ကျောက်ကပ် ကျောက်တည်ခြင်း

Posted_Date

Image

ကျောက်ကပ် ကျောက်တည်ခြင်း

Body

ကျောက်ကပ်မှာ ကျောက်တည်ပြီဆိုပါတော့။ မိမိဘာသာ ဂရုတစိုက် ဆင်ခြင်ရမည့် အချက်တွေရှိပါသည်။ အဲဒါတွေကတော့ -
ရေများများသောက်ရမည်။
အစားအသောက်ကို ရွေးစားရမည်။   

ကျောက်ကပ်မှာတည်သည့် ကျောက်အမျိုးအစားက အများကြီးဖြစ်နိုင်ပါသည်။

Calcium stone က အဖြစ်အများဆုံးကျောက် အမျိုးအစားပဲ ဖြစ်ပါသည်။

Uric acid stone က မိမိ၏ ဆီးထဲမှာ acid ဓာတ်တွေ များနေပါက ဖြစ်တတ်ပါသည်။

Struvite stone က ဆီးလမ်းကြောင်းပိုးဝင်ပါ များပါက ဖြစ်တတ်သည့် ကျောက်ပါ။

Cystine stone က မျိုးရိုးလိုက်ပြီး ဖြစ်တတ်သည့် ကျောက်ကပ်ကျောက်တစ်မျိုးပါ။

အရွယ်အစားကတော့ သေးသေးမွှားမွှားလေးတွေကနေ ပုလဲလုံးလောက်အထိ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အဆိုပါ ကျောက်များသည် ဆီးလမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ပြီး နာကျင်၊ ရောင်ရမ်းတာကို ဖြစ်စေသလို တစ်ခါတလေကျတော့လည်း သူ့ဘာသာ ရှောရှောရှူရှူ ခန္ဓာကိုယ်ထဲက ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကုသတာပဲ ဖြစ်ဖြစ်၊ ကာကွယ်တာပဲ ဖြစ်ဖြစ် အရေးကြီးသည်မှာ ရေများများသောက်ရန် ဖြစ်ပါသည်။

တစ်နေ့ကို ဆီး ၂ လီတာ နီးပါး ထုတ်နိုင်သည့် ပမာဏအထိ သောက်ပါ။

ရေအစား အသီးဖျော်ရည်တွေ ၊ သံပရာရည်တွေလည်း သောက်နိုင်ပါသည်။

ကော်ဖီနှင့် လက်ဖက်ရည်ကိုတော့ တစ်ရက်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနှင့်။

ဆီးအရောင်ရင့်နေခြင်းသည် ရေလုံလောက်စွာ မသောက်ထားဘူးဆိုသည်ကို ပြနေခြင်းဖြစ်သည့်အတွက် ဆီးအရောင် ဖျော့ဖျော့သွားသည်အထိ ရေသောက်ပါ။

ဘယ်လို အစားအသောက်တွေ စားရမလဲ/ရှောင်ရမလဲ?

ရှောင်သင့်သည့် အစားအစာတွေက သင်၏ကျောက် အမျိုးအစားပေါ် မူတည်ပါသည်။

သင်၏ကျောက်သည် calcium stone ဆိုပါက -

ဆား လျှော့စားပါ။

 နို့တွေ၊ ဒိန်ချဉ်များကို တစ်ရက် တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ ဒိန်ခဲ၊ ကမာ၊ တို့ဖူးနှင့် တခြား calcium ပါသည့် အစားအစာတွေ များများစားတာမျိုး ရှောင်ပါ။

လိမ္မော်သီး၊ သံပရာသီးနှင့် တခြားချဉ်သည့် အသီးတွေကို များများစား/ဖျော်သောက်တာမျိုး လုပ်ပါ။

အသား လျှော့စားပါ။ အဆီများသည့် အသားများကို ရှောင်ပါ။

Vit D အားဆေးတွေ၊ calcium ပါသည့် ဆေးများ သောက်သုံးခြင်းကို ရှောင်ပါ။

တချို့အစာအိမ်ဆေးတွေမှာ calcium ပါဝင်ခြင်းများ ရှိတတ်သဖြင့် ဆရာဝန်ကို မေးပြီးမှသောက်ပါ။
Vit C နှင့် ငါးကြီးဆီ သောက်သုံးလိုပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ။

Calcium oxalate stone ဆိုပါက ဘယ်ရီသီးခြောက်၊ စတော်ဘယ်ရီ၊ စပျစ်သီးတွေရယ်၊ သကြားမုန်လာ၊ ကြက်သွန်မြိတ်၊ ဖရုံသီး အနွယ်ဝင် အသီးတွေ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်၊ ကော်ဖီ၊ အစေ့အဆံ၊ တို့ဖူးနှင့် ချောကလက်တွေကိုပါ လျှော့စားရပါမည်။

သင်၏ကျောက်သည် Uric acid stone ဆိုရင်တော့ -

အရက်
ငါးပါးနီ၊ ငါးသလောက်၊ sardines

ကညွတ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ မှို

ပဲအမျိုးမျိုး
ကလီစာ
အဆီတွေကို ရှောင်ပါ။

တခြား ဆင်ခြင်ရမှာက ဆီကြော်မုန့်၊ ရေခဲမုန့် စသည့် အဆီများသော အစားအစာများ အပြင် အသားကို တစ်နပ် ၃ အောင်စထက် ပိုမစားပါနှင့် ။ ကိုယ်အလေးချိန် လျှော့ချနေသည်ဆိုပါက ဖြေးဖြေးပဲ လျှော့ပါ။ အမြန်လျှော့လိုက်ရင် uric acid stone ဖြစ်ခြင်းကို ပို၍အားပေးပါသည်။

ဆရာဝန်ဆီ အမြန်ဆုံး သွားရမည့် အချိန်

ချမ်းတုန်၍ ဖျားလျှင်၊ အန်လျှင်၊ ခါးနာတာ အရမ်းဆိုးပြီး မပျောက်လျှင် ဆီးထဲမှာ သွေးပါလျှင်၊ ဆီးက အနံ့ အရမ်းဆိုးပြီး နို့နှစ်ရောင်/ အဖြူရောင်တွေ ဖြစ်ပါက ဆီးသွားတိုင်း နာတာ ကျင်တာ ပူတာမျိုးဖြစ်ပါက ဆရာဝန်ဆီ အမြန်ဆုံး သွားသင့်ပါသည်။