိမိထံသို့  ကူးစက်နိုင်သောကြောင့်လက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးကြောသင့်သကဲ့သို့ရေမလိုလက်သန့်ဆေးရည်များကိုလည်း မကြာခဏ အသုံးပြုသင့်သည်။လက်ဖြင့်မျက်လုံး၊  နှာခေါင်း၊ ပါးစပ်များကို ကိုင်တွယ်တတ်သည့်အလေ့အကျင့်ကို ရှောင်ကြဉ်ရပါမည်။ နေမကောင်းစဉ်မိမိထံမှ သူတစ်ပါးသို့မကူးစက်စေရန်မိမိအိမ်တွင်း၌ သီးသန့်နေထိုင်သင့်သည်။ရောဂါကူးစက်ပြန့်ပွားနိုင်သောကာလမှာ ရှစ်ရက်ရှိသဖြင့် ထိုကာလအတွင်း တခြားသူသို့  ကူးစက်ပြန့်ပွားမှုမရှိစေရန် သတိပြု ဆင်ခြင်နေထိုင်ရပါမည်။

ကိုဗစ်-၁၉ ရောဂါခံစားရပြီးနောက်ပိုင်း လူနာ ၅   ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများအဖြစ် နုံးချိခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ချွေးများထွက်ခြင်း၊ ရင်တုန်ခြင်း၊ မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းဆောင်ရည်များကျဆင်းခြင်း၊ ကြွက်သားများအားနည်းခြင်းတို့ကို ခံစားရနိုင်သည်။ ထို့ပြင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများလည်း ခံစားရတတ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အမြဲသတိရှိနေရန်နှင့် ကာကွယ်ရမည့်နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သည်။ ကျန်းမာရေးဌာနမှအချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာလျက် ရောဂါဖြစ်ပွားကူးစက်နိုင်မှုလျှော့ချနိုင်ရန် ကာကွယ်နိုင်မှုနည်းလမ်းများကိုလည်းဆက်လက်လိုက်ပါ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။          ။  

MWD Web Portal