ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သကြားသည် ကာဘိုဟိုက်ဒရိတ်အမျိုးအစားဖြစ်ပြီး အစားအစာ၊ အချိုရည်၊ အသီးများ၊ ဟင်းသီး ဟင်းရွက်၊ နို့ထွက်ပစ္စည်းများတွင်ပါဝင်သည်။ အခြားသော အချိုရည်၊ စားသောက်ကုန်လုပ်ငန်းများတွင် အစားအစာများပြုပြင်ထိန်းသိမ်းရန်အတွက် သကြားကိုထည့်သွင်းအသုံးပြုကြသည်။ ထိုသို့အစား အစာများထုတ်လုပ်ရန်အတွက် သကြားလိုအပ်ချက်ရှိလာသည်။ သကြားထုတ်လုပ်ရန်အတွက် သကြားထွက်သီးနှံများကို အသုံးပြုကြသည်။ သကြားထွက်သီးနှံများဖြစ်သည့် ကြံ၊ သကြားမုန်လာ၊ ထန်းပင်၊ နှံစားပြောင်းချို၊ ပြောင်းချိုစသည့်သီးနှံများမှထုတ်ယူသော်လည်း သကြားကို ကြံနှင့်သကြား မုန်လာမှ အဓိကထုတ်လုပ်သည်။

ထွက်ရှိရာဒေသများ

သကြားမုန်လာပင်ဟုခေါ်သော်လည်း  မုန်လာဥ၊   ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်းမတူသည့်အပြင် မုန်လာဥဝါနှင့်လည်း မျိုးရင်းချင်းမတူဘဲ သကြားမုန်လာပင်သည် မူလတွင် ကက်စပီယံမြေထဲပင်လယ်ဒေသ၌ အလေ့ကျပေါက်သောအပင်တစ်မျိုး ဖြစ်သည်။ ရှေးနှစ်ပေါင်းနှစ်ထောင်ခန့်တွင် ယင်းကို လူသားတို့သည် အစားအစာအဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ ၁၈ ရာစုတွင် စတင်သကြားထုတ်လုပ်ရန်စမ်းသပ်ခဲ့သည်။ ၎င်းသီးနှံကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၅၇  နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ဥရောပဒေသတွင် အဓိကစိုက်ပျိုးပြီး အာရှဒေသနှင့် မြောက်အမေရိကဒေသတွင်စိုက်ပျိုးမှုနည်းသည်။ အများဆုံးစိုက်ပျိုးသောနိုင်ငံများမှာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဂျာမနီ ၊ ပြင်သစ်၊ တူကီယဲ၊ တရုတ်၊ ပိုလန်၊ အီဂျစ်၊ ဗြိတိန်၊ အီရန်၊ ဘီလာရုစ်၊ နယ်သာလန်၊ အီတလီနှင့် ဘယ်ဂျီယံနိုင်ငံတို့ဖြစ်သည်။ 

သကြားမုန်လာ၏ သိပ္ပံအမည်မှာ Beta vulgaris L. ဖြစ်ပြီး မျိုးရင်းမှာ Chenopodiaceae  ဖြစ်သည်။ သကြားမုန်လာပင်၏ အရွက်စိမ်းကြီးများသည် ထူ၍အရည်ရွှမ်းသောအမျိုးအစားဖြစ်သည်။ ဥများမှာ အဖြူမှအနီရင့်ရင့်အထိ အရောင်အမျိုးမျိုးရှိကြသည်။ တချို့ဥများမှာ ဘောလုံးကဲ့သို့လုံး၍  တချို့မှာ  ကျင်ပုံသဏ္ဌာန်ရှိပြီး  တချို့မှာမူရှည်မျောမျောရှိသည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ကြံသီးနှံပြီးပါက ဒုတိယသီးနှံတစ်ခုဖြစ်သည်။ ကြံနှင့် သကြားမုန်လာမှရရှိသောသကြားကို အစားအစာ၊ အချိုရည်နှင့် အခြားသော   စက်မှုလုပ်ငန်းများတွင်အသုံးပြုသည်။ သကြားတွင် အဓိက sucrose, glucose နှင့် fructose  ပါဝင်သည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှု၏ ၂၁ ဒသမ ၈ ရာခိုင်နှုန်းပါဝင်ပြီး နှစ်နှစ်ခံ  သို့မဟုတ် နှစ်ရာသီအပင်အမျိုးအစားဖြစ်သည်။ သကြားမုန်လာတွင် သကြားပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်း ပါဝင်သည်။

သကြားမုန်လာတွင် ၉၀ ရာခိုင်နှုန်းသောသကြားကို ဥမှရရှိပြီး ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းကို အရွက်နှင့်ပင်စည်နှစ်ခုဆက်နေသော အစိတ်အပိုင်း(Crown)မှရရှိသည်။ ရိတ်သိမ်းပြီးသော သကြားမုန်လာတွင် ရေ ၇၅-၇၆ ရာခိုင်နှုန်း၊ သကြား ၁၅-၂၀ ရာခိုင်နှုန်း၊ သကြားပျက် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ကြိတ်ဖတ် ၄-၆ ရာခိုင်နှုန်းပါဝင်သည်။ သကြားမုန်လာ တစ်တန်ကို ကြိတ်ခွဲပါက  သကြား ၁၂၁ ကီလိုဂရမ်၊ တင်လဲရည်  ၃၈ ကီလိုဂရမ်တွင် သကြား ၁၈ ဒသမ ၂ ကီလို၊ သကြားပျက် ၁၂ ဒသမ ၁ ကီလို၊  ရေ ၇ ဒသမ ၈ ကီလိုနှင့် ကြိတ်ဖတ် ၅၀ ကီလိုတို့ပါဝင်သည်။

သကြားမုန်လာ၏ အသုံးဝင်ပုံ

သကြားမုန်လာသည် အအေးပိုင်းသီးနှံဖြစ်သော်လည်း ခေတ်မီသောမျိုးသစ်များထုတ်လုပ်၍ အပူပိုင်းနှင့် အပူသမပိုင်းဒေသများတွင်လည်း ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည်။ အဓိကအားဖြင့် သကြားထုတ်လုပ်ရန်စိုက်ပျိုးကြပြီး အချို့သောဒေသများတွင် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးကြသည်။ သကြားမုန်လာကို ကြိတ်ခွဲ၍ ရရှိလာသောကြိတ်ဖတ် နှင့်  တင်လဲရည်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ အီသနောကို သကြားပျက်၊  ကြိတ်ဖတ်၊  တင်လဲရည်မှထုတ်ယူပြီး ဘီယာချက်လုပ်ရန်နှင့် အချဉ်ဖောက်ရန်အတွက်လည်း  အသုံးပြုသည်။

သကြားမုန်လာသည် သက်တမ်းတိုသီးနှံဖြစ်ပြီး ကြံပင်သက်တမ်း၏ တစ်ဝက်ဖြစ်သည်။ ထို့ကြောင့် တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ နည်းသည်။ ထို့ပြင်သက်တမ်းတိုသည့်အတွက် ရေလိုအပ်ချက်နည်းသည်။ သကြားမုန်လာမှ သကြား  ၁ ကီလို ထုတ်လုပ်ရန်အတွက် ရေလိုအပ်ချက်မှာ ၁ ဒသမ ၄ ကုဗမီတာလိုအပ်ပြီး ကြံသီးနှံအတွက် ရေလိုအပ်ချက်မှာ ၄ ကုဗမီတာလိုအပ်သည်။ သကြားမုန်လာ၏ အားသာချက်မှာ သက်တမ်း ၅-၆ လရှိပြီး သကြားပါဝင်မှုမှာလည်း ၁၅-၁၇ ရာခိုင်နှုန်းပါဝင်ပြီး Sugar Recovery မှာ ၁၂-၁၄  ရာခိုင်နှုန်း၊ သန့်စင်မှုမှာ ၈၅-၉၀ ရာခိုင်နှုန်းရှိပြီး ရေငတ်ဒဏ်၊ ဆားငန်ဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်သည်။

သကြားမုန်လာကို သကြားထုတ်ယူခြင်းအပြင် စွမ်းအင်ထုတ်လုပ်ရန်အသုံးပြုသည်။ အထူးသဖြင့် အီသနော၊ ဘိုင်အိုအီသနော၊ တင်လဲရည်၊ တိရစ္ဆာန်အစာ၊ ကြိတ်ဖတ်ထုတ်လုပ်ရန်အသုံးပြုသည်။ ကမ္ဘာပေါ်တွင် သကြားမုန်လာစိုက်ပျိုးမှုမှာ သန်းပေါင်း ၄ ဒသမ ၅၆၅ ဟက်တာရှိပြီး ထုတ်လုပ်မှုမှာ ၂၂၉ ဒသမ ၂၀၁ သန်းရှိသည်။ သကြားမုန်လာကို စိုက်ပျိုးရန်အတွက်  အသင့်လျော်ဆုံးအချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းဖြစ်ပြီး ဧပြီလ-မေလတွင် ရိတ်သိမ်းနိုင်သည်။ နိုဝင်ဘာလနောက်ပိုင်း  စိုက်ပျိုးပါက  အထွက်နှုန်းကျဆင်းနိုင်သည်။

စိုက်ပျိုးနည်း၊ မြေနှင့် ရေအသုံးပြုပုံ

သကြားမုန်လာစိုက်ပျိုးရာတွင်   ပထမအရေးကြီးဆုံးအချက်မှာ မြေယာပြုပြင်ခြင်းဖြစ်၍ ထယ်ရေးကောင်းမွန်စွာရရှိအောင်ဆောင်ရွက်ရန်လိုအပ်သည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ ၄၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး တစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေးမှာ ၂၀ စင်တီမီတာ ဖြစ်သည်။ ပင်ကြား၊ တန်းကြားအကွာအဝေးမှာ ၅၀ x ၂၀ စင်တီမီတာဖြစ်သည်။ သကြားမုန်လာသည် အပင်ကြီးထွားစဉ်ကာလအတွင်းနေရောင်ခြည်ကောင်းစွာရရှိရန်လိုအပ်ပြီး ရေလိုအပ်ချက်မှာ ၃၀၀-၃၅၀ မီလီမီတာလိုအပ်သည်။ အပင်ပေါက်ကောင်းမွန်ရန်အတွက် အသင့်လျော်ဆုံး အပူချိန်မှာ ၂၀-၂၅ ဒီဂရီစင်တီဂရိတ်ရှိရန်လိုအပ်ပြီး အပင်ကြီးထွားချိန်တွင် ၃၀ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ အပင်ကြီးထွားပြီးနောက်ပိုင်း သကြားဖြစ်ချိန်တွင် အသင့်လျော်ဆုံးအပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ်  ဖြစ်သည်။ သကြားမုန်လာကို ရေသွင်းရေထုတ်ကောင်းမွန်သောမြေများတွင် စိုက်ပျိုးနိုင်ပြီး အသင့်လျော်ဆုံး မြေချဉ်ငန်ကိန်းမှာ ၆ ဖြစ်သည်။ သို့သော် သကြားမုန်လာ၏ထူးခြားချက်မှာ မြေချဉ်ငန်ကိန်းမြင့်သော ဆားပေါက်သောမြေများတွင်လည်း အထွက်နှုန်းနှင့်အရည်အသွေးကို ထိခိုက်ခြင်းမရှိဘဲ ကောင်းစွာဖြစ်ထွန်းနိုင်သည်။

သကြားမုန်လာ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာလိုအပ်ချက်အနေဖြင့် တစ်ဧကလျှင် ယူရီးယား ၁ ဒသမ ၅-၂  အိတ်၊ တီစူပါ သုည ဒသမ ၅-၁အိတ်၊ ပိုတက်၂-၃ အိတ်နှင့် အခြားသောသဘာဝမြေဩဇာများကို မြေအနေအထားကိုကြည့်၍   လိုအပ်သလိုထည့်သွင်းနိုင်သည်။ အထွက်နှုန်းအနေဖြင့် ကမ္ဘာ့ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် ၂၅ တန်မှ ၃၃ တန်ထွက်ရှိသည်။ သကြားမုန်လာ ၁၀၀  ဂရမ်တွင် Energy ၄၃ ကီလိုကယ်လိုရီ၊  ကစီဓာတ် ၆ ဒသမ ၇၆ ဂရမ်၊  အမျှင်ဓာတ် ၂ ဒသမ ၈ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁၇ ဂရမ်၊ အသားဓာတ် ၁ ဒသမ ၆၁ ဂရမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်စီ၊ ဗီတာမင်ဘီတူး ၊ ဖောလိတ်၊ သွပ်၊ မန်းဂနိ၊ ပိုတက်စီယမ်နှင့် သတ္တုဓာတ်မြောက်မြားစွာပါဝင်သည်။ ရေဓာတ် ၈၈ ရာခိုင်နှုန်းပါဝင်သည့်အတွက် ကျန်းမာရေးအနေဖြင့် သွေးပေါင်ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း၊ အမြင်အာရုံ၊ အသည်းနှင့် ကျောက်ကပ်အားကောင်းစေခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါရခြင်းတို့မှကာကွယ်ပေးနိုင်ကြောင်း လေ့လာမှတ်တမ်းတင်ပြလိုက်ရပါသည်။   ။

Source: Myawady Web Portal

မယ်ဇံ

ဘဝဆိုသည်မှာတိုက်ပွဲ

ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုကြသည်။ ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် ဘဝတိုက်ပွဲများကိုဆင်နွှဲနေရခြင်းပင်ဖြစ်သည်။   ပစ္စုပ္ပန်ကာလတွင် ကျွန်ုပ်တို့ကြုံတွေ့နေရသောလောကဓံတရားအမျိုးမျိုးသည် ပစ္စုပ္ပန်ကာလဘဝတိုက်ပွဲများဖြစ်သည်။   အနာဂတ်ကာလတွင်တွေ့ကြုံရမည့်လောကဓံတရားများသည် အနာဂတ်ကာလ   ဘဝတိုက်ပွဲများဖြစ်သည်။ ဤသို့လောကဓံတရားများအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုကြခြင်းဖြစ်သည်။ ဘဝနှင့်လောကဓံတရားသည် ဒွန်တွဲနေသည်ဘဝရှိလျှင် လောကဓံတရားရှိမည်။  လောကဓံတရားရှိလျှင် ဘဝတိုက်ပွဲရှိနေမည်။ ဘဝတိုက်ပွဲရှိလျှင် မပျက်မကွက်ဆင်နွှဲနေရမည်။   အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့က ဘဝတစ်ခုကို ရယူထားသောကြောင့်ဖြစ်သည်။

လောကဓံတရားနှင့်ကျွန်ုပ်တို့၏တာဝန်

လူ့လောကထဲသို့ ကျွန်ုပ်တို့ရောက်ရှိလာသည်မှာ တွေ့ကြုံလာရသော လောကဓံတရားအမျိုးမျိုးကို အညံ့ခံအရှုံးပေးရန်မဟုတ်။ လောကဓံတရား ပြုသမျှနုရမည့်ဘဝမျိုးကို ခံယူရန်မဟုတ်ပါ။ တွေ့ကြုံလာရသော လောကဓံတရားများကိုအနိုင်ယူရန်၊ လောကဓံတရားကို   ကျွန်ုပ်တို့ပြုသမျှနုရမည့်အခြေအနေမျိုးသို့ပို့ဆောင်ရန်ဟူသောတာဝန်ဖြင့် လူ့လောကထဲသို့ ကျွန်ုပ်တို့ရောက်ရှိလာခြင်းဖြစ်သည်။ မနုဿတ္တဘာဝေါဒုလ္လဘော လူ့ဘဝရခဲလှသည်ဟုအဆုံးအမရှိသည်။ တွေ့ကြုံလာရသောလောကဓံအမျိုးမျိုးကို အနိုင်ယူနိုင်မှသာလျှင် ရခဲလှသောလူ့ဘဝသို့ရောက်ရှိရကျိုးနပ်မည်။

လောကဓံတရားနှင့် သတိ၊ ပညာ၊ ဝီရိယ

တစ်ခဲနက်ဖြစ်သော    ကျောက်တောင်သည် အဘက်ဘက်မှလာသောလေကြောင့် တုန်လှုပ်ခြင်း မရှိဟု အဆိုရှိသည်။ ဤအဆိုအတိုင်း တွေ့ကြုံလာရသောလောကဓံတရားအမျိုးမျိုးကြောင့် ကျွန်ုပ်တို့ တုန်လှုပ်ခြင်းမရှိစေရ။ မည်ကဲ့သို့သောလောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ  ရင်ဆိုင် ဖြေရှင်းပြီး ဘဝရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းကိုင်နိုင်ရမည်။ ချမှတ်ထားသောဘဝရည်မှန်း ချက်ပန်းတိုင်ကို  လှမ်းကိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားစွာ ရပ်တည်နေသူများဖြစ်ကြရမည်။ သတိအားဖြင့် ဘဝရပ်တည်နေခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ သတိထဲတွင် မှန်ကန်သောအသိများပါဝင်သည်။ မှန်ကန်သောအသိများကို အမြဲစုဆောင်းပြီး ယင်းအသိများကို အမြဲအောက်မေ့နှလုံးသွင်းဆင်ခြင်နေခြင်းသည်  သတိအားဖြင့်  ဘဝရပ်တည်နေခြင်းဖြစ်သည်။ ပညာအားဖြင့် ဘဝရပ်တည်ခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ မိမိနေ့စဉ်ဘဝစဉ်းစားဆင်ခြင်မှုမှန်သမျှ ဆုံးဖြတ်ချက်ချမှုမှန်သမျှကိုအစွန်းရောက်ဆန္ဒအမျိုးမျိုး၊  အစွဲအမျိုးမျိုးဖြင့်မဆုံးဖြတ်ဘဲ ဗုဒ္ဓအဆုံးအမ၊    ပညာရှိသူတော်ကောင်းများ၏အဆုံးအမများနှင့်အညီ စဉ်းစားဆင်ခြင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ပညာအားဖြင့် ဘဝကိုရပ်တည်ခြင်းဖြစ်သည်။ ဝီရိယအားဖြင့် ဘဝကိုရပ်တည်ခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်နားလည်နေစေရန် ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်သည်။ ပစ္စုပ္ပန်ကို  မှန်ကန်သိမြင်နားလည်ပြီဆိုသည်နှင့်တစ်ပြိုင်နက် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေအမျိုးမျိုးကို ကြိုတင်ဆင်ခြင်သုံးသပ်သည်။ ဤသို့ဆင်ခြင်သုံးသပ်ပြီး လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုမှန်သမျှကို ပစ္စုပ္ပန်ကာလတွင်ပြီးစီးအောင် ဝီရိယကြီးစွာ ဆောင်ရွက်သည်။ ပစ္စုပ္ပန်ကာလနှင့်အချိန်များကို တန်ဖိုးမဲ့စွာဖြုန်းတီးမပစ်ဘဲ အနာဂတ်ကာလ၏ ကြိုတင်ပြင်ဆင်သောကာလအဖြစ် တန်ဖိုးရှိစွာအသုံးချသည်။ ဤသဘောသည် ဝီရိယအားဖြင့် ဘဝရပ်တည်နေခြင်းဖြစ်သည်။

သတိ၊ ပညာ၊ ဝီရိယသည်သာ အဓိက

ဘဝခရီးကိုဖြတ်သန်းရင်း တွေ့ကြုံလာရသော မည်သည့်လောကဓံတရားမျိုးကိုမဆို အောင်မြင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျွန်ုပ်တို့အားကိုးရမည့်အရာမှာ   သတိ၊ ပညာ၊ ဝီရိယအားများသာ ဖြစ်သည်။ ကျွန်ုပ်တို့ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားနေပါက တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းသည် ကျွန်ုပ်တို့အတွက် အခြေအနေကောင်းများသာဖြစ်မည်။  အကယ်၍ကျွန်ုပ်တို့၏သတိ၊ ပညာ၊ ဝီရိယအဆင့်နိမ့်ကျနေပါက တွေ့ကြုံလာသည့်လောကဓံတရားတိုင်းသည် ကျွန်ုပ်တို့အတွက်အခြေအနေဆိုးများသာဖြစ်နေကြမည်ဖြစ်သည်။   သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားနေပါက ကောင်းသောလောကဓံတရားနှင့်တွေ့သည့်အခါ ငါတည်းဟူသော မာန်မာနမဝင်ဘဲ ဘဝအတွက် အဖိုးတန် အသိ၊ သတိတရားများ ဝင်ရောက်လာသည်။ အကယ်၍ ဆိုးသောလောကဓံတရားနှင့်တွေ့ပါက  စိတ်ဓာတ်ကျဆင်းမှု လုံးဝမဖြစ်ဘဲ ရင့်ကျက်တည်ငြိမ်သော၊ ကြံ့ခိုင်မာကျောသောစိတ်ဓာတ်ဖြစ်ပေါ်လာသည်။ သတိ၊ ပညာ၊ ဝီရိယ အဆင့်မြင့်မားမှုကြောင့် တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းထံမှ မိမိအတွက် အောင်မြင်မှုရလဒ်အမျိုးမျိုးကို အောင်မြင်စွာထုတ်ယူနိုင်ခြင်းဖြစ်သည်။ အကယ်၍ သတိ၊ ပညာ၊ ဝီရိယနိမ့်ကျပါက ကောင်းသောလောကဓံတရားနှင့်တွေ့သည့်အခါ အသိနှင့်သတိတရားကင်းလွတ်ပြီး ငါတည်းဟူသော မာန်မာနဝင်ရောက်သည်။ ဆိုးသောလောကဓံတရားနှင့်တွေ့သည့်အခါ စိတ်ဓာတ်ကျဆင်းမှု၊ အားငယ်မှုအမျိုးမျိုးဖြစ်ပေါ်လာသည်။ သတိ၊ ပညာ၊ ဝီရိယအဆင့်နိမ့်မှုကြောင့် တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းထံမှ ရှုံးနိမ့်မှုရလဒ်အမျိုးမျိုးကို လက်ခံနေရခြင်းဖြစ်သည်။ ထို့ကြောင့် တွေ့ကြုံလာရသောလောကဓံတရား ကောင်းသလော  သို့မဟုတ် ဆိုးသလောဆိုသည်က အဓိကမဟုတ်။ ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယ အဆင့်မြင့်မားနေရေးဟူသောအချက်ကသာ အဓိကကျသည်။ ဤအချက်ကို အမြဲနှလုံးသွင်းဆင်ခြင်ပြီး ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်ကို အစဉ်မြှင့်တင်နေကြရမည်။

သတိအားကိုမြှင့်တင်ခြင်း

သတိအားကိုမြှင့်တင်ခြင်းဆိုသည်မှာ မှန်ကန်သောအသိများကို စဉ်ဆက်မပြတ်စုဆောင်းနေပြီး စုဆောင်းရရှိသောအသိမှန်များကို အမြဲနှလုံးသွင်းဆင်ခြင်အောက်မေ့နေခြင်းသည် သတိအားကိုမြှင့်တင်နေခြင်းပင်ဖြစ်သည်။တွေ့ကြုံလာရမည့်လောကဓံတရားတိုင်းအတွက် အမြဲအသင့်အနေအထားတွင်ရှိနေရန်  ကျွန်ုပ်တို့သတိအားကြီးမားနေရန် လိုအပ်သည်။ သတိအားကို နည်းလမ်းဆယ့်နှစ်မျိုးဖြင့် မြှင့်တင်နိုင်သည်။ ယင်းနည်းလမ်းများမှာ ဗုဒ္ဓအဆုံးအမတရားများကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ စာပေဗဟုသုတများကို အမြဲရှာဖွေဖတ်ရှုလေ့လာခြင်း၊ ဘဝအတွေ့အကြုံအမျိုးမျိုးတို့ထံမှ သင်ခန်းစာအမျိုးမျိုးကို   အမြဲသုံးသပ်ဖော်ထုတ်ရယူနေခြင်း၊ လောကပတ်ဝန်းကျင်ကြီး၏ဖြစ်စဉ်အကြောင်းအရာအမျိုးမျိုးတို့ထံမှ သီအိုရီ၊ နိယာမများကို သုံးသပ်ဖော်ထုတ်ရယူနေခြင်း၊ လောကပတ်ဝန်းကျင်ကြီးတွင် ဖြစ်ပျက်နေသည့်အခြေအနေများ၏ မြင်ရသောအဓိပ္ပာယ်နှင့် လျှို့ဝှက်တည်ရှိနေသည့် မမြင်ရသောအဓိပ္ပာယ်ကို အမြဲဆင်ခြင်သုံးသပ်ဖော်ထုတ်ခြင်း၊ လောကပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှု၊ အလေးအနက်တန်ဖိုးထားမှုအပြည့်အဝထားရှိပြီး ပေးပို့နေသောသတင်းအချက်အလက်များကို မပြတ်ရယူနေခြင်း၊ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကိုအကြောင်းပြု၍ အနာဂတ်တွင် မည်ကဲ့သို့သော အခြေအနေများဖြစ်ပေါ်လာမည်ကို အမြဲဆင်ခြင်သုံးသပ်နေခြင်း၊ ပစ္စုပ္ပန်အခြေအနေများသည် အခြေအနေဆိုးတစ်မျိုးမျိုးရုတ်ခြည်း ဖြစ်ပေါ်လာပါက အသင့်အနေအထားတွင် ရှိ၊ မရှိကို အမြဲဆင်ခြင်သုံးသပ်နေခြင်း၊ ပစ္စုပ္ပန်ကြိုးပမ်း ဆောင်ရွက်နေမှုများသည် အနာဂတ်အတွက်လိုအပ်သောကြိုတင်ပြင်ဆင်မှုများ ဟုတ်၊ မဟုတ် ဆိုသည် ကို အမြဲဆင်ခြင်သုံးသပ်ဖော်ထုတ်နေခြင်း၊ ပစ္စုပ္ပန် အခြေအနေအရပ်ရပ်သည် တိုးတက်အောင်မြင်နေ သလော သို့မဟုတ် ထိခိုက်ဆုတ်ယုတ်နေသလောဆိုသည်ကို အမြဲဆင်ခြင်သုံးသပ်နေခြင်း စသည်တို့ ဖြစ်ကြသည်။ အထက်ဖော်ပြပါနည်းလမ်းများကို အမြဲလိုက်နာဆောင်ရွက်နေခြင်းဖြင့်သတိအား မြင့်မားလာမည်ဖြစ်သည်။

ပညာအားကိုမြှင့်တင်ခြင်း

ပညာအားကိုမြှင့်တင်ခြင်းဆိုသည်မှာ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးအပြုအမူများကိုမပြုလုပ်မီ ဗုဒ္ဓအဆုံးအမများ၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများ၊ စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်နှင့် ကျင့်ဝတ်သိက္ခာစသည်တို့ကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ဓမ္မတရားနှင့်ကိုက်ညီစွာကြံစည်ပြောဆိုပြုမူနေထိုင်ခြင်းဖြစ်သည်။ ပညာအားမြင့်မားသည့်အခါ တွေ့ကြုံလာရသော လောကဓံတရားအမျိုးမျိုးတို့ကို စိတ်လှုပ်ရှားမှုအနည်းဆုံး၊ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှု အမြင့်မားဆုံးဖြင့် ရင်ဆိုင်နိုင်သည်။ထို့ပြင်တွေ့ကြုံလာရသောလောကဓံတရားအမျိုးမျိုးတို့ထံမှ   ဘဝသင်ခန်းစာများကို ထုတ်ယူသည်။ တွေ့ကြုံနေရသောလောကဓံတရားများ၏ဖိစီးမှုများကို ခေါင်းငုံ့မခံဘဲ မြင့်မားသောပညာအားဖြင့် လောကဓံတရားကို ထိရောက်စွာကိုင်တွယ်ထိန်းချုပ်သည်။ ဤသဘောတရားများသည် ပညာအားမြင့်မားခြင်း၏သဘောများပင်ဖြစ်သည်။ တွေ့ကြုံလာရသည့်လောကဓံတရားများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပညာအားမြင့်မားနေရန်လိုအပ်သည်။ ပညာအားမြင့်မားရန် နည်းလမ်းခြောက်မျိုးဖြင့် ဆောင်ရွက်နိုင်သည်။  ယင်းနည်းလမ်းများမှာ ဗုဒ္ဓအဆုံးအမတရားများကို အမြဲနှလုံးသွင်းဆင်ခြင်နေခြင်း၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများကိုအမြဲနာယူခြင်း၊ စာပေဗဟုသုတများကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာစုဆောင်းနေခြင်း၊ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို  မိမိလိုရာရှုထောင့်တစ်မျိုးတည်းမှ ဆင်ခြင်သုံးသပ်နေခြင်းမပြုဘဲ ဘက်စုံထောင့်စုံမှနေ၍ ဆင်ခြင်သုံးသပ်ခြင်း၊ လောကဖြစ်စဉ်အကြောင်းအရာများ၏မြင်ရသောအပိုင်း၊ နောက်ကွယ်၌ လျှို့ဝှက်တည်ရှိနေသည့် မမြင်ရသောအပိုင်း၊ မြင်ရသောအပိုင်းနှင့်မမြင်ရသောအပိုင်းတို့ မည်သို့ဆက်နွှယ်ရပ်တည်နေသည့်အပိုင်း စသည့်အပိုင်းသုံးပိုင်းစလုံးကိုလေ့လာခြင်း၊  လောကဖြစ်စဉ်အကြောင်းအရာများအား မိမိ၏ဆရာအဖြစ်သဘောထားပြီး မိမိအတွက်လိုအပ်သောအသိပညာရပ်အမျိုးမျိုးကို ဆက်လက်သင်ယူနေခြင်း စသည်တို့ဖြစ်ကြသည်။ အထက်ပါနည်းလမ်းများကို အမြဲလိုက်နာဆောင်ရွက်နေခြင်းဖြင့် ပညာအားမြင့်မားလာမည်ဖြစ်သည်။

ဝီရိယအားကိုမြှင့်တင်ခြင်း

ဝီရိယအားကိုမြှင့်တင်ခြင်းဆိုသည်မှာ အထက်မှပေးအပ်သောအမိန့်နှင့်တာဝန်များကိုလည်းကောင်း၊ မိမိ၏ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့်လုပ်ငန်းတာဝန်များကိုလည်းကောင်း ပြီးဆုံးအောင်မြင်သည်အထိ စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ဤသို့ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်းများတွေ့ရှိလာပါကမိမိ၏ကြိုးပမ်းအားထုတ်မှုများကိုရပ်ဆိုင်းမပစ်ဘဲ ပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက် သည်။ လိုအပ်လာပါက မိမိ၏အသက်ကိုစွန့်သည်။ ဤသဘောသည် ဝီရိယအားမြင့်မားခြင်းသဘောပင် ဖြစ်သည်။ လောကဓံတရားအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဝီရိယအားမြင့်မား နေရန်လိုအပ်သည်။ထို့ကြောင့်ဝီရိယအားကို အစဉ်မြှင့်တင်ပေးနေရမည်။ ဝီရိယအားကို နည်းလမ်း ရှစ်မျိုးဖြင့် မြှင့်တင်နိုင်သည်။ ယင်းနည်းလမ်းများမှာ ဘဝခရီးကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ရန်အတွက် ဝီရိယဟူသောအား ကြီးမားနေရန်လိုအပ်သည်ဟူသောအသိကို အစဉ်လက်ကိုင်ထားခြင်း၊ ပိုမိုအဆင့်မြင့် ခက်ခဲသောလုပ်ငန်းတာဝန်အမျိုးမျိုးကို   ရှာဖွေထမ်းဆောင်ခြင်း၊ တာဝန်ထမ်းဆောင်မှုအဆင့်ကို တစ်ကြိမ်ထက်တစ်ကြိမ်ပိုမိုမြင့်မားအောင်မြှင့်တင်ပေးခြင်း၊ ဘဝအောင်မြင်မှု အမျိုးမျိုးကို အခက်အခဲအကျပ်အတည်းများကြားမှ စွမ်းအားကုန်ကြိုးပမ်းရယူခြင်း၊ မည်သည့်လောကဓံတရားမျိုးကိုမဆို အညံ့ခံ အရှုံးမပေးဘဲ   အောင်ရမည်၊နိုင်ရမည်ဟူသောအောင်နိုင်စိတ်ကိုမွေးမြူခြင်း၊တာဝန်နှင့်ဂုဏ်သိက္ခာကိုအသက်ထက်ပိုမိုတန်ဖိုးထားပြီး စွမ်းအားကုန်ကြိုးပမ်းမြှင့်တင်ခြင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးမှန်သမျှကို စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်မိမိတွင်ရှိသည်ဟု ခံယူချက်ထားရှိခြင်း၊ အညံ့ခံအရှုံးသမားအဖြစ်   ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်သန်နေမည့်အစား အောင်မြင်မှုအတွက် စွမ်းအားကုန်ကြိုးပမ်းအားထုတ်ရင်း အသက်စွန့်လွှတ်သွားသူအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်သွားမည်ဟူသောခံယူချက်ထားရှိခြင်း စသည်တို့ဖြစ်ကြသည်။ အထက်ဖော်ပြပါနည်းလမ်းများကို အမြဲလိုက်နာ ဆောင်ရွက်နေခြင်းဖြင့် ဝီရိယအားမြင့်မားလာမည်ဖြစ်သည်။

သတိ၊ ပညာ၊ ဝီရိယမြင့်မားခြင်း၏အကျိုးတရား

သတိ၊ ပညာ၊ ဝီရိယအားသုံးမျိုးကို အစဉ်မြှင့်တင်နေခြင်းဖြင့် အကျိုးတရားများစွာရရှိသည်။ ယင်းအကျိုးတရားများကြောင့် လောကဓံတရားအမျိုးမျိုးကို ထိရောက်အကျိုးရှိစွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ရရှိမည့်အကျိုးတရားများအနက် အဓိကရှစ်မျိုးကို ဖော်ပြလိုသည်။ ယင်းအကျိုးတရားရှစ်မျိုးမှာ ဘဝခရီးအတွက်လိုအပ်သောစွမ်းရည်အမျိုးမျိုးမြင့်မားနေခြင်း၊ စိတ်ဓာတ်ပိုမိုရင့်ကျက်တည် ငြိမ်လာခြင်း၊   အသိနှင့်သတိတရားပိုမိုမြင့်မားလာခြင်း၊ ပစ္စုပ္ပန်အခြေအနေများကို ပြည့်စုံမှန်ကန်စွာ သိမြင်နားလည်ပြီး အနာဂတ်အခြေအနေများကို မှန်ကန်စွာကြိုတင်သိမြင်နေခြင်း၊ ပစ္စုပ္ပန်ကာလနှင့် အချိန်များကို ထိရောက်စွာအသုံးချနိုင်ပြီး အနာဂတ်အခြေအနေများအတွက် ကြိုတင်အသင့်ဖြစ်နေခြင်း၊ လောကဓံတရားကြောင့်ဖြစ်ပေါ်လာသောဖျက်အားအမျိုးမျိုးကို မိမိအတွက် တက်အားများအဖြစ် ပြောင်းလဲအသုံးချနိုင်ခြင်း၊ တွေ့ကြုံလာရသောမည်သည့်လောကဓံမျိုးကိုမဆို  မိမိအတွက်   အောင်မြင်မှုအခွင့်အလမ်းများအဖြစ် အကျိုးရှိစွာအသုံးချနိုင်ခြင်းစသည်တို့ဖြစ်ကြသည်။

နင်လားဟဲ့လောကဓံ

ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေရင်ဆိုင်ကြုံတွေ့နေရမည်သာဖြစ်သည်။ လောကဓံတရားဆိုသည်မှာ သတိ၊ ပညာ၊ ဝီရိယအားနည်းစွာ ဘဝရပ်တည်နေသူကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အနိုင်ယူလေ့ရှိသည်။ သို့သော် သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားစွာ ဘဝရပ်တည်နေသူကို အနိုင်ယူနိုင်စွမ်းမရှိပါ။ သတိ၊ ပညာ၊ ဝီရိယကြီးမားသူအတွက် တိုးတက်အောင်မြင်မှုအမျိုးမျိုးကိုသာ ဖော်ဆောင်ပေးသည့်သဘောသဘာဝရှိပါသည်။

သတိ၊ ပညာ၊ ဝီရိယအားနည်းသူအတွက်လောကဓံတရားအမျိုးမျိုးသည် အားပြတ်ဖွယ်ရာဖြစ်သော်လည်း သတိ၊ ပညာ၊ ဝီရိယကြီးမားသူအတွက်မူ လောကဓံတရားများသည် အားတက်ဖွယ်ရာအခြေအနေကောင်းများပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတိ၊ ပညာ၊ ဝီရိယဟူသောအားသုံးမျိုးကို အစဉ်မြှင့်တင်နေကြရမည်။ ဤသို့မြှင့်တင်နေကြပါက လောကဓံတရားများအတွက် အမြဲတမ်းအသင့်အနေအထားတွင်ရှိနေမည်။ထိုမျှသာမကဘဲ နင်လားဟဲ့လောကဓံဟုဟစ်ကြွေးပြီးအောင်မြင်စွာကိုင်တွယ်ဖြေရှင်းအနိုင်ယူနိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့်တင်ပြအပ်ပါသည်။   ။

Source: Myawady Web Portal

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများမှာ ထိုးပေးဖို့မလိုအပ်တော့ဘူးလို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက သတ်မှတ်လိုက်ပါတယ်။ ဒီသတင်းကိုထုတ်ပြန်ကြေညာလိုက်သူ က အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ်အက်(ဖ်)ကနေဒီဖြစ်ပြီး မေလ ၂၇ ရက်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် ဗီဒီယိုနဲ့တကွ   ထုတ်ပြန်လိုက်တာပါ။    သူ့ရဲ့ ဘေးနှစ်ဖက်မှာခြံရံနေသူများက အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါက်တာမာတင်မက်ကာရီနဲ့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါက်တာဂျေးဘာတက်ချာယာတို့ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဒီထုတ်ပြန်ချက်ဟာ တကယ်ကိုတရားဝင်ဖြစ်သွားတာမျိုးကို  ပြောချင်တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးအနေနဲ့အခုလိုမျိုးထုတ်ပြန်ကြေညာလိုက်ချိန်မှာအမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ဝက်ဆိုက်မှာတော့ ယခင်အကြံပြုချက်ကိုပဲဆက်လက်တင်ထားတာကိုတွေ့နေရပါသေးတယ်။ အဲဒီအကြံပြုချက်ကဘာလဲဆိုရင်  အသက်ခြောက်လအထက်ရှိသူ အားလုံးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံသင့်တယ်လို့အကြံပြုထားတာပါ။ ဒါ့အပြင် သင်ကကိုယ်ဝန်ဆောင်မိခင်ဖြစ်နေမယ်၊ကလေးကိုမိခင် နို့တိုက်သူဖြစ်နေမယ်၊ ကိုယ်ဝန်ဆောင်နိုင် ဖို့ကြိုးစားသူဖြစ်နေမယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်သူ ဖြစ်လာတော့မယ့်သူတွေ အနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်ကာလမှာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းက သိပ်ကိုအရေးကြီးတယ်လို့ အကြံပြုချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ပညာရှင်များရဲ့ကန့်ကွက်သံ

အမေရိကန်ကျန်းမာရေးဝန်ကြီးရဲ့အခု ထုတ်ပြန်ချက်အတွက်  အဓိကရည်ရွယ် ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ဒီလိုမျိုးထုတ်ပြန်မှုအပြီးမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဆီမှ ကန့်ကွက်ချက်တွေထွက်ပေါ်လာပါတယ်။ အမေရိကန်သားဖွားနှင့် မီးယပ်ပညာကောလိပ်မှ  ပါမောက္ခချုပ် ဒေါက်တာစတီဗင်ဖလေ့မန်းက "ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့အကြံပြုချက်များကို ပြောင်းလဲလိုက်တယ်ဆိုရင်တောင်မှ သိပ္ပံပညာကတော့ ပြောင်းလဲမှုမရှိပါဘူး" ဆိုပြီးပြောထားပါတယ်။

"ကိုယ်ဝန်ဆောင်ကာလမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကတကယ့်ကို ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်တဲ့အပြင်  ကလေးငယ်တွေမှာ မသန်စွမ်းမှုတွေ တိုးမြှင့်ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရှိထားပြီးသားပါ။ ဒါက မိသားစုများအတွက် ဆိုးဝါးလှတဲ့နောက် ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်လာစေမှာအမှန်ပါပဲ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးက  ကိုယ်ဝန်ဆောင်ကာလမှာဘေးကင်းစိတ်ချရမှုရှိစေပြီး  ဒီကာကွယ်ဆေးကိုထိုးနှံခြင်းက ကိုယ်ဝန်ဆောင်မိခင်များနဲ့သူတို့ရဲ့  မွေးကင်းစကလေးငယ်များကို ရောဂါပိုးကူးစက်မှုကနေ  ကာကွယ်ပေးနိုင်ပါတယ်" လို့ ဒေါက်တာစတီဗင်ဖလေ့မန်းက အခိုင်အမာပြောထားပါတယ်။

ဒါ့အပြင် အမေရိကန်ကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်းမှဥက္ကဋ္ဌ ဒေါက်တာ တီနာတန်းကလည်း ကိုယ်ဝန်ဆောင်သူတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ကလေးကိုလမစေ့မီမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် သွေးပေါင်ချိန်ထိုးတက်ခြင်း၊ နှလုံးကြွက်သားများတွင် အနာဖြစ်ခြင်း၊ သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတို့အထိဖြစ်ပွားနိုင်တယ်လို့ ပြောထားပါသေးတယ်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထုတ်လုပ်နေတဲ့ ဖိုင်ဇာ-ဘိုင်အို အန်တက်နဲ့ မိုဒါနာတို့ကကျန်းမာရေးဝန်ကြီးဌာနရဲ့အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောထားတာမရှိပေမယ့် မကြာသေးခင်တုန်းက အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်တဲ့အသက်ကန့်သတ်ချက်နဲ့ပတ်သက်လို့ ဖိုင်ဇာကုမ္ပဏီကပြောထားတာတော့ရှိပါတယ်။ ဘာပြောထားလဲဆိုရင် သူတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ပတ်သက်လို့ သိပ္ပံပညာရပ်ကိုသာ ထောက်ခံတယ်ဆိုတဲ့အကြောင်း၊ ဒီလိုမျိုး ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးခြင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ဆက်စပ်တဲ့ ဆေးရုံတက်ရောက်ကုသရသူများပြားခြင်း၊ သေဆုံးခြင်းအပါအဝင် ပြင်းထန်သောဝေဒနာများကိုခံစားရခြင်းတို့ကို ကာကွယ်ပေးရာမှာအရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတို့ကို ပြောထားပါတယ်။

ကာကွယ်ဆေးအတွက် လုပ်ငန်းစဉ်

အမေရိကန်ပြည်ထောင်စုမှာ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ကာကွယ်ဆေးရဲ့ထိရောက်မှု၊ ဘေးကင်း စိတ်ချရမှုဆိုင်ရာသုတေသနတွေကိုလေ့လာဆန်းစစ်ပြီး အဲဒီကာကွယ်ဆေးတွေကို အသုံးပြုခွင့်သတ်မှတ်ပေးတာဖြစ်ပါတယ်။ သူတို့ကအတည်ပြုသတ်မှတ်ပေးထားတဲ့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ဒီကာကွယ်ဆေးကိုတော့ ဘယ်သူတွေက ဘယ်အချိန်မှာထိုးနှံသင့်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်များရဲ့အကြံပြုချက်များအတိုင်းအတည်ပြုပေးတာပါ။ ဒါကြောင့် ကာကွယ်ဆေးတစ်မျိုးကိုအတည်ပြုဖို့၊ ထိုးနှံဖို့နဲ့မထိုးနှံဖို့ဆိုတဲ့ ပြည်သူလူထုသို့အကြံပြုချက်မျိုးကို ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ကော်မတီကသာ   အဓိကဆုံးဖြတ်တာဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ရတာမျိုးမဟုတ်ပါဘူး။ အခုဖြစ်စဉ်မှာလည်းကျန်းမာရေးဝန်ကြီးအနေနဲ့ဒီလိုထုတ်ပြန်ကြေညာချက်အတွက် ကျွမ်းကျင်ပညာရှင်များကော်မတီနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိဆိုတာ သေချာမသိရှိထားရသေးပါဘူး။

သတင်းဌာနတစ်ခုအနေနဲ့   ကော်မတီဝင်တွေကို လိုက်လံဆက်သွယ်မှုတွေလုပ်ပြီးမေးမြန်းခဲ့ပေမယ့် သူတို့ဆီကနေပြန်လည်ဖြေဆိုမှုတွေမရှိသေးတာကိုလည်းတွေ့ရှိထားပါတယ်။   ဒါပေမဲ့  အမေရိကန်ကလေးသူငယ်များဆိုင်ရာကူးစက်ရောဂါကော်မတီ အကယ်ဒမီမှဥက္ကဋ္ဌ ဒေါက်တာရှောင်အိုလာရီက အခုလိုမျိုးပြောထားပါတယ်။

"အခုဆုံးဖြတ်ချက်က ကာကွယ်ဆေး ရဲ့ဘေးကင်းစိတ်ချရမှုအတွက် နှစ်ပေါင်း များစွာကြာတည်ရှိလာခဲ့တဲ့ တွေ့ရှိချက်တွေကိုအခြေခံတဲ့လုပ်ငန်းစဉ်ကို ရှောင် လွှဲထားတဲ့အပြင် ကာကွယ်ဆေးကိုဘယ် သူတွေထိုးနှံသင့်တယ်ဆိုတဲ့ ထုတ်ပြန်မှု မျိုးနဲ့ပတ်သက်ပြီး အကြံပြုရလေ့ရှိတဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ ပညာရပ်ပိုင်း ဆိုင်ရာကျွမ်းကျင်မှုတွေကိုပါ လျစ်လျူရှု ထားတာဖြစ်ပါတယ်။"

ဒါ့အပြင်ဒေါက်တာတီနာတန်းက "အခုလိုမျိုးအမေရိကန်ပြည်သူ သန်းပေါင်းများစွာအပေါ်မကောင်းတဲ့အကျိုးဆက်တွေ မသက်ရောက်စေဖို့အတွက် ကျွမ်းကျင်သူများရဲ့အကြံဉာဏ်ကို  လျစ်လျူရှုရာရောက်ပါတယ်" လို့ပြောထားပါတယ်။

အကျိုးဆက်နဲ့သက်ရောက်မှုများ

ဒီအခြေအနေအရဆိုရင် အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် ကတကယ်လိုအပ်လို့ထုတ်ပြန်လာတာလား။ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေနိုင်မလဲဆိုတာကို ဆက်ပြီးကြည့်ရမယ်ဆိုရင်  ကမ္ဘာ့ကပ်ရောဂါဘေးဆိုက်တုန်းက   အစိုးရတာဝန်ရှိသူတွေဟာ   ဒီရောဂါဆိုးကြီးကြောင့်   ဆေးရုံတက်ရောက်ကုသရတဲ့လူနာတွေ၊ သေဆုံးရသူတွေလျော့နည်းစေဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမဆုံးအတည်ပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိကျန်းမာရေးဝန်ကြီး ကနေဒီ ဆိုတာက ဒီကာကွယ်ဆေးများရဲ့ဘေး ကင်းစိတ်ချရမှုနဲ့ပတ်သက်လို့ အမြဲတမ်း လိုလို လူသိရှင်ကြားဝေဖန်မေးခွန်းထုတ်မှုတွေလုပ်နေသူဖြစ်ပြီး သူ့လက်အောက်မှအရာရှိများနဲ့အတူ လက်ရှိဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးဖို့အကြံပြုချက်က ယနေ့အချိန်အတွက် လိုအပ်ခြင်းရှိ၊ မရှိကိုဆွေးနွေးပြီးနောက် အခုလိုမျိုးထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက ကာကွယ်ဆေး ကိုထိုးနှံခြင်းကြောင့်ဖြစ်စေ၊ ရောဂါပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်စေ၊ နည်းလမ်းနှစ်မျိုးစလုံးကြောင့်ဖြစ်စေ   ကိုယ်ခံအားရရှိထားပြီးဖြစ်တယ်လို့ သူတို့ကယူဆထားတဲ့အတွက်ဖြစ်ပါတယ်။

ဒါ့အပြင် အခုလိုမျိုးထုတ်ပြန်လိုက်တဲ့အတွက်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုထိုးရမလိုလို၊  မထိုးရမလိုလိုနဲ့   သို့လောသို့လောဖြစ်လာရပါ တယ်။ ဒါကြောင့် ပြီးခဲ့တဲ့လေ့လာမှုများကိုဆင်ခြင်ထောက်ချင့်လိုက်မယ်ဆိုရင် ဘယ်သူမဆို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုထိုးဖို့လိုအပ်မယ်ဆိုတာ မြင်သာလာမှာပါ။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အများဆုံးဖြစ်ပွားလေ့ရှိတာက ဆောင်းရာသီအခါပါ။ ပြီးခဲ့တဲ့နှစ်ဆောင်းရာသီမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသူစုစုပေါင်း လေးသိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဒီရောဂါကြောင့် အပတ်စဉ်သေဆုံးသူဦးရေဟာ    ရာနဲ့ချီရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီလိုမျိုး ဆေးရုံတက်ရသူတွေကိုကြည့်လိုက်ရင် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါဝင်နေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် နာတာရှည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေနဲ့ လက်ရှိအချိန်အထိ  တိတိကျကျမသိရှိသေးတဲ့ရောဂါရဲ့သက်ရောက်မှုတွေကို   ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကိုထိုးထားတာက ပိုမိုဘေးကင်းစိတ်ချရမှုရှိစေမယ်လို့ ကျွမ်းကျင်သူများကအကြံပြုထားပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ဆိုရင် ဒီလိုမျိုးကာကွယ်ဆေးထိုးနှံခြင်းက သူတို့မွေးလာမယ့်ကလေးများအတွက်ပါ ကိုယ်ခံအားကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မွေးကင်းစ ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်   ဆေးရုံတက်ရောက်ကုသရမှုတွေကိုလည်း   လျော့ကျစေနိုင်ပါတယ်လို့    မိခင်နှင့်ကလေးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းက   ထုတ်ပြန်ထားပါတယ်။

ဒါဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အခုထုတ်ပြန်ချက်က လက်တွေ့မြေပြင် အခြေအနေနဲ့ ကိုက်ညီမှုရှိပါ့မလားဆိုတာက မေးခွန်းထုတ်ဖွယ်ရာဖြစ်နေတဲ့အတွက် အငြင်းပွားဖွယ်ရာများလည်းဖြစ် ပေါ်နေပါတယ်။ ဒါကြောင့်လည်း ပညာရှင်များဟာ    အကိုးအကားများနဲ့တကွ ထုတ်ပြန်ပြောဆိုမှုတွေ   လုပ်ဆောင်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးဆိုတာကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်အရ ထိုးနှံရမှာမှန်ပေမယ့်လည်း   တချို့သောရောဂါတွေအတွက်တော့ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကလည်း သူတို့ ရဲ့အစွမ်းသတ္တိကို အောင်မြင်စွာပြသထား နိုင်တာတွေ့ရတဲ့အတွက် ဒီလိုမျိုးအာမခံ ချက်ရှိတဲ့ကာကွယ်ဆေးမျိုးကို  ထိုးနှံသင့် တယ်လို့ဆိုရမှာပါ။       ။     

Ref: TIME

Source: Myawady Web Portal

ဘာသာပြန်ဆောင်းပါးရှင် - ထက်မြတ်

သဘာဝဘေးအန္တရာယ်များနှင့် ပိုမိုရုန်းကန်ရမှု

မိုးခေါင်ခြင်း၊ ရေကြီးခြင်းမှသည် မြေငလျင်၊ ဆူနာမီ၊ လေမုန်တိုင်းအထိ ထိခိုက်ပျက်စီးမှုအနည်း၊ အများသာကွာသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို တိုတောင်းလှသော သက်တမ်းအတွင်း လူသားတို့ တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် လူ့အသိုက်အဝန်းများ၊ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်၊ ဥစ္စာဓနအပါအဝင် ပိုင်ဆိုင်မှုမှန်သမျှကို အင်နှင့်အားနှင့် ဖျက်ဆီးပစ်နိုင်ကြောင်း လက်တွေ့ကျကျမြင်တွေ့ခဲ့ကြရပြီးဖြစ်၏။ ထိုသို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရသည့် နိုင်ငံများသည် နိုင်ငံထူထောင်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အခြားသောနိုင်ငံများထက် ပိုမိုခက်ခဲ၏။ ပိုမိုရုန်းကန်ရ၏။

ကြီးမားသော ဆုံးရှုံးနစ်နာမှုများ

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများထဲတွင် လူသားသည် အဖိုးတန်ဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လူ့အသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး၊ သာယာစည်ပင်ရေး၊ အေးချမ်းသာယာရေးတို့အတွက် အဓိကအကျဆုံး ဇာတ်ကောင်လည်းဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် လူသားတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုသည် ပြန်လည်အစားထိုးမရနိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ထိခိုက်မှုဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအတွင်းရှိ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ထိခိုက်ပျက်စီးမှုဖြစ်စေခဲ့သည်ကို မဝေးသေးသော အတိတ်ကာလများတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့်အခြေအနေများက သက်သေအဖြစ် ပြသနေခဲ့ပြီဖြစ်၏။

၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားသည့် မြေငလျင်၌ လူပေါင်း ၁၃၀၀၀ မှ ၂၀၀၀၀ ကျော်၊ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သော မြေငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ မော်လ်ဒိုက်နှင့် ဆိုမာလီယာနိုင်ငံတို့မှ လူပေါင်း ၂၀၀၀၀၀ ကျော်၊ ၂၀၀၅ ခုနှစ်က ပါကစ္စတန်နိုင်ငံ ကက်ရှ်မီးယားငလျင်တွင် လူပေါင်း ၈၇၀၀၀ ကျော်၊ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်၊ အဆိုပါနှစ်မှာပင် တရုတ်နိုင်ငံ စီချွမ်ဒေသတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၇၀၀၀၀ ကျော်၊ ၂၀၁၀ ပြည့်နှစ် ဟေတီနိုင်ငံငလျင်တွင် လူပေါင်း ၁၀၀၀၀၀ မှ ၃၀၀၀၀၀ ကျော်၊ ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်၌ လူပေါင်း ၁၉၀၀၀ ကျော် အသက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ပါသည်။ (Wikipedia နှင့် နိုင်ငံတကာ သတင်းများ)

မတူညီသောအခြေအနေများနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှု

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်မှုအတိုင်း အတာပမာဏသည် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်နေရာနှင့်တစ်နေရာ တူညီကြမည်မဟုတ်။ ထို့ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများသည်လည်းကောင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ငွေကြေးပမာဏ၊ လူ့စွမ်းအားအရင်းအမြစ်၊ အချိန်ကာလ၊ စီမံခန့်ခွဲမှုစသည့် အခြေအနေများသည်လည်းကောင်း ထပ်တူကျတူညီနိုင်မည်မဟုတ်ပါ။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲမှာပင် ထပ်မံရင်ဆိုင်ဖြေရှင်းရမည့် နောက်ဆက်တွဲအခြေအနေ၊ အခက်အခဲအမျိုးမျိုးဆက်လက်ပေါ်လာနိုင်သေးသည်။

သဘာဝဘေးအန္တရာယ်အလွန်ကာလတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေရှိနေသည့်တိုင် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ထင်သလောက်လွယ်ကူနိုင်မည်မဟုတ်ပေ။ အချို့သောလူတို့၏ စိတ်ခံစားမှုများမှာ သေရာပါဒဏ်ရာများပင် ဖြစ်သွားနိုင်သည့်အခြေအနေရှိသည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ခဲ့သည့် ဆိုးရွားသော စိတ်ခံစားမှုဝေဒနာများ သက်သာပြေလျော့စေရေးအတွက် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပေးချက်များ၊ ကုသမှုများ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆုံးအမများဖြင့် ကုသဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်။

စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများမတူနိုင်

သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့ရသော စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လေ့လာရာတွင် ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံများထက် ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများက ထိခိုက်မှု၊ ဆုံးရှုံးနစ်နာမှုပိုမိုများပြားသည်။ ဥပမာပေးရလျှင် လွန်ခဲ့သော ၁၅ နှစ်ခန့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ကာရစ်ဘီယံပင်လယ်ဒေသရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟေတီတွင် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၀ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါနှစ် ဖေဖော်ဝါရီလမှာပင် တောင်အမေရိကတိုက်ရှိ စီးပွားရေးအခြေအနေကောင်းမွန်သော ချီလီနိုင်ငံ၌ ရစ်ချ်တာစကေး ၉ နီးပါး ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်။

ငလျင်များ၏ဒဏ်ကြောင့် ဟေတီ၌ လူသေဆုံးမှုခန့်မှန်းခြေတစ်သိန်းမှ သုံးသိန်းကျော်အထိရှိခဲ့ပြီး ဟေတီနိုင်ငံထက် ငလျင်ပြင်းအားပိုသည့် ချီလီနိုင်ငံတွင် လူသေဆုံးမှုမှာ လူဦးရေ ငါးရာဝန်းကျင်သာ ရှိခဲ့သည်ကို တွေ့ရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုများတွင်လည်း ချီလီနိုင်ငံသည် ဟေတီနိုင်ငံထက် ပိုမိုနည်းပါးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံများသည် ဝင်ငွေနိမ့်၍ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများထက် ထိခိုက်မှုပိုမိုနည်းပါးသည်ဟု ကောက်ချက်ချခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် လယ်ယာကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု

သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေပြုနေထိုင်ကြသည့် လူ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပါက ဆင်းရဲနွမ်းပါးမှုအခြေအနေပါ ပိုမိုဆိုးရွားလာနိုင်သည်ဟု သတိထားမိကြသည်။ ယခင်ကတည်းက ဝင်ငွေနည်းပါးလျက် လယ်ယာကဏ္ဍကို အမှီပြုနေသော ဆင်းရဲနွမ်းပါးသည့် လူ့အဖွဲ့အစည်းများတွင် နေ့စဉ် စားဝတ်နေမှု အခြေခံလိုအပ်ချက်များအတွက် ပိုမိုခက်ခဲစွာ ရုန်းကန်ရသည့် အခြေအနေဖြစ်လာသည်။ စိုက်ပျိုးသီးနှံထိခိုက်ပျက်စီးမှုများကြောင့် သီးနှံအထွက်လျော့မှု၊ ဝင်ငွေကျဆင်းမှုများရှိလာသဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရေး၊ (ချေးငွေများရယူထားမိပါက) ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် ၎င်းတို့လုပ်ငန်းသုံးစက်ကိရိယာ၊ ကျွဲ၊ နွားအပါအဝင် အခြားသောပိုင်ဆိုင်မှုများ ရောင်းချဖြေရှင်းမှုများ ပြုလုပ်ကြရသည်။

ထို့ကြောင့် တောင်သူလယ်သမားများ ချေးငွေပြန်လည်ပေးဆပ်ရန်နှင့် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အထောက်အကူပြုအစီအစဉ်များဖြင့် ကုစားပေးရန်လိုသည်။ ၎င်းတို့ကို ထောက်ပံ့ကူညီမှုများ ထိထိရောက်ရောက် ပြုလုပ်မပေးနိုင်ခဲ့ပါက “ဆင်းရဲနွမ်းပါးမှုထောင်ချောက်များ (poverty trap) အတွင်းသို့ ကာလရှည်ကျရောက်သွားနိုင်သည်”ဟု သုတေသီ၊ ပညာရှင်တို့က သုံးသပ်ကြသည်။ သဘာဝဘေးဒဏ်သင့်ခဲ့သည့် နိုင်ငံအချို့ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အချက်အလက်၊ အထောက်အထားများအရ သဘာဝဘေးဒဏ်ခံရသည့် ဒေသများတွင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာသည်ဟု ဆိုကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အနာဂတ်မျိုးဆက်များအပေါ်သက်ရောက်မှု

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုရာခိုင်နှုန်းများပြားသဖြင့် သဘာဝဘေးဒဏ်သင့်ကာလအလွန်၌ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအစီအစဉ်များကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများအပေါ် သက်ရောက်မှုပိုမိုကြီးမားလာနိုင်သည်။ ထိုမိသားစုများ၏ ရှင်သန်ရပ်တည်မှုပိုမိုခက်ခဲလာပြီး အနာဂတ်ကာလမျိုးဆက်သစ်များအထိပါ သက်ရောက်မှုများဖြစ်လာနိုင်သည်ဟု သုံးသပ်ကြ၏။ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုအများစုတွင် မိသားစုဝင်ငွေဖြည့်ဆည်းနိုင်ရေးအတွက် သားသမီးများကိုကျောင်းထုတ်၍ အလုပ်ခိုင်းစေမှုများပြားလာသဖြင့် အခြေခံပညာရေးကဏ္ဍ၌ ကျောင်းတက်ရောက်သည့်ဦးရေ ကျဆင်းလာနိုင်သည်။

အကျိုးဆက်အားဖြင့် အဆိုပါနိုင်ငံ၏ အနာဂတ်ကာလစာပေတတ်မြောက်မှုနှုန်း လျော့ကျလာပေလိမ့်မည်။ မိုးခေါင်ရေရှားသည့်ဒဏ်ခံရလေ့ရှိသော တန်ဇန်းနီးယား၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံများတွင် ကျောင်းပညာရေးစိတ်ဝင်စားမှု နည်းပါးသော၊ အာဟာရချို့တဲ့၍ မှတ်ဉာဏ်စွမ်းရည်ချို့တဲ့သော ကလေးနှင့် လူငယ်အရေအတွက် မြင့်တက်လာခဲ့ပြီး ဝင်ငွေနိမ့်ကျသော လုပ်သားအင်အားများပြားလာသည်ဟု လေ့လာမှုစစ်တမ်းများက ထောက်ပြထားကြသည်။

ပြန်လည်နာလန်ထူနိုင်ရေး မည်သို့မည်ပုံ

သဘာဝဘေးဒဏ်သင့်နိုင်ငံများတွင် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အတူ နိုင်ငံအတွင်းရှိ ကဏ္ဍစုံပြန်လည်နာလန်ထူနိုင်ရေး အားထုတ်မှုများကို လုပ်ဆောင်ရာ၌ မူဝါဒများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ရခြင်းလုပ်ငန်းများသည် (ပုံမှန်အခြေအနေနှင့်လုံးဝမတူ) ရှုပ်ထွေး၊ ခက်ခဲလျက်စိန်ခေါ်မှုများပြည့်လျက်ရှိနေသည်။

ပျက်စီးသွားခဲ့သော နေအိမ်၊ အဆောက်အအုံ၊ ပိုင်ဆိုင်မှုပစ္စည်း စသဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြန်လည်ဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးကုစားပေးရာတွင်လည်းကောင်း ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ် အင်နှင့် အားနှင့် လိုအပ်သည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့်တိုင် စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးအတွက် လုပ်ဆောင်ပေးရာတွင် ထင်သလောက်မလွယ်ကူပေ။ ဘာသာရေးအဆုံးအမများဖြင့်လည်းကောင်း၊ စိတ်ပညာ ဆိုင်ရာနည်းလမ်းများဖြင့်လည်းကောင်း အကြံပေးခြင်း၊ ဆွေးနွေးနှစ်သိမ့်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သူကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပေသည်။

လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ စီးပွားရေးပြန်လည်ရှင်သန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ လျင်လျင်မြန်မြန်ပေးနိုင်သည့် အစီအမံများ လုပ်ဆောင်ပေးနိုင်မှုသည် အရေးကြီး၏။ သဘာဝဘေးဒဏ်သင့် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်က လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေးအသေးစိတ်စီမံချက်များတွင် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို အုပ်စုခွဲ၍ အုပ်စုတစ်စုချင်း အသေးစိတ်ဖော်ထုတ်လျက်ဆက်စပ်လုပ်ဆောင်ရန် လိုအပ်ပါသည်။

စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း အခွင့်အလမ်းရှာ

အခြေအနေတိုင်းတွင် စိန်ခေါ်မှု (အခက်အခဲ) နှင့် အခွင့်အလမ်းများ ယှဉ်တွဲရှိနေတတ်သည်။ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်းအခွင့်အလမ်းသစ်များကို ရှာဖွေနေရမည်။ သဘာဝဘေးဒဏ်သင့်ကာလအလွန် ပြန်လည်ထူထောင်ရေးအရှိန်အဟုန်ပြင်းထန်မှုသည်လည်း အရေးကြီးသည်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုအချက်ကို ပို၍အလေးထားသင့်သည်။ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေရင်းမှာပင် ပေါ်ထွက်လာသော အခွင့်အလမ်းသစ်များ အမိအရဖမ်းဆုပ်၍ ပိုမိုကောင်းမွန်သည့် အခြေအနေသစ်များကို ဖန်တီးနိုင်ရမည်။ ထိုအခြေအနေမျိုးမရှိခဲ့ပါက စိန်ခေါ်မှုများသည် ကြီးသည်ထက်ကြီးမားလာနိုင်ပြီး အခက်အခဲများ ပိုမိုများပြားလာကာ ဆုံးရှုံးနစ်နာမှုများမှာ ကာလရှည်တည်မြဲသွားတတ်သည်။

ဘီသုံးလုံး (BBB) သို့မဟုတ် ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု

သဘာဝဘေးဒဏ်သင့် ကာလအလွန်တွင် ဘီသုံးလုံးဟု အတိုကောက်ခေါ်သည့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” (Building Back Better) အခွင့်အလမ်းများ ရှိနေသည်ဟု ရှုမြင်သူများလည်းရှိသည်။ ဤနေရာတွင် “ပိုမိုကောင်းမွန်သော” (Better) ဝေါဟာရ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာသဘောပေါက်ရန် အရေးကြီးသည်ဟု ဆိုသည်။ ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံများကိုဖြစ်စေ၊ လမ်းများ၊ တံတားများ၊ ကျောင်းများ၊ ဆေးရုံများစသဖြင့် အများပြည်သူနှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများကိုဖြစ်စေ ယခင်ကာလများထက် သဘာဝဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်ရည်ရှိစေရန် လုံခြုံစိတ်ချရမှုစံနှုန်းများနှင့်အညီ ပြန်လည်တည်ဆောက်နိုင်ခြင်းဖြစ်သည်။

ထိုသို့ ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှုသည် အနာဂတ်ကာလများတွင် လူသားတို့၏ အသက်ဘေးအန္တရာယ်နှင့် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ပိုမိုလျော့နည်းလာစေပြီး အသက်ရှင်ကျန်ရစ်သူများ၏ လူမှုစီးပွားဘဝများတွင် စိတ်သောကဖိစီးမှုများ တဖြည်းဖြည်းပြေလျော့လျက် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို သက်သာရာရလာစေနိုင်သည်။ ထို့ကြောင့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” ကို သဘာဝဘေးဒဏ်သင့်နိုင်ငံများက “ဖွံ့ဖြိုးတိုးတက်မှုအတွက် ခုန်တက်နိုင်မှု” (Development Leap) အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူကြခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံသို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်မှု၊ အရပ်ဒေသနှင့်သင့်လျော်သော နည်းလမ်းတို့ အသုံးပြုမှုတို့ကို ထည့်သွင်းစဉ်းစားနိုင်ရမည်။ ဆိုလိုသည်မှာ တည်ဆောက်မှုများသည် ဒေသခံလူများ၏ ဓလေ့ထုံးစံများ၊ နေထိုင်မှုပုံစံများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည်ဟုဆိုသည့်တိုင် လူနေထိုင်မှုအတွက် အထောက်အကူပြုနိုင်မည်မဟုတ်ပါ။

ဒေသခံလူများက ၎င်းတို့၏ ဓလေ့ထုံးစံ၊ နေထိုင်မှုပုံစံအရသင့်လျော်မှုမရှိ၊ ၎င်းတို့နှင့် အကျွမ်းတဝင်မရှိသော အိမ်ရာပုံစံများဟုယူဆပါက အကောင်အထည်ဖော်တည်ဆောက်ပြီးသော အိမ်ရာများတွင် လူနေထိုင်မှုမရှိသည့် နေအိမ်အရေအတွက် များပြားလာနိုင်ပြီး သက်ဆိုင်ရာအစိုးရ၏ အသုံးစရိတ်များသည်လည်း သဲထဲရေသွန်သကဲ့သို့ အကျိုးမရှိဖြစ်နိုင်သည်ဟု သုတေသီအချို့က သုံးသပ်ထားသည်။

စဉ်းစားရမည့် အခြေအနေများ

သဘာဝဘေးဒဏ်သင့် ဒေသများအတွက် အစိုးရများနှင့် အလှူရှင်များက ထိခိုက်ပျက်စီးမှုများကို လေ့လာသုံးသပ်၊ အကဲဖြတ်၍ ပြန်လည်တည်ဆောက်ရေးအစီအမံပြင်ဆင်မှုများနှင့်အတူ ကျွမ်းကျင်သူများကလည်း နည်းပညာဆိုင်ရာအဆိုပြုချက် (Technical Proposal) များကို ရေးဆွဲကြသည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်မှုများတွင် ငွေကြေးရန်ပုံငွေပမာဏ၊ ကျွမ်းကျင်ပညာရှင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ အရည်အသွေး၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အတိုင်းအတာ စသဖြင့် ဆက်စပ်မှုရှိသော အချက်များကိုပါ ထည့်သွင်းစဉ်းစားကြရသည်။

သဘာဝဘေးဒဏ်သင့်သူများအတွက် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေးအစီအစဉ်များ ရေးဆွဲရာတွင်လည်း ဆက်စပ်သူများ၏အခွင့်အရေးများ (ဥပမာ၊ တောင်သူလယ်သမားအခွင့်အရေးများနှင့် အမျိုးသမီးများဆိုင်ရာအခွင့်အရေးများ)၊ မြေယာအခွင့်အရေး၊ မြို့ပြများတွင်ဖြစ်ပါက တရားမဝင်ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်သည့် ကိစ္စရပ်များ စသဖြင့် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားထားရန် လိုအပ်လာသည်။ နိုင်ငံတွင်းရှိ စီးပွားရေးအင်အားကြီးအုပ်စုများ၏ အကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်၍လည်း စဉ်းစားချင့်ချိန်လုပ်ဆောင်ရန်လိုအပ်သည်။ လုပ်ငန်းစဉ်အစတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ခြင်းမရှိခဲ့ပါက နောက်ပိုင်းကာလများတွင် စီးပွားရေး၊ လူမှုရေးမညီမျှမှုများ ပေါ်ပေါက်လာနိုင်ပြီး ဖြေရှင်းရခက်ခဲသည့်ပြဿနာများ ရှိလာနိုင်ပါသည်။

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် စီးပွားရေးအခြေအနေကို ပြန်လည်တည်ဆောက်ရာတွင် အချိန်တိုအတွင်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူနိုင်။ စီးပွားရေးအခြေအနေများသည်လည်းကောင်း၊ လူတို့၏ စိတ်ဆန္ဒများသည်လည်းကောင်း အမြဲမပြတ်ပြောင်းလဲနေတတ်သောကြောင့် ယခင်မူလအခြေအနေထက် new normal ဟုဆိုရမည့် အသစ်ဖြစ်ပေါ်လာသော ပုံမှန်အခြေအနေကိုသာ ကနဦးစဉ်းစားထားရမည်ဟုဆိုသည်။ new normal အခြေအနေကိုလက်ခံလျက် စီးပွားရေးအခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကူညီအားပေးခြင်းသည်သာ လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအတွင်းရှိ လတ်တလောဆင်းရဲဒုက္ခများကို လျော့ပါးသက်သာစေပြီး လူမှုဖူလုံရေးအခြေအနေတို့ကို မြှင့်တင်နိုင်ကာ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူဖြစ်လာစေလိမ့်မည်။

တန်ဖိုးမဖြတ်နိုင်သော စိတ်ထားနှလုံးသားများနှင့်အတူ

သဘာဝဘေးဒဏ် ကြုံတွေ့လာရသည့်အခါ သက်ဆိုင်ရာနိုင်ငံအစိုးရများ၊ တာဝန်ရှိအဖွဲ့အစည်းများသည် အရေးပေါ်စီမံခန့်ခွဲမှု (Emergency Management)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု (Disaster Management) စသဖြင့် အခြေအနေအပေါ် မူတည်အသုံးပြုနိုင်သည့် စီမံခန့်ခွဲမှုစနစ်များကို လက်တွေ့ကြုံတွေ့မှုများနှင့်ကိုက်ညီစွာ ကျင့်သုံးလုပ်ဆောင်နိုင်ရေးအားထုတ်ကြရသည်။

နိုင်ငံအစိုးရများ၏ ဦးဆောင်မှုနှင့်အတူ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီလိုမှု၊ (ဖွံ့ဖြိုးဆဲနိုင်ငံများတွင်) ပရဟိတစိတ်ထား အားကောင်းသော လူတစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းများအားလုံး ကိုယ်ချင်းစာတတ်၊ ကူညီတတ်၊ အနစ်နာခံတတ်သည့် တန်ဖိုးမဖြတ်နိုင်သော စိတ်ထား၊ နှလုံးသားများဖြင့် ပါဝင်လုပ်ဆောင်မှုများ အားကောင်းခဲ့ပါက သဘာဝဘေးဒဏ်သင့်လူ့အဖွဲ့အစည်းအတွင်းရှိ လိုအပ်ချက်များကို စွမ်းဆောင်ရည်ရှိရှိ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ပါသည်။ ။

ကိုးကား။ https://www.un.org

စောနိုင် (အသုံးချဘောဂဗေဒ)

လူသားတို့၏သက်ရှိကမ္ဘာကြီးသည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ကြရသည်။ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်များနှင့်ခုတ်ထစ်ဖြတ်တောက်အသုံးပြုသောအချိန်ကာလကို ကျောက်ခေတ်ဟူ၍လည်းကောင်း၊ ကြေး၊ သံတို့ကို ကိုင်ဆောင်လာသောခေတ်ကိုကြေးခေတ်ဟူ၍လည်းကောင်း   အမည်အမျိုးမျိုးခေါ်တွင်ကာ ဖြတ်သန်းလာရပြီဖြစ်သည်။ ယခုအခါ လူသားတို့၏ ဉာဏစွမ်းရည်တို့ဖြင့် သင်္ဘော၊ ရထား၊ လေယာဉ်၊ ကားစသောအရာများကို တီထွင်နိုင်ခဲ့ပြီး ကမ္ဘာမြေပြင်တစ်ခွင်သွားလာနိုင်ခြင်းသည် ပညာရပ်များဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်  ယနေ့ခေတ်ကို “နည်းပညာခေတ်”ခေါ်ဆိုရမည်မှာ စင်စစ်အမှန်ပင်ဖြစ်သည်။

နည်းပညာကား လူသားတို့၏နေ့စဉ်ဘဝရှိ အခန်းကဏ္ဍအသီးသီး၌မသိမသာဝင်ရောက်နေပြီး  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အခြေအနေများတွင် အလွန်အရေးပါသော အရာတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ထိုသို့နည်းပညာတိုးတက်လာမှုကြောင့် လူသားများအဆင်ပြေမှုရရှိရုံသာမကကမ္ဘာ့အကွာအဝေးများကို နည်းလမ်းအသစ်များဖြင့်အချိန်တိုအတွင်းဖယ်ရှားပေးနိုင်သော ခေတ်တစ်ခုလည်းဖြစ်လာသည်။ ထို့ကြောင့်“နည်းပညာသည် လူသားတို့၏ ဘဝမျှော်မှန်းချက်များနှင့်အခွင့်အလမ်းများကို  ဖန်တီးပေးသောလက်နက်တစ်ခုဖြစ်လာသည်” ဟု  ဆိုနိုင်သည်။

သို့သော် နည်းပညာသည် လူသားတို့အတွက် များစွာသောအခွင့်အလမ်းများကို  ပေးစွမ်းနိုင်ရုံသာမက  အချို့အခြေအနေများတွင်လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို နွံထဲတွင်နှစ်မြှုပ်တတ်ပေသည်။ ထို့ကြောင့် နော်ဝေသမိုင်းပညာရှင်  Christian Lous Longue က"Technology is a useful servant but dangerous master" “နည်းပညာကား အသုံးဝင်သောအစေခံတစ်ယောက်ဖြစ်သလို အန္တရာယ်ရှိသော အုပ်ချုပ်သူတစ်ဦးလည်းဖြစ်တယ်”ဟုဆိုလေသည်။သိပ္ပံပညာရှင်များက နည်းပညာများကို လူနေမှုဘဝများလွယ်ကူမြန်ဆန်စေရန် ခေတ်အဆက်ဆက်မှ စတင်ကာဖန်တီးလာကြသည်။

သို့သော် အဆိုပါဖန်တီးမှုများကို လူသားများအလွယ်တကူနားလည်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် လူသားတို့က  အထက်ပါနည်းပညာများကို  နားလည်အောင်သင်ယူလေ့လာရန်  အရေးကြီးပေသည်။

အဘယ်ကြောင့်ဆိုသော်  “ကိုယ်က နည်းပညာနှင့်မပတ်သက်ချင်ရင်တောင်မှ  နည်းပညာက ကိုယ့်ရဲ့အလုပ်နဲ့ လာပတ်သက်နေတယ်”ဟူသောစကားအတိုင်း နည်းပညာကား လူသားတို့ဘဝအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်နေသောကြောင့်ဖြစ်သည်။

ဆက်လက်၍  ယနေ့ခေတ်လူသားတို့၏  သက်ရှိကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုသည်  တရိပ်ရိပ်မြင့်တက်လာကာ  အနာဂတ်တွင်မောင်းသူမဲ့ကား၊ မောင်းသူမဲ့လေယာဉ်၊ မောင်းသူမဲ့သင်္ဘောများကို auto စနစ်များအသုံးပြုလာကြရန် ရည်မှန်းထားပြီး ကိုယ်တိုင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရန်မလိုတော့ဘဲ  အမိန့်ပေးရုံနှင့်အလိုအလျောက် အလုပ်လုပ်ပေးသည့် ဉာဏ်ရည်တုစက်ရုပ်များကို အစားထိုးအသုံးပြုလာကြသည်။ ထိုစက်ရုပ်များကြောင့် ယခုအချိန်တွင် စက်ရုံအလုပ်ရုံများ၌ လူအင်အားသုံးမည့်အစား ထုတ်ကုန်လွယ်ကူမြန်ဆန်စေရေးအတွက် စက်ရုပ်ကိုအစားထိုးအသုံးပြုလာကြသည်။ ထိုနည်းတူပင် ယခင်က စိုက်ပျိုးရေးကဏ္ဍတွင် နွား၊ ကျွဲနှင့် လူအင်အားကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခဲ့ရသည်။ ထိုမှတစ်ဆင့် လယ်ထွန်စက်များ၊ စပါးခြွေလှေ့စက်များပေါ်လာသဖြင့် အချိန်ကုန်ငွေကုန်သက်သာလာပေသည်။   ယနေ့ခေတ်တွင်   အချို့သောတိုင်းပြည်များ၌  မောင်းသူမဲ့လယ်ထွန်စက်များပေါ်လာသလို ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အရင်လိုနေပူကျဲကျဲတွင်  သွားဖျန်းရန်မလိုတော့ဘဲ အဝေးထိန်းစနစ်(Drone)ဖြင့် လယ်ကွင်းများကို အဝေးကပင်ထိန်းချုပ်ရေလောင်းလာကြသည်များရှိသည်။  ထို့ကြောင့်   ဉာဏ်ရည်တုစက်ရုပ်စနစ်ကားအနာဂတ်အလုပ်အကိုင်များကို ထိခိုက်စေနိုင်သလို အလုပ်လက်မဲ့များလည်းပေါများလာမည်မှာ ဧကန်မုချပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ကောင်းစွာရပ်တည်နိုင်ရန် နည်းပညာဆိုင်ရာ အခြေခံသဘောတရားများနှင့်ဝေါဟာရများကို မျက်ကွယ်မပြုဘဲ တတ်သိနားလည်ရန်လိုပေသည်။

ထို့ပြင် ခေတ်သစ်နည်းပညာတိုးတက်မှုအနက် AI (Artificial Intell-igence) သည် လူငယ်များအတွက် အရေးပါသောလက်နက်တစ်ခုအဖြစ် သုံးစွဲလာပြီဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်၊ ဖန်တီးမှုလုပ်ငန်းများနှင့် နည်းပညာဖွံ့ဖြိုးမှုများအထိ AI သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုနည်းပညာတွင်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးဟူ၍ ဒွန်တွဲလျက်ရှိနေပါသေးသည်။ ChatGPT၊ Google Gemini၊ Claude စသော applications တို့က လူငယ်များအတွက် စာမေးပွဲပြင်ဆင်ခြင်း၊ သုတေသနရေးခြင်းအတွက် အထောက်အကူပြုပေးနိုင်သလို အလုပ်လျှောက်လွှာရေးသားခြင်းနှင့် Freelance အလုပ်များတွင်လည်း လုပ်ငန်းကို ပိုမိုထိရောက်မြန်ဆန်စွာ ပြီးမြောက်စေသည်။ ထို့ပြင် AI Art Generator နှင့် content tools တို့ဖြင့် လူငယ်များ၏ဖန်တီးမှုစွမ်းရည်ကို တိုးတက်လာစေနိုင်သည်။

သို့သော် စက်ရုံအလုပ်များတွင် AI စက်ရုပ်ကို အစားထိုးလာကြသဖြင့် အလုပ်လက်မဲ့များလာခြင်း၊ သတင်းအချက်အလက်များမှားယွင်းနိုင်ခြင်းနှင့် ဖန်တီးမှုမူပိုင်ခွင့်များ ပျောက်ဆုံးနိုင်ခြင်းဆိုသည့် ဆိုးကျိုးများလည်းရှိနေသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိအနာဂတ်အတွက် ပြင်ဆင်ရာတွင် “နည်းပညာသုံးစွဲသူ” ဖြစ်ရန်သာမက  “နည်းပညာကို ထိန်းချုပ်တတ်သူ” ဖြစ်လာရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအား ထိခိုက်စေသောနည်းလမ်းမဟုတ်ဘဲ နည်းပညာနှင့်အတူ တိုးတက်နိုင်ရေးအတွက် AI(ဉာဏ်ရည်တု)ကို နည်းလမ်းမှန်ကန်စွာ သုံးစွဲရန်လည်းလိုအပ်သည်။ ထိုအကြောင်းကို Albert Einstein က  “နည်းပညာသည် လူ့ဘဝကို ပိုမိုကောင်းမွန်စေသော်လည်း  တစ်ခါတစ်ရံမှန်ကန်စွာသုံးစွဲခြင်းမရှိလျှင် အနာဂတ်အတွက် ဆိုးကျိုးဖြစ်နိုင်ပါသည်” ဟု ပြောခဲ့သည်။AI ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုသိရှိ၍ လူငယ်များအနေဖြင့် နည်းပညာကိုမှန်ကန်စွာဆင်ခြင်သုံးစွဲရန်မှာ အရေးကြီးလှသည်။

နည်းပညာအမျိုးမျိုးရှိသည်။ ယနေ့ခေတ်တွင် အဓိကအသုံးပြုနေသောနည်းပညာများမှာ ဆက်သွယ်ရေးနည်းပညာ၊ စက်ရုပ်နည်းပညာ၊ပညာရေးနည်းပညာ၊ စီးပွားရေးနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊သတင်းနည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့ဖြစ်ကြသည်။

နည်းပညာဟုဆိုလျှင်လူတိုင်းကသတင်းနှင့်ဆက်သွယ်ရေးနည်းပညာ(IT)ကိုသာစိတ်ထဲ၌ပြေးမြင်မိကြမည်မှာအမှန်ဖြစ်သည်။ITဟုပြောလိုက်ပြီဆိုလျှင်လူသားတို့နှင့်အမြဲအတူတကွရှိနေသောဖုန်း၊ကွန်ပျူတာ၊အင်တာနက်တို့လည်းပါဝင်လာကြပြီဖြစ်သည်။ရှေးယခင်ကလူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်အသံပေး၍သော် လည်း ကောင်း၊အချက်ပြ၍သော်လည်းကောင်း ဆက်သွယ်ခဲ့ရသည်။ ယခုဆိုလျှင်နည်းပညာတစ်ဟုန်ထိုးတိုးတက်လာမှုကြောင့် ဆက်သွယ်ရေးစနစ်ပိုမိုကျယ်ပြန့်ကာ ကမ္ဘာ့တစ်ဝန်းရှိလူတို့နှင့် အလွယ်တကူစကားပြောလာနိုင်ပြီဖြစ်သည်။ ယခုခေတ်တွင် "အီးမေးလ်(Email)၊ messenger၊Whats App" စသောလူမှုကွန်ရက်များမှ တစ်ဦးနှင့်တစ်ဦး မိုင်ပေါင်းမည်မျှပင်ဝေးလံသောအရပ်တွင်ရှိစေကာမူ ပြောဆိုလာနိုင်ပြီဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာစုစည်းမှုများနှင့် စီမံခန့်ခွဲမှုများအတွက် အမေရိကန်စစ်တပ်က ယခုအချိန်ထိ အီးမေးလ်စနစ်အား အသုံးပြုနေကြောင်း၂၀၂၄ ခုနှစ် CNN ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အလားတူပင် အီးမေးလ်သည် နိုင်ငံတကာ၏ စီးပွားရေးကဏ္ဍတွင်လည်း အထူးအရေးပါသည်။ ဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်များသည် နည်းပညာအားလုံး၏ သတင်းဒေတာအချက်အလက်များအား ထည့်သွင်းရှာဖွေရာတွင်သုံးသောကိရိယာများဖြစ်သော်လည်း အကျိုးရှိစွာအသုံးချတတ်ရန်လိုပေသည်။

ယခုလို အဘက်ဘက်မှ တိုးတက်နေသောခေတ်တွင် နည်းပညာသည် လူသားတို့အတွက် ကောင်းကျိုးများပေးစွမ်းနေသလို ဆိုးကျိုးများကိုလည်းပေးနိုင်ပေသည်။ လူငယ်များသည် Facebook၊ YouTube၊ TikTok၊Instagram၊ ဂိမ်း(game) စသောပလက်ဖောင်းများကို အလွန်အကျွံသုံးစွဲကာ အချိန်ဖြုန်းလာကြသည်။ ထိုမှတစ်ဆင့် လူငယ်များလမ်းမှားရောက်ကာ ဘဝတက်လမ်းရပ်တန့်သွားကြရသည်။  သို့သော် တချို့ကလည်း ၎င်းပလက်ဖောင်းများမှတစ်ဆင့် ဘဝတိုးတက်အောင်မြင်သွားသူများလည်းရှိပေသည်။ ၎င်းကို  Microsoft ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သော Bill Gates က “နည်းပညာကိုကောင်းစွာအသုံးပြုသူသည် အောင်မြင်မှုကိုဆွတ်ခူးရလိမ့်မည်၊ နည်းလမ်းမှားစွာသုံးမိသူက ဘဝလမ်းပျောက်ရမည်” ဟုဆိုထားသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက“ယနေ့ကမ္ဘာကြီးသည် ကမ္ဘာ့ရွာကြီးတစ်ခုဟု တင်စားခေါ်ဝေါ်ရလောက်အောင်အလျင်အမြန်တိုးတက်နေသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှအဖြစ်အပျက်များကို  အချိန်နှင့်တစ်ပြေးညီသိနိုင်ပြီဖြစ်သည်။ ထိုသို့ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးနှင့်    မျက်ခြည်မပြတ်ရန် နည်းပညာများတတ်မြောက်အောင်ကြိုးစားသင့်သည်”ဟူ၍အမှာစကားဆိုခဲ့သည်။ အနာဂတ်ကာလများတွင် နည်းပညာကိုအကျိုးရှိရှိအသုံးပြုသူတို့၏   စီးပွားရေးအလုပ်အကိုင်များမှာ  လွယ်ကူ၊ သက်သာ၊ မြန်ဆန်၊ တိုးတက်သွားမည်မှာ ဧကန်အမှန်ပင်ဖြစ်ပြီး ၎င်းအားကောင်းစွာ   မသုံးတတ်သူများ၏အလုပ်အကိုင်များမှာ   နောက်ကျကျန်ခဲ့ရမည့်ကိန်းဆိုက်လာသည်။ အနာဂတ်သည် လူငယ်တို့၏လက်ထဲတွင်ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် အနာဂတ်ကမ္ဘာကြီးနှင့်အတူလိုက်ပါနိုင်ရန်  လူငယ်များလက်ထဲတွင် နည်းပညာကျွမ်းကျင်မှုရှိရန်လိုသည်။ နည်းပညာသည် လူသားများ၏ဘဝအတွက် တိုးတက်မှုနှင့်အတူ အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနေပြီး ပညာရေး၊ စီးပွားရေးနှင့် ကမ္ဘာ့ပတ်ဝန်းကျင်အတွက် အရေးပါသည့်လုပ်ဆောင်ချက်များပြုလုပ်ပေးနေသည်။ သို့သော်နည်းပညာသည် ကောင်းသောလက်နက်တစ်ခုဖြစ်သော်လည်း လိုအပ်သည်ထက်ပို၍အသုံးပြုသောအခါ  အန္တရာယ်ကိုပေးနိုင်သော အစွမ်းလည်းရှိသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးသည် တိုးတက်လာသောနည်းပညာနှင့်အတူ ပိုမိုတောက်ပလာနိုင်ရန် ခေတ်လူငယ်များသည် နည်းပညာပေါင်းစုံကိုလေ့လာကာ မှန်ကန်စွာအသုံးပြုခြင်းနှင့်မတရားအသုံးပြုမှုများမှလွတ်ကင်းရန် အရေးကြီးလှကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

Photo- Linkedln

မေသူ

အိပ်ရာထထချင်း ရေသောက်ခြင်းအကျိုးကြောင့် အစာအိမ်ရောဂါ ဖြစ်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူထားရသူတစ်ဦး နှစ်ရှည်ခံစားနေရသောဝေဒနာများ ပျောက်ကင်းကျန်းမာသည့်အကြောင်းကို ရေးသားတင်ပြလိုပါသည်။

စာရေးသူ၏လူနာများထဲတွင် ဦးပေါများဆိုသည့် လက်လုပ်လက်စားတစ်ဦးရှိသည်။  ဦးပေါများဆိုသည့်အမည်နှင့် မလိုက်အောင်  သူ့မှာ ဆင်းရဲသားလက်လုပ်လက်စားတစ်ဦးဖြစ်သည်။ ပျံကျအလုပ်အမျိုးမျိုး လုပ်ကိုင်နေရသူဖြစ်သည်။ လောလောဆယ် ပန်းရန်ဝင်လုပ်ရင်း  အမြင့်မှလိမ့်ကျ၍ ခါးနာသွားသဖြင့်  အလုပ်ရှင်က  စာရေးသူ၏ဆေးခန်းသို့ ပို့ပေးခြင်းဖြစ်သည်။

စာရေးသူသည် ဦးပေါများ ခါးမှလိမ့်ကျဒဏ်ရာနှင့် ခါးဆစ်၊ ခါးဆိုင်းကြောများကို  အကြောပြင်ဆေးလိမ်းပေးပြီးနောက်  ပက်လက်လှန် အိပ်ကြည့်ခိုင်းသောအခါ  ကောင်းစွာအိပ်နိုင်သဖြင့် ခါးရိုးဆစ်မကျိုးပါ၊ ဒဏ်ရာစိုးရိမ်စရာမရှိပါ၊  နှစ်ရက်၊ သုံးရက် အနားယူပြီး ဆေးလိမ်းလျှင် ကောင်းသွားနိုင်ပါသည်ဟု ပြောပြပါသည်။ပက်လက်လှန်အိပ်လိုက်သောအခါဦးပေါများ၏ဝမ်းဗိုက်တွင် အထက်အောက်ခွဲထားသည့် ချုပ်ရိုးကြီးနှစ်ကြောင်းကို ကင်းခြေများကြီးသဖွယ် တွေ့ရသည်။စာရေးသူက ဘာဒဏ်ရာလဲဟုမေးသောအခါ ဦးပေါများက သူ့အစာအိမ်တွင်   အနာရှိသဖြင့်  ဆေးရုံ၌ နှစ်ကြိမ်  ခွဲစိတ်ကုသမှုခံယူထားရကြောင်း ပြောပြသည်။

ပထမအကြိမ်မှာ အိမ်တွင် လေအောင့်သည်ထင်၍   ကြုံရာလေဆေးတစ်ထုပ်ဝယ်သောက်ပြီးနေရာမှ  ချွေးသီးချွေးပေါက်များကျပြီး သတိလစ်သွားသဖြင့် အိမ်နီးချင်းများက ဆေးရုံပို့လိုက်ကာ ခွဲစိတ်ရခြင်းဖြစ် သည်။ လွန်ခဲ့သော  ၁၀ နှစ်ခန့်ကဖြစ်သည်ဟု ဆိုသည်။ဒုတိယအကြိမ် ခွဲစိတ်ခံရခြင်းမှာ လွန်ခဲ့သောလေးနှစ်ခန့်ကဖြစ်သည်။

အလုပ်ထဲ၌မိုးမိပြီး အပြန်တွင် ချမ်းတုန်ဖျားလာသဖြင့်  လမ်းထိပ်ဆေးဆိုင်တစ်ခု၌ စပ်ဆေးတစ်ထုပ်ဝယ်ခဲ့သည်။ အိမ်ရောက်သောအခါ စားစရာမရှိသဖြင့်    ကော်ဖီမစ်တစ်ထုပ်ဖျော်သောက်ပြီး      စပ်ဆေးအတောင့်၊ အပြားများကို တစ်ကြိမ်တည်းသောက်ချလိုက်သည်။ နောက်နာရီဝက်ခန့်ကြာသော် ဗိုက်ထဲမှ မခံမရပ်နိုင်အောင်နာလာသည်။ ရေနွေးပုလင်းကပ်ပြီး ပေနေလိုက်သည်။ နံနက် ၂ နာရီခန့်တွင် အန်သည်။နီရဲသောသွေးများပါလာသဖြင့်   ဆေးရုံသို့  အရေးပေါ်တင်လိုက်ရပြီး နံနက် ၈ နာရီခန့်တွင်ခွဲစိတ်ခံရသည်ဟုဆိုသည်။   စပ်ဆေးများ၏အကျိုးပင်ဖြစ်သည်။

သူသည် ဆေးရုံမှ   ဒုတိယအကြိမ်ဆင်းပြီးနောက် သုံးလခန့်အထိ အစာမစားနိုင်။  ဆန်ပြုတ်၊ ကွေကာ၊ ဖျော်ရည်များဖြင့်သာ အသက်ဆက်နေရသည်ဟုဆိုသည်။  ဆေးရုံမှ အပူအစပ်နှင့် အစာများများမစားရန်၊  နည်းနည်းနှင့်   အကြိမ်များများ ခွဲစားရန်မှာရခြင်းမှာ  သူ့အစာအိမ်သည် နှစ်ကြိမ်ခွဲစိတ်ခံထားရသဖြင့် သိပ်မကျန်တော့ဘဲ ကျဉ်းသွားသောကြောင့်ဟုဆိုသည်။

သူသည် ထမင်းမစားရသဖြင့်   လူက ပိန်သည်ထက် ပိန်လာသည်။ ကြုံရာကျပန်းအလုပ်လည်း မလုပ်နိုင်သဖြင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေးအခက်အခဲရှိလာသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားနေပြီး ကပ္ပိယလုပ်နေသည်။ ဆရာတော်ကျွေးသော ဆွမ်းကျန်ကို စားသည်။  ထိုဆရာတော်က    အစာစားနိုင်အောင်   သူ့အစာအိမ်ကို ကုပေးလိုက်သည်ဟု သူကပြောသည်။

ဆရာတော်ပေးလိုက်သောကုထုံးမှာ အထူးအဆန်းဖြစ်သည်။ နံနက်စောစော   အုန်းမောင်းခေါက်ချိန် အိပ်ရာထသည်နှင့်  မျက်နှာမသစ်၊ သွားမတိုက်မီ ရေအဝသောက်ခိုင်းသည်။ အစကတော့ သူသည် အိပ်ရာထစနှင့် မျက်နှာမသစ်၊ သွားမတိုက်ရသေးဘဲ ရေမသောက်ချင်။ သို့သော် ဘုန်းကြီးက နံနက်စောစော ခံတွင်းမှအရည်တွင် အစာကြေစေနိုင်သောအရည်များပါသည်ဟု ဆိုသည်။

သူ သောက်ရသောရေမှာလည်း တစ်ခွက်မဟုတ်။ တစ်ဖလားအပြည့်။ မျက်နှာသစ်သည့် ရေဖလားနှင့်အပြည့်နီးပါးသောရေကို  ရေစစ်ဖြင့် စစ်ပေးပြီး ကုန်အောင်သောက်ခိုင်းသည်။ ရေတစ်ဖလားသောက်ရသည်မှာ လွယ်သည့်ကိစ္စမဟုတ်။

"ဒီရေတွေကို အကုန်ဝင်အောင်သောက်၊ ဒါမှ အစာအိမ်က ပြန်ကျယ်လာမယ်။  အစာအိမ်ကျယ်မှ   အစာဝင်လာမှာ" ဟု    ဆရာတော်ကပြောသဖြင့် မသောက်ချင်သော်လည်း ကုန်အောင် ကြိတ်မှိတ်သောက် ရသည်။  ဤသို့ နေ့စဉ်ရက်ဆက်  နံနက်အိပ်ရာထသည့်အချိန်  တန်းပြီး ရေ တစ်ဖလားသောက်ရသည့်ဒုက္ခမှာမသေးဟု     နဂိုကထင်သော်လည်း တစ်ပတ်၊  ၁၀ ရက်ခန့်ကြာလာသောအခါ ခံနိုင်ရည်ရှိလာသည်။ အကျင့်ဖြစ်၍ နံနက်အိပ်ရာထသည်နှင့် ရေကန်သို့တန်းပြေး၊ ရေစစ်နှင့်တစ်ဖလား စစ်ယူခဲ့ပြီး အားပါးတရသောက်လိုက်ရမှ နေသာသလိုဖြစ်သွားသည်။

မကြာမီ   ကျောင်းမှစွန့်သောဟင်းမျိုးစုံပါသည့်ဟင်းလေးနှင့်ဆွမ်းကျန်တို့ကို စားနိုင်လာသည်။ စားနိုင် သည်မှာ ရှေးယခင် ၁၀ နှစ်ကထက်ပင် ပိုစားနိုင်လာသည်။ ယခင်က ထမင်းပန်းကန် တစ်ဝက်ပင်မကုန်။ အစာအိမ်ကျဉ်းသဖြင့်မဝင်သောသူသည်ထမင်းတစ်ဇလုံအပြည့် စားနိုင်လာသည်။ ဟင်းချိုကလည်း ပါသေးသည်။ သူ့ကို နှစ်ကြိမ်နှစ်ခါဒုက္ခပေးခဲ့သောအစာအိမ်သည် ရေသောက်ခြင်းအကျိုးဖြင့် ပြန်ကောင်းခဲ့ရသည်ဟုဆိုသည်။

ခွဲစိတ်ကုသမှုကြောင့်  အစာအိမ်ကျဉ်းသွားသူ၊ အစာအိမ်ဖြတ်ထုတ်ရသောသူများကိုဆရာဝန်များက   များများမစားရန်၊  နည်းနည်းနှင့်   အကြိမ်ခွဲပြီး  စားရန်နှင့်  ကြေလွယ်သောအစာကိုသာ စားရန်၊ ကောက်ညှင်း၊ ဆန်ကြမ်း၊ မာသောအစာ၊  အကြော်အလှော်၊ အပူအစပ်များကို ရှောင်ခိုင်းလေ့ရှိပါသည်။ အဓိကရောက်သောဒုက္ခမှာ များများမစားရ၊ နည်းနည်းနှင့် တစ်နာရီတစ်ကြိမ်ခန့် စားနေရခြင်းဖြစ်သည်။လက်လုပ်လက်စားများအဖို့   လိုက်နာရန်မလွယ်သောကိစ္စဖြစ်သည်။

ရှေးမြန်မာနည်း၊ ဗိန္ဒောနည်းများသည် တစ်ခါတစ်ရံ ဆေးမပေးဘဲ ရေဖြင့်ကုသောကုထုံးများရှိသည်။ရေကိုပင်ဆေးတစ်ပါးအဖြစ်အသုံးပြုသည်။ ရေအမျိုးမျိုး၏အကျိုးအာနိသင်ကိုခွဲခြားပြီး ဆေးအဖြစ် သုံးသည်။ ဥပမာ- မိုးရေကိုခံထားပြီး ကျိုချက်သောက်ခြင်း၊ မိုးသီး၊ နှင်းရည်တို့ကို ခံယူထားပြီး မျက်စဉ်းခတ်ခြင်း၊ တိမ်သလာတို့ကို ကုသခြင်းများ ပြုလုပ်လေ့ရှိကြသည်။

ယခု   ဆရာတော်က ဦးပေါများကိုရေတစ်ဖလားသောက်ခိုင်းခြင်းမှာလည်းဆေးကျမ်းတွင်ပါသည် မဟုတ်။ရှေးအစဉ်အဆက်  လက်ဆင့်ကမ်းခဲ့သော ရှေးဗိန္ဒောနည်းဖြစ်ပါလိမ့်မည်။ယခု  ဦးပေါများ ပြောသောနည်းကိုသိရသောအခါ    စာရေးသူတို့ငယ်စဉ်ကခေတ်စားခဲ့သော    သွေးတိုးရောဂါ၊    ကျောက်ကပ်ရောဂါပျောက်သည်ဆိုသော ဂျပန်ရေသောက်နည်းကို သွားသတိရမိပါသည်။ထိုနည်းမှာ ရေတစ်အိုး (အာတာပုလင်းနှင့် လေးပုလင်း) သောက်သောနည်းဖြစ်သည်ဟုမှတ်မိသည်။   နည်းလမ်း အတိအကျကိုတော့ မမှတ်မိတော့ပါ။ စာရေးသူ ငါးတန်းကျောင်းသားအရွယ် ၁၉၆၃ ခုနှစ်ခန့် ကဖြစ်သည်။ ထိုနည်းဖြင့် ကျောက်ကပ်နှင့် သွေးတိုးရောဂါပျောက်ကင်းသူ  အတော်များများရှိခဲ့ဖူးပြီး နောက်  အဘယ်ကဲ့သို့ မှေးမှိန်သွားသည်ကိုမူ မသိတော့ပါ။

ရေသည် ရန်သူမျိုးငါးပါးတွင် ပါဝင်သော်လည်း မရှိလျှင်မဖြစ်သည့် သက်စောင့်ဓာတ်လည်းဖြစ်သည်။အာယုဗ္ဗေဒဆေးပညာအခြေခံ၊ တိုင်းရင်းမြန်မာဆေးပညာအခြေခံ၊ တရုတ်ဆေးပညာအခြေခံတို့တွင် ရေနှင့်မြေသည်  အဓိကကျသောအကြောင်းရင်းခံကုရမည့်ဓာတ်များ၊ ပိုလျှင်လျှော့၊ လိုလျှင်ဖြည့်ရမည့်ဓာတ်များဖြစ်သည်။

ရေသောက်ခြင်း၊ ရေကုထုံးများကြောင့် ဆရာဝန်ကြီးများပင် မထင်သည့်ရောဂါဝေဒနာများ ပျောက်ကင်း ခဲ့ဖူးသည့် သာဓကများစွာရှိသည်။ ရောဂါရှိသူ၊ မရှိသူ၊ လူ၏အနေအထား၊ ခန္ဓာကိုယ်အချိုးအစား၊ အပိန်အဝပေါ်မူတည်၍ သောက်သင့်သည့်ရေအချိုးအစားမှန်ကန်စွာသောက်သုံးနိုင်ပါကရောဂါကင်းရှင်းကျန်းမာစေနိုင်သော  သဘာဝကပေးသည့်ဆေးတစ်ပါးဖြစ်သည်။

စာဖတ်သူသည် အောက်ပါရောဂါများရှိသူဖြစ်ပါကဤနည်းကို စမ်းသပ်ကြည့်စေလိုပါသည်။

(၁) နှစ်ကြာအစာအိမ်ရောဂါ၊

(၂) လေရောဂါအမျိုးမျိုး၊

(၃) ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ၊

(၄) သွေးတိုးရောဂါ၊

(၅) ဝမ်းချုပ်ရောဂါ၊

(၆) လိပ်ခေါင်းရောဂါ၊

(၇) အာသီးရောင်ရောဂါ၊

(၈) အကြောတက်ရောဂါနှင့်

(၉) မျက်စိအားနည်းရောဂါတို့အတွက် အကျိုးရှိပါသည်။

နံနက်အိပ်ရာထချိန်သည်အရုဏ်တက်ချိန် (နံနက်  ၄ နာရီခွဲမှ ၅  နာရီခွဲ) အတွင်းဖြစ်လျှင် ရေသောက်ခြင်းသည် ပိုထိရောက်ပါသည်။

အိပ်ရာထလျှင်သောက်ရန်  ရေအေးကို ညကတည်းက ရေတကောင်းတစ်ခုဖြင့် ကြိုတင်ပြင်ဆင်ထားလျှင် အကောင်းဆုံးဖြစ်ပါသည်။ အိပ်ရာထပြီး အပေါ့အပါးသွားပြီးသည်နှင့် ရေတစ်ဖလား (သောက်ရေသန့်ဘူးဖြင့်တွက်လျှင် တစ်ဘူးခွဲခန့်)ကို  ကုန်နိုင်သမျှသောက်ပါ။ စသောက်သောက်ချင်း မကုန်နိုင်လျှင် ကိစ္စမရှိပါ။ နောက်တဖြည်းဖြည်း သောက်နိုင်လာပါလိမ့်မည်။   ဝမ်းမှန်ခြင်း၊  မျက်နှာကြည်လင်ခြင်း၊  အစာအိမ်ကောင်း၍ကျန်းမာခြင်းအကျိုးကျေးဇူးများ    မကြာမီရရှိလာမည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။

Source: Myawady Web Portal

Photo - Berkey water filters

ကြည်လွင်မြင့်(မုဒြာ)

မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည်။  စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပြည်သူတို့၏အကျိုးစီးပွား၊  နိုင်ငံ့အကျိုးစီးပွားကိုမြှင့်တင်ကြရသည်။စိုက်ပျိုးမွေးမြူရေးကို ပြည်တွင်းစီးပွားရေးအပြင် ပြည်ပပို့ကုန်အဖြစ်လည်းတင်ပို့ပြီး    စိုက်ပျိုးမွေးမြူသူများအနေဖြင့် အခြေခံစီးပွားရေးကို  ခိုင်မာတောင့်တင်းစေရန်ဖြစ်သည်။   

မြန်မာနိုင်ငံမှာ မွေးမြူရေးအနေဖြင့် ဝက်မွေးမြူရေး၊ကြက်မွေးမြူရေး၊ ကျွဲ၊ နွားမွေးမြူရေး၊ ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး၊  ဘဲမွေးမြူရေးစသည်ဖြင့်အမျိုးမျိုးရှိသည်။ ထိုမွေးမြူရေးလုပ်ငန်းများအနက် ငုံးမွေးမြူရေးလုပ်ငန်းလည်း  တစ်ခုအပါအဝင်ဖြစ်သည်။  ငုံးဥသည်  လူကြိုက်များသော ဥတစ်မျိုးဖြစ်သည်။  ငုံးကိုဥအတွက်မွေးမြူကြသလို အသားအတွက်လည်းမွေးမြူကြသည်။အထူးသဖြင့်ငုံးကို ဥထုတ်လုပ်ရန်အတွက်သာမွေးမြူကြသည်။   

ဥထုတ်ပြီးငုံးများကိုမူ   အသားအဖြစ်ပြန်လည်ထုတ်လုပ်ကြသည်။  စာရေးသူအနေဖြင့် ငုံးမွေးမြူရေးလုပ်ငန်းအကြောင်းကို  လေ့လာတင်ပြမည်ဖြစ်သည်။

ငုံးအမျိုးအစားနှင့်သဘာဝ

ငုံးသည် ရစ်ငှက်မျိုးနွယ်ဝင်ဖြစ်ပြီး  အင်္ဂလိပ်လို Quail ဟုခေါ်သည်။   သိပ္ပံအမည်မှာ Coturnix ဖြစ်သည်။   ငုံးသည်  ငှက်တစ်မျိုးဖြစ်သည်။အကောင်အရွယ်အစားက လက်သီးဆုပ်ခန့်ရှိသည်။ အလျား၆ လက်မခန့်ရှိပြီး သေးငယ်ကျစ်လျစ်သည်။ အဖိုနှင့်အမမှာ     အရောင်အဆင်းမတူကြပေ။ ငုံးဖိုမှာ ကျောဘက်တွင်   အမည်းပြောက်နှင့် သံချေးရောင်ခပ်မှိုင်းမှိုင်းအပြောက်ပါရှိသည်။  ခြေထောက်ကအဝါရောင်ဖြစ်သည်။ ငုံးမမှာမူ ငုံးဖိုထက် အရောင်ဖျော့သည်။ ဝမ်းဗိုက်နှင့်ရင်မှာ အညိုဝါရင့်ရောင်ရှိသည်။  ရင်နှင့်ဘေးမှာ   အမည်းကန့်လန့်စင်းများသည်။    မြန်မာနိုင်ငံတွင် မိုးဥတု၌ ဥတတ်ကြသည်။ တချို့က   ဇန်နဝါရီလမှာလည်း ဥတတ်ကြသည်။ ဥအရောင်မှာအဝါရောင်၊   အညိုရင့်ရောင်စသည်ဖြင့်ရှိသည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံးမျိုးကိုမြန်မာနိုင်ငံရှမ်းကုန်းမြင့်ဒေသများ၌တွေ့ရတတ်သည်။ ငုံးအမျိုးအစားသုံးမျိုးရှိသည်။ ကိုတာနစ်ချိုင်းနန်းဆစ်ငုံးနှင့်ကိုတာနစ်ကိုရိုမန်လစ်ဒ်အမည်ရှိငုံးတို့ဖြစ်သည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံး၏အရောင်အဆင်းနှင့် အရွယ်အစားမှာ အထက်မှာစာရေးသူဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။ ကိုတာနစ်ကိုရိုမန်လစ်ဒ်ငုံးသည် အလျား ၇လက်မခန့်ရှိသည်။   ငုံးဖို၏ရင်ပိုင်းမှာ အလွန်မည်းနက်သည်။  ကျယ်လောင်စွာအော်မြည်တတ်ပြီး  နေရာတစ်ခုတည်းတွင်ကျက်စားတတ်သည်။မြေပေါ်တွင်ဥတတ်ပြီး ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်းဥမှအကောင်ပေါက်သည်။ နောက်တစ်မျိုးမှာ ကိုတာနစ်ဂျပွန်နီကာငုံးမျိုးဖြစ်သည်။   အလျား ၇  လက်မ - ၈ လက်မခန့်ရှိပြီး အမြီးလုံးဝမရှိပေ။ ဦးခေါင်းအဖြူရစ်များသည်။ ကျောဘက်ကမည်းသည့်အပြင် အညိုကွက်များလည်းပါသည်။   အသိုက်ကိုစိုက်ခင်းများ၊မြက်ခင်းများတွင်ပြုလုပ်လေ့ရှိကြသည်။  ဥမှာ နီဝါရောင်ရှိသည်။  သားပေါက်ချိန်မှာ မတ်လမှ မေလအတွင်းဖြစ်သည်။   မြန်မာနိုင်ငံတွင်မွေးမြူသောငုံးအမျိုးအစားမှာ  ကိုတာနစ်၊  ကိုတာနစ်ဂျပွန်နီကာမျိုးတို့ဖြစ်သည်။  ကိုတာနစ်ဂျပွန်နီကာမျိုးကို ဂျပန်မျိုးဟုလည်းခေါ်ကြသည်။

ငုံးသားဖောက်ခြင်း

ငုံးမွေးမြူရာတွင် တချို့ကအကောင်လိုက်ဝယ်ယူမွေးမြူကြသလို   ကိုယ်တိုင်သားဖောက်မွေးမြူသူများလည်းရှိသည်။  ငုံးသားဖောက်ရန်အတွက် သားဖောက်မည့်ငုံးကို  စနစ်တကျရွေးချယ်ရသည်။ငုံးဥကိုအလုံးကြီးကြီး၊ အလုံးသေးသေး   ဥများကိုရွေးချယ်ခြင်းမပြုသင့်ပေ။ မကြီးလွန်းမငယ်လွန်းသောဥများကိုရွေးချယ်ရပါမည်။သားဖောက်ရန်အတွက် ရွေးချယ်ထားသောဥများကို သိမ်းဆည်းရာတွင်  ရက်ကြာကြာမထားသင့်ပေ။ သားဖောက်မည့်ဥများကိုရွေးချယ်ပြီးပါက လေးရက်ထက်မကျော်လွန်သင့်ပေ။ သတ်မှတ်ရက်ကျော်လွန်သောဥများကိုသားဖောက်မည်ဆိုပါက အကောင်ပေါက်ရာတွင် သန်စွမ်းမှုသိပ်ရှိမည်မဟုတ်ပေ။  သားမဖောက်မီဥများကိုသိမ်းဆည်းရာတွင် အပူချိန်လုံလောက်သောနေရာတွင်သိမ်းဆည်းထားဖို့လိုသည်။ ငုံးသားဖောက်ရာတွင်သားဖောက်စက်ဖြင့်ဖောက်ကြသည်။

ဖောက်စက်သည် အပူချိန်ကွာခြားမှုမရှိဖို့အထူးဂရုစိုက်ရမည်။  အပူချိန်လျော့ပါက သားပေါက်ကြန့်ကြာသည်။ သားဖောက်ရာတွင် အဓိကရည်ရွယ်ချက်မှာ သားပေါက်နှုန်းကောင်းပြီးငုံးသားပေါက်များ ကျန်းမာသန်စွမ်းကာ ဖွံ့ဖြိုးဖို့အဓိကဖြစ်သည်။ ထို့ပြင်ဖောက်စက်ကိုသင့်လျော်သည့်နေရာတွင်ထားရှိရန်လိုအပ်သည်။ဖောက်စက်ထားသည့်အခန်းထဲသို့ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးထားရသည်။ ဖောက်စက်ကို သစ်သားနံရံ  သို့မဟုတ် အုတ်နံရံကာထားသည့်နေရာအနီးတွင်ထားရှိပေးရမည်။ အပူချိန်ပြောင်းလဲမှုမရှိဘဲ တစ်သမတ်တည်းရှိသောနေရာကိုသာရွေးချယ်သားဖောက်ဖို့လိုသည်။ 

ငုံးဥများကို ဖောက်စက်ထဲသို့စနစ်တကျထည့်ပြီးပါကအေးသောရာသီဥတုဆိုလျှင် အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိရမည်ဖြစ်ပြီး ပူသောရာသီတွင် ၉၅ ဒီဂရီဖာရင်ဟိုက်ထားပေးရမည်။ အပူချိန်များလျှင်လည်း ငုံးသားပေါက်လေးများ   ခွန်အားနည်းပါးခြင်း၊ဥဥသည့်အရွယ်ရောက်လျှင်ဥဥနှုန်းမကောင်းခြင်း၊   တချို့ကလုံးဝမဥတော့ပေ။ ဥဖောက်ရန်ညီမျှသောအပူချိန်ပေးထားချိန်တွင် ဥကိုသုံးကြိမ်လှည့်ပေးရမည်။ အကောင်ပေါက်ရန် ၁၄-၂၀  ရက် ကြာတတ်သည်။

အကောင်ပေါက်လာပါက ဖောက်စက်ထဲတွင် ၁၀ နာရီခန့်ထားပြီးနောက်မှ    အပူငွေ့ပေးအိမ်အတွင်းသို့ပြောင်းရွှေ့ပေးရသည်။ အပူပေးအိမ်ကို အလျား ၄ ပေ၊ အနံ ၂ ပေ၊ အမြင့် ၈ လက်မပြုလုပ်ပေးရမည်။  ငုံးအိမ်တစ်ဝက်ကို ပျဉ်ဖြင့်အလုံပိတ်ပြီး  ကျန်တစ်ဝက်ကိုသံဆန်ခါဖြင့်ပိတ်ရမည်။  ထိုနေရာမှာအပူပေးရန် လျှပ်စစ်မီးသီးထားရမည်။ အခင်းကိုသံဆန်ခါကွက်ခင်းပေးရသည်။

ငုံးသားပေါက်အပူပေးခြင်း

ငုံးအိမ်ကို အထက်ပါအတိုင်းပြုလုပ်ပြီးနောက် ငုံးအိမ်သံဆန်ခါအခင်းပေါ်တွင် ဂုန်နီအိတ်ခင်းပြီးထိုအပေါ်မှစက္ကူခင်းပေးရသည်။  ထိုစက္ကူအခင်းပေါ်တွင် ငုံးပေါက်ကလေးများအတွက် အစာပုံးနှင့်ရေခွက်ထားပေးရမည်။ ငုံးငယ်များအား အပူပေးရာတွင် ရက်သားအလိုက်ပေးရသည်။ ရက်သားအလိုက်အပူချိန်မတူပေ။

- ရက်သား                       /       အပူချိန်

- ၁ မှ ၇ ရက်သား           - ၆၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက်

- ၇ မှ ၂၄ ရက်သား         -  ၄၀ မှ ၄၅ ဒီဂရီဖာရင်ဟိုက်

- ၂၅ မှ ၂၈ ရက်သား      -  ၁၅ မှ ၂၀ဒီဂရီဖာရင်ဟိုက် စသည်တို့ဖြစ်သည်။

ငုံးကလေးများသည် ၂၈ ရက်ကျော်ပါက မီးပေးစရာမလိုပေ။ ထို့နောက် မီးလွတ်ငုံးပေါက်ကလေးများအား ငုံးအိမ်အတွင်းအကောင်ရေခွဲ၍ မွေးမြူရမည်ဖြစ်သည်။ဖော်ပြပါအပူချိန်များကို အေးသောရာသီဥတုနှင့်ညအချိန်များတွင်ရက်သားအလိုက်ငုံးများအတွက် အပူချိန်ကို အထက်ဖော်ပြပါအပူချိန်အောက်   လျော့ကျခြင်းမရှိအောင် အထူးဂရုစိုက်လုပ်ဆောင်ပေးရပါမည်။

ငုံးအိမ်တည်ဆောက်ခြင်း

မီးလွတ် ၂၈ ရက်သားငုံးကလေးများကို ငုံးအိမ်အတွင်း အကောင်ရေခွဲမွေးမြူမည်ဆိုပါက ငုံးအိမ်တည်ဆောက်ပေးရမည်ဖြစ်သည်။ ငုံးအိမ်တည်ဆောက်ရာတွင် အလျား ၁ ပေ၊ အနံ၁ ပေ၊ အမြင့် ၁ ပေရှိရမည်။ 

အခန်းဆက်အနေဖြင့်လေးခန်းမှခြောက်ခန်းတွဲအထိပြုလုပ်နိုင်သည်။   အခန်းတွဲအခန်းဆက်နေရာတွင်၂ လက်မခြားထားပေးရသည်။ ခြားထားသည့်နေရာသည် ငုံးချေး၊ အံဆွဲထားရန်ဖြစ်သည်။  အခင်းကို ငါးမူးကွက်ခြောက်ထောင့်သံဆန်ခါ ကာပေးရမည်။

အလယ်အခန်းနံရံများကိုပျဉ်ချပ်များဖြင့်  အလုံပိတ်ထားရမည်။  ငုံးအိမ်ရှေ့တံခါးပေါက်ကို တံခါးဆုံလည်ဖြင့်ထားပေးရသည်။ ငုံးချေးခံခွက်ထားပေးပြီး ချေးခံခွက်အတွင်း လွှစာမှုန့်ခင်းပေးကာ တစ်ပတ်တစ်ခါလှည်းပေးရမည်။    ငုံးစင်အဆင့်တိုင်း၏ဘေးတစ်ဖက်တွင် လွှစာမှုန့်နှင့်ရေအား ရေတံလျှောက်ဖြင့်တည်ပေးရမည်။ သောက်ရေအား တစ်နေ့နှစ်ကြိမ်လဲပေးရသည်။ အားဆေးတိုက်ကျွေးမည်ဆိုပါကလိုအပ်သောအားဆေးကို ရေအတွင်းထည့်သွင်းတိုက်ကျွေးနိုင်သည်။ အခန်းတွဲလေးတွဲရှိငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၆၀ မှ ၈၀ အထိထည့်သွင်းမွေးမြူနိုင်သည်။ ခြောက်ဆင့်ငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၁၄၀ မှ ၁၈၀ အထိမွေးမြူနိုင်သည်။ ဥစားငုံးဆိုလျှင် ခြံဖြင့်မွေးမြူမည်ဆိုပါက ၁  ပေပတ်လည်ခြံတစ်ခြံတွင်   ငုံးကောင်ရေ   ငါးကောင်သာမွေးမြူနိုင်သည်။ အကောင်ဖောက်ရန်မျိုးဥအတွက်မွေးမြူမည်ဆိုပါက၁  ပေပတ်လည်ခြံတစ်ခြံတွင် ငုံးမသုံးကောင်၊ ငုံးထီးတစ်ကောင်နှုန်းထားရှိရမည်ဖြစ်သည်။  ငုံးတစ်ကောင်၏သက်တမ်းမှာ သုံးနှစ်ကျော်ဖြစ်သည်။

ငုံးမွေးမြူရာတွင်သိသင့်သည်များငုံးမွေးမြူရာတွင် ကိုယ်တိုင်ဥဖောက်မွေးမြူနိုင်သလို ငုံးအရွယ်အစားအလိုက်ဝယ်ယူ၍လည်းမွေးမြူနိုင်သည်။  အရွယ်အစားအလိုက်မွေးမြူမည်ဆိုပါက   မွေးမြူနိုင်သည့်အရွယ်အစားမှာအောက်ပါအတိုင်းဖြစ်သည်-

- ၂ ရက်သားငုံးကလေးများအားဝယ်ယူမွေးမြူခြင်း

- ၇ ရက်သားငုံးများအားဝယ်ယူမွေးမြူခြင်း

- ၁၄ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၁ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၈ ရက်သား မီးလွတ်ငုံးအားဝယ်ယူမွေးမြူခြင်း

- ၃၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

- ၄၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

ငုံးမွေးမြူရာတွင် နှစ်ရက်သက်တမ်းရှိငုံးကလေးများအား ဝယ်ယူမွေးမြူပါက တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့သယ်ယူရာတွင်ခက်ခဲသည်။ အသေအပျောက်လည်းရှိနိုင်သည်။ သယ်ယူရာတွင် အပူဓာတ်ရရှိစေရန်အတွက် သယ်ယူရာလမ်းတစ်လျှောက်တွင် အပူပေးရသဖြင့်   အလုပ်ပိုရှုပ်စေသည်။  အပူမပေးဘဲသယ်ယူပါကလည်း ငုံးကလေးများသေသွားနိုင်သည်။  ငုံးမွေးမြူသူများအနေဖြင့် ဝယ်ယူမွေးမြူမည်ဆိုပါက ၂၈ ရက်သားမီးလွတ်ငုံးပေါက်များကိုသာ   ဝယ်ယူမွေးမြူသင့်သည်။   ၂၈ ရက်သားငုံးပေါက်ကလေးများအားဝယ်ယူမွေးမြူပါက အောက်ပါအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်သည်။

ယင်းတို့မှာ-

- ငုံးကလေးများကြီးထွားမှုညီခြင်း

- အရွယ်အစားတညီတည်းဖြစ်ခြင်း

- အစာကျွေးရာတွင် ကုန်ကျစရိတ်တူညီခြင်း

-ငုံးအိမ်တည်ဆောက်ရာတွင်တညီတည်းတည်ဆောက်ရ၍လုပ်ငန်းတွင်ကျယ်ပြီးကုန်ကျစရိတ်သက်သာခြင်း

-ဥသောအရွယ်သို့ရောက်သောအခါ တစ်ပြိုင်နက်ဥခြင်း

-ဥများတစ်ပြိုင်နက်ဥသဖြင့် ဥအများအပြားထုတ်လုပ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေသည်။ ငုံးများအတွက် သင့်လျော်သောအစာခွက်၊ ရေခွက်တို့ကိုစနစ်တကျပြုလုပ်မွေးမြူကြရမည်။

ငုံးအတွက်စပ်စာပြုလုပ်ကျွေးခြင်း

ငုံးကိုအစာကျွေးရာတွင် စပ်စာများကိုသာ အများအားဖြင့်ကျွေးကြသည်။  အစာကိုစနစ်တကျကျွေးပါက  ဥဥနှုန်းကောင်းပြီး    ငုံးကောင်၏သက်တမ်းပိုရှည်သည်။ ငုံးများတွင်လိုအပ်သောအာဟာရဓာတ်ချို့တဲ့ပါက ဥဥနှုန်းကိုထိခိုက်စေနိုင်သည်။ ငုံးများအတွက်အစာအာဟာရကို အရွယ်အစားအလိုက် စပ်စာပြုလုပ်ကျွေးမွေးကြသည်။  ငုံးငယ်၊ ငုံးလတ်၊ ငုံးကြီးစသည်ဖြင့်ခွဲခြား၍   စပ်စာပြုလုပ်ကျွေးကြသည်။ ထိုစပ်စာအတွင်း ငါးကြီးဆီကိုလည်းထည့်ကျွေးပေးနိုင်သည်။   ဖော်ပြပါအစာများတွင် သတ္တုဓာတ်၊ ပရိုတင်းဓာတ်နှင့်ဗီတာမင်ဓာတ်များပါဝင်သည်။ ကန်စွန်းရွက်၊ ဆလတ်ရွက်တို့ကိုလည်း သင့်လျော်သလိုချိန်ဆကျွေးမွေးနိုင်သည်။ အဓိကအားဖြင့် ရေဖြစ်သည်။ ရေမပြတ်အောင်ဂရုစိုက်ရမည်။ ရေသည်စားသမျှအစာကို ကြေညက်စေသည်။ ငုံးကောင်၏ခန္ဓာကိုယ်အပူချိန်ကိုဟန့်တားရာတွင် အထောက်အကူဖြစ်စေသည်။

ဖြစ်တတ်သောရောဂါနှင့်ကာကွယ်နည်း

ငုံးမွေးမြူရာတွင် အထက်ကစာရေးသူဖော်ပြခဲ့သည့် သိသင့်သည့်အချက်များ၊  နည်းစနစ်များကိုသိရှိလိုက်နာဆောင်ရွက်သော်လည်း ရောဂါကျရောက်ပါက သေဆုံးတတ်သလို ဥဥနှုန်းကိုလည်းထိခိုက်စေနိုင်သည်။ ထို့ကြောင့်  စီးပွားဖြစ်ငုံးမွေးမြူသူများအနေဖြင့် ငုံးမှာကျရောက်တတ်သည့်ရောဂါများနှင့်ကာကွယ်နည်းများကိုလည်း သိထားဖို့လိုသည်။

ဝမ်းရောဂါ - ထိုရောဂါဖြစ်ပါက မှိုင်ကုပ်၍အစာမစားပေ။ မျက်နှာရောင်ခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းလက္ခဏာများဖြစ်တတ်သည်။ ထိုရောဂါဖြစ်ပါက ရုတ်တရက်သေဆုံးခြင်းမျိုးဖြစ်တတ်သည်။ထိုအခါ အစာနှင့်ရေအတွင်း တက်ထရာဆိုက်ကလင်းဆေးထည့်၍ ကာကွယ်ကုသနိုင်သည်။

အူရောင်ရောဂါ - ထိုရောဂါသည် ငုံးခြံများ၏ဇီဝလုံခြုံရေးညံ့ခြင်း၊ ခြံသန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်တတ်သည်။  ထိုရောဂါဖြစ်နေပါက မှိုင်နေခြင်း၊ အမွေးအတောင်ကျခြင်း၊  အစားပျက်၍အညိုရောင်နှင့်အဖြူရောင်ဝမ်းသွားခြင်းလက္ခဏာများတွေ့ရမည်။ ထိုအခါအမောက်စလင်ဆေးကိုဆေးညွှန်းအတိုင်းတိုက်ကျွေးပေးရပါမည်။

လည်လိမ်ရောဂါ - ထိုရောဂါသည်ကူးစက်မြန်သည်။ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးတတ်သည်။ ထိုရောဂါဖြစ်ပါက ငုံးကောင်အသက်ရှူရာတွင်ချွဲသံကိုကြားရသည်။ မျက်နှာရောင်၍မျက်ရည်ကျသည်။ ထိုအခါဥဥချိန်ဆိုဥနှုန်းကျဆင်းသွားတတ်သဖြင့် အထူးသတိပြုရမည့်ရောဂါဖြစ်သည်။ အသက်ရှူခက်ခဲခြင်း၊ နှာရည်ကျခြင်း၊ မျက်စိနာခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းတို့တွေ့ရသည်။ ထိုအခါ လည်လိမ်ရောဂါကာကွယ်ဆေးကို တိုက်ကျွေးပေးရပါမည်။

သွေးဝမ်းကျရောဂါ - ထိုရောဂါဖြစ်ပါက ငုံးကောင်များငြိမ်နေတတ်သည်။ အစာစားပျက်လာပြီးကြီးထွားနှုန်းလည်းနှေးလာသည်။ အထူးသဖြင့်ဝမ်းသွားရာမှာသွေးပါလာသည်။ ထိုအခါသွေးဝမ်းကာကွယ်ဆေးကို သောက်ရေမှာရောထည့်၍တိုက်ပေးရသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့  ငုံးမွေးမြူခြင်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်နေကြပြီဖြစ်သည်။ ငုံးဥသည် အာဟာရဓာတ်ကြွယ်ဝသဖြင့်လူကြိုက်များသည်။ ၂၈ ရက်သားမီးလွတ်ဝယ်ယူမွေးမြူပါက စရိတ်စကသက်သာသလို ကြက်ကဲ့သို့ မီးမပေးရသဖြင့် ကုန်ကျစရိတ်လည်းပိုသက်သာသည်။ ထို့ပြင် ငုံးဥသည်   စျေးကွက်ရှိသောဥတစ်မျိုးဖြစ်သည့်အတွက် စီးပွားဖြစ်မွေးမြူသင့်သည်။  ကမ္ဘာတစ်ဝန်းလုံးခြုံကြည့်ပါက ငုံးကိုမြန်မာနိုင်ငံတွင်    စီးပွားဖြစ်မွေးမြူမှုမှာသုည ဒသမ ၇ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအကျိုးအမြတ်ရရှိသောမွေးမြူရေးဖြစ်သည်။ တရုတ်နိုင်ငံမှာ တစ်နှစ်လျှင်ငုံးဥ ၄၉၀၀၀၀ မက်ထရစ်တန်ချိန်အထိထုတ်လုပ်သည်။  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ငုံးဥပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ တစ်နိုင်ငံလုံး၏ ငုံးဥထွက်နှုန်း ၆၀ ရာခိုင်နှုန်းသည် ငုံးမွေးမြူရေးအများဆုံးလုပ်ကိုင်သည့် မုံရွာဘက်မှဖြစ်သည်။ ငုံးကိုဥထုတ်နိုင်သလို အသားလည်းထုတ်ယူရရှိသည့်အပြင် ငုံးချေးကိုမြေသြဇာအဖြစ်ပါအသုံးပြုနိုင်သည်

ထို့ကြောင့် စာရေးသူအနေဖြင့် ငုံးမွေးမြူမည့်သူများအတွက် ငုံးမွေးမြူရာတွင်သိရှိလိုက်နာသင့်သည်များကို  သိရှိနိုင်စေရန် လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ရပါသည်။    ။

quail

Source: Myawady Web Portal

ကိုကျော်စွာ(ကျိုက်ပိ)

လူတိုင်း ဖြူစင်ဝင်းပတဲ့သွားတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ သွားတွေက သဘာဝအတိုင်းဖြူနေပေမယ့် အလွယ်တကူအစွန်းအထင်းဖြစ်နိုင်ပါတယ်။ အစားအစာတွေထဲမှာ အချဉ်ဓာတ်ပါဝင်မှု၊ ဆိုးဆေးပါဝင်မှုနဲ့ ဆေးလိပ်သောက်တာလို မကောင်းတဲ့အလေ့အထတွေကြောင့်    သွားအပေါ်ယံကြွေလွှာပျက်စီးမှုဖြစ်နိုင်ပါတယ်။  ကလေးတွေရဲ့သွားတွေက  သဘာဝအတိုင်း  ဖြူနေတတ်ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ   သွားတွေရဲ့အရောင်က   အဝါရောင်သန်းလာတတ်ပါတယ်။ ဒါကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

ဘလူးဘယ်ရီသီး ဒါမှမဟုတ် စပျစ်ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည်စတာတွေကို  သောက်သုံးမှုများတာ၊   သကြားနဲ့ကာဗိုဟိုက်ဒရိတ်များတဲ့အစားအသောက် တွေအစားများတာ၊  ဆေးလိပ်အသောက်များတာ   ဒါမှမဟုတ် ကွမ်းယာထဲမှာ ဆေးရွက်ကြီးထည့်စားတာများလာတာကြောင့် သွားတွေ အဝါရောင်ဖြစ်စေနိုင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှသွားတွေအဝါရောင်ဖြစ်လာနိုင်ခြေပိုများလာစေတာကတော့ မျိုးရိုးဗီဇ၊ ပါးစပ်ဒဏ်ရာရတာ၊ဖလူအိုရွိုက်သွားတိုက်ဆေးအလွန်အကျွံသုံးထားတာ၊ သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာနဲ့ နာတာရှည်ပါးစပ်ခြောက်တာ ဒါမှမဟုတ် တံတွေးအထွက်နည်းတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

စပျစ်ဝိုင်နီက နှလုံးအတွက်ကောင်းပေမယ့် သွားတွေအတွက်တော့ မကောင်းနိုင်ပါဘူး။ အရောင်အရင့် ဆုံးစပျစ်ဝိုင်နီက သွားတွေကို အရောင်စွန်းထင်းစေပါတယ်။  သွားတွေမဝါချင်ရင်  စပျစ်ဝိုင်အဖြူကို  ရွေးသောက်သင့်ပါတယ်။

ကော်ဖီက သွားတွေကိုစွန်းထင်းစေတဲ့အရာဖြစ်ပါတယ်။ ကော်ဖီကို နို့ ဒါမှမဟုတ် မလိုင်ထည့်သောက် ပြီး အဲဒီပြဿနာကို ရှောင်ရှားနိုင်ပါတယ်။

လက်ဖက်ရည်မှာပါတဲ့ တိုင်နင်(Tannins)က သွားတွေကို   အရောင်စွန်းထင်းစေပါတယ်။   သွားတွေ ဖြူစင်တောက်ပချင်တယ်ဆိုရင်အရောင်ရင့်တဲ့ လက်ဖက်ရည်ကိုရှောင်သင့်ပါတယ်။

ကိုကာကိုလာ ဒါမှမဟုတ် ဆော်ဒါတွေမှာ အရောင် ဆိုးဆေးတွေပါဝင်ပြီး  အချဉ်ဓာတ်ပါဝင်မှုလည်းများ ပါတယ်။ ကိုကာကိုလာမှာပါတဲ့ အချဉ်ဓာတ်က သွားအပေါ်ယံကြွေလွှာပျက်စီးစေပါတယ်။ သွားတွေမဝါ ချင်ရင်  အရောင်ဖျော့တဲ့သစ်သီးဖျော်ရည်ကို  ရွေးသောက်သင့်ပါတယ်အရောင်ရင့်တဲ့ဖျော်ရည်ကို  ကြိုက်နှစ်သက်ရင်  ဖျော်ရည်ကို‌ ရေနဲ့ရောပြီးသောက် သင့်ပါတယ်။

ဘဲလ်ဆမစ်ဗင်နီဂါ (Balsamic Vinegar) ရှလကာရည်ရဲ့  ရင့်တဲ့အရောင်က  သွားတွေကို  အရောင်စွန်းထင်းစေပါတယ်။ သွားအရောင်မစွန်းထင်းရအောင် ရှလကာရည်မသုံးမီ  ဆလတ်ရွက်ကို  အရင်စားပေးသင့်ပါတယ်။   ရှလကာရည်အစား သံပရာရည်ကို အစားထိုးသုံးနိုင်ပါတယ်။

ရေခဲမုန့်နဲ့ရေခဲချောင်းတွေက လျှာနဲ့သွားတွေကို အရောင်စွန်းထင်းစေနိုင်ပါတယ်။ အရောင်မစွန်းထင်းရအောင် အရောင်ဖျော့တဲ့ ရေခဲမုန့်နဲ့ရေခဲချောင်းကိုသာ စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးကို သဘာဝအစားအစာအပြင် အဝတ်အထည်တွေကို  အရောင်ဆိုးရာမှာလည်း သုံးကြပါတယ်။  သွားတွေကို အရောင်မစွန်းထင်းအောင်  ကြက်ဟင်းခါးသီးစားပြီးနောက်  မိနစ်  ၃၀အကြာမှာ သွားကို ဖလူအိုရွိုက်ပါတဲ့သွားတိုက်ဆေး နဲ့ တိုက်ပေးသင့်ပါတယ်။

ပဲငံပြာရည်လိုအရောင်ရင့်တဲ့ဆော့စ်တွေကလည်း သွားတွေကို အရောင်ပြောင်းစေနိုင်ပါတယ်။ဆော့စ်တွေက အဝတ်အထည်တွေကို  အရောင်စွန်း ထင်းစေနိုင်တယ်ဆိုရင် သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်တာကို သတိပြုသင့်ပါတယ်။ ဆော့စ်တွေထဲမှာ ခရမ်းချဉ်သီးဆော့စ်က အရမ်းကောင်းတဲ့ဆော့စ်ဖြစ်ပေမယ့် သွားတွေကိုအရောင်စွန်းထင်းစေပါတယ်။ ခရမ်းချဉ်သီးဆော့စ်ပါတဲ့ အစားအစာ တွေမစားခင်မှာ  ဟင်းနုနယ်ရွက်  ဒါမှမဟုတ်  ပန်းပွင့်စိမ်းကို  အရင်စားပေးသင့်ပါတယ်။  အဲဒီဟင်းသီးဟင်းရွက်တွေက  သွားတွေကို အရောင်မစွန်းထင်း အောင်  ကာကွယ်ပေးတဲ့အလွှာတစ်ခုဖြစ်စေပါ တယ်။

ဟင်းခတ်အမွှေးအကြိုင်တွေကသွားတွေကို အရောင်စွန်းထင်းမှုဖြစ်စေပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ဟင်းလျာတွေကို စားပြီးတဲ့အခါပလုတ်ကျင်းဆေးသုံးပြီး သွားတွေမဝါ အောင် ကာကွယ်သင့်ပါတယ်။

ဘလူးဘယ်ရီသီးကအရောင်ရင့်တာကြောင့်သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ ဒါ‌ပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်တွေကြွယ်ဝတာ ကြောင့်  ကျန်းမာရေးအတွက်ကောင်းတဲ့  သရေစာဖြစ်ပါတယ်။   သွားတွေအရောင်မစွန်းထင်းအောင်ဘလူးဘယ်ရီသီးစားပြီးတဲ့အခါ  ရေနဲ့ပလုတ်ကျင်း သင့်ပါတယ်။

လူကြီးတွေရဲ့သွားတွေက  ကလေးတွေရဲ့သွားတွေထက်  အရောင်ပိုရင့်တတ်ပါတယ်။  ဒါက သွားအပေါ်ယံကြွေလွှာကြောင့်ဖြစ်ပါတယ်။ ကလေးတွေ မှာ အပေါ်ယံကြွေလွှာအပြည့်နဲ့  သွားအသစ်တွေရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အပေါ်ယံကြွေ လွှာတွေပျက်စီးစေပြီး ကွာကျလာပါတယ်။ သွားတွေရဲ့   အလွှာတစ်ခုချင်းစီက   အဝါရောင်သန်းနေတာကြောင့် သွားတွေ  အဝါရောင်ဖြစ်လာတတ်ပါတယ်။ သွားတွေ အဝါရောင်မဖြစ်အောင် သွားပျက်စီးစေတဲ့ အစားအစာတွေနဲ့ အချိုရည်တွေကို  ရှောင်သင့်ပါတယ်။

 သွားတွေဝါစေတဲ့   အကြောင်းရင်းတွေထဲမှာ ကွမ်းစားခြင်းကလည်း အဓိကပါဝင်ပါတယ်။ ကွမ်း ကို အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာ စားသုံးတတ်ကြပါတယ်။ ကွမ်းရွက်၊ ထုံးနဲ့ ကွမ်းသီး သုံးမျိုးရောရင်အနီရောင်ကွမ်းတံတွေးထွက်လာပါတယ်။ကွမ်းသီးမှာ အရောင်ပါဝင်တတ်သလို ရှားစေးထည့်စားတဲ့အခါ သွားမှာ အဝါရောင်၊ အနီ ရောင်သန်းလာပါတယ်။ ထိုင်းနိုင်ငံက ရှားစေးအသုံးပြု မှုများတာကြောင့် သွားတွေဝါတဲ့အပြင် မည်းတဲ့အထိ ဖြစ်စေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ရိုးရာတစ်ခုမှာ ရှားစေးခဲကိုသွားနဲ့အမြဲပွတ်တိုက်ပြီးမည်းနက်နေအောင်ပြုလုပ်ပေးတတ်ကြပါတယ်။   အမည်း ရောင်သွားတွေက  သူတို့လူမျိုးရဲ့  အမှတ်သညာ ဖြစ်ပါတယ်။ ကွမ်းစားတဲ့အခါ ကွမ်းချိုးတွေ ကြွေလွှာ ပေါ်မှာတင်ကျန်ခဲ့ပါတယ်။ ကွမ်းစားတဲ့သူတိုင်း နှစ်စဉ်   သွားချိုးတွေခြစ်ထုတ်ပေးတာကသွားအဝါရောင်၊  အမည်းရောင်မဖြစ်ရအောင်  ကာကွယ်ပေးတာဖြစ်ပါတယ်။  အကောင်းဆုံးကတော့  အရောင် စွန်းထင်းမှုနည်းအောင် ကွမ်းဖြတ်သင့်ပါတယ်။

အချုပ်အားဖြင့် သွားတွေမဝါအောင်ကာကွယ်တဲ့ အနေနဲ့ အစာစားပြီးတိုင်း မိနစ် ၃၀ အကြာမှာ သွား တိုက်တဲ့အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ နောက်ပြီး အစာစားပြီးတဲ့အခါ တံတွေးထွက်စေဖို့ သကြားမပါတဲ့  ရွက်ချိုမှုန့်အသုံးပြုပြီး ပြုလုပ်ထား တဲ့ သကြားလုံးငုံပေးပါ။ အရောင်ဆိုးဆေးပါတဲ့အစား အစာတွေစားပြီးတိုင်း   ဒါမှမဟုတ်အချိုရည်တွေ သောက်ပြီးတိုင်း သွားတိုက်ပေးဖို့လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။            ။

Source: Myawady Web Portal

Photo - Kids Dental Online

ဒေါက်တာလွင်သန့်

ပညာဆိုသည်မှာ“ခွဲခြားသိမြင်နိုင်သောအသိဉာဏ်၊ အတတ်”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူသားတို့သည်ပညာတတ်မြောက်ပါက တွေ့ကြုံနေရသည့်ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲများကိုကျော်လွှားဖြတ်သန်းနိုင်သည်။  အလုပ်ကိုအလွယ်တကူလုပ်လာနိုင်သည်ကိုလည်း သိရှိလာကြသည်။ ပညာရှိများသည် လုပ်ငန်းအမျိုးမျိုးတွင် ဦးဆောင်သူဖြစ်လာသကဲ့သို့ တွေးခေါ်ဆင်ခြင်တတ်သည့်လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များဖြစ်လာကြသည်။

ပညာတတ်၊ ပညာရှိဖြစ်လာမှုတွင် ပညာရေးသည်အခြေခံကျလှသည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီးသင်ကြားပေးမှု၊သင်ယူမှုတို့ဖြင့် ဆက်နွှယ်နေသောလုပ်ငန်းစဉ်ဖြစ်ပေသည်။ ပညာရေးဆိုသောစကားသည် လက်တင်ဘာသာစကား Educate မှ ဆင်းသက်လာကာ အဓိပ္ပာယ်မှာ“ဦးဆောင်ဦးရွက်ပြုခြင်း”ဆိုသည့်သဘောကိုဆောင်နေသည်။ ထို့ကြောင့် မာန်လည်ဆရာတော်ကြီး၏မဟာသုတကာရီမဃဒေဝလင်္ကာသစ်တွင် “လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ်ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်လိမ့်” ဟု ရေးသားခဲ့သည်။

ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များပေါများခြင်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏  အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာတတ်မြောက်မှသာ  လူ့ဘဝရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သောလုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးကိုရရှိစေသည်။ စဉ်းစားတွေးခေါ်မှု၊  ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊  တီထွင်ကြံဆတတ်မှုနှင့်ပူးပေါင်းဆောင်ရွက်တတ်မှုတို့ပိုင်ဆိုင်လာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေသည်။ ဘဝအောင်မြင်မှုရရှိရေးကြိုးစားရာတွင်ပညာသည်အဓိကကျသည်။

ပညာရေးရည်မှန်းချက်ဆိုသည်မှာ လူတစ်ဦး၏အကြံဉာဏ်စိတ်ကူးကိုအခြားတစ်ယောက်ထံသို့ လွှဲပြောင်းပေးမှုကိုခေါ်ဆိုသည်။  မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းနိုင်စွမ်းရှိရမည်။ ပညာရေးနယ်ပယ်တွင် မည်သည့်စနစ်သည် အထိရောက်ဆုံးဖြစ်သည်။ အသိပညာရရှိစေရန် မည်သို့သင်ကြားပေးသင့်သည်။ မည်သည့်အတတ်ပညာသည်အဆီလျော်ဆုံးဖြစ်မည်၊ ရရှိပြီးပညာရပ်ကို မည်သို့ဆက်လက်ထိန်းသိမ်းရမည်ဆိုသောအချက်များအား အလေးထားစဉ်းစားရမည်။ ပညာဗဟုသုတရရှိစေရန် အားထုတ်နေရုံသာမက ၎င်းပညာရပ်သည် ကောင်း၊ မကောင်း၊ မှန်၊ မမှန်ကိုလည်း ဆုံးဖြတ်ရမည်။ပညာရေးတည်ရှိစေရန် စာသင်ကျောင်းဆိုသည်ကလည်းရှိရမည်။

ကမ္ဘာပေါ်တွင် ပညာသင်ကြားပေးရန်နည်းလမ်းအမျိုးမျိုးရှာဖွေရာမှ   စာသင်ကျောင်းဟူ၍ပေါ်ပေါက်လာသည်။ “စာ”ဟူသည်ကား“အက္ခရာအရေးအသား၊ သုတရသဆိုင်ရာအရေးအသား၊ ကျောင်းသင်ပညာရေးဆိုင်ရာအရေးအသား”ဟု  မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။ 

တစ်နည်းအားဖြင့်   ပညာရရှိစေရန် စာတတ်ရမည်။ စာတတ်စေရန်ကျောင်းနေရမည်။ စာသင်ကျောင်းဆိုသည်မှာ   လူသားများ၏လိုအပ်ချက်ကို ကလေးဘဝမှစတင်၍   နည်းလမ်းအမျိုးမျိုးဖြင့် ပညာပေးဝေသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကလေးများစုဝေးပြီး စနစ်တကျပညာသင်ပေးသည့်ဌာနဟုလည်းခေါ်ဆိုကြသည်။   ထို့ကြောင့် ကျောင်းနေခြင်းဆိုသည့်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင်ထွန်းကားလာသည်။ စာသင်ကြားရာတွင်ကျောင်းသင်ခန်းစာများသင်ယူမှု(Formal Learning)၊ ကျောင်းပြင်ပသင်ယူမှု(Non-Formal Learning)နှင့် အတွေ့အကြုံများမှကိုယ်တိုင်လေ့လာသင်ယူမှု(Informal Learning)ဟူ၍သုံးမျိုးရှိသည်။ ထိုသုံးမျိုးဖြင့်ဘဝတစ်သက်တာလေ့လာသင်ယူသွားကြရမည်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အတတ်သင်ကျောင်းစသည်ဖြင့်ခေါ်ဆိုကြသော်လည်း  ၎င်းတို့သည် စာသင်ကျောင်းများသာဖြစ်ကြသည်။

ကမ္ဘာပေါ်တွင်  ကျောင်းသင်ခန်းစာသင်ယူမှု(Formal Learning)ကိုအစိုးရကကြီးကြပ်လေ့ရှိသည်။ အစိုးရပညာရေးဌာနများက ဆရာ၊ ဆရာမများခန့်ထားပေးသည်။ ဆရာ၊ ဆရာမများအားကြီးကြပ်သည့်ပညာရေးမှူးများရှိကြသည်။ အစိုးရကျောင်းများသည် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ပညာသင်စရိတ်အားလုံးကို နိုင်ငံတော်အစိုးရမှကျခံပေးသည်။  ကျောင်းသား၊ ကျောင်းသူများသင်ကြားလေ့လာရမည့်သင်ရိုးကို ဗဟိုအစိုးရကရေးဆွဲပေးသည်။   အစိုးရကျောင်းများ၏အားသာချက်မှာ ငွေကြေးအကုန်အကျနည်းကာ ကျောင်းပြီးပါက အစိုးရယန္တရားတွင်ဝင်ရောက်လုပ်ကိုင်ခွင့်ပိုမိုရရှိကြောင်း လေ့လာသိရှိရသည်။

စာရေးသူတို့မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။  အသိပညာနှင့်အတတ်ပညာပြည့်စုံသည့် လူချွန်လူကောင်းများဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။  အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေသည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ သတ်မှတ်ခဲ့ရာ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍အကောင်အထည်ဖော်လျက်ရှိသည်။ ယခုအခါ KG မှစတင်ပြီး  Grade -12 အထိအတန်းများသင်ကြားပို့ချနေပြီဖြစ်သည်။  အခြေခံပညာဦးစီးဌာနသည် မူလတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းအဆင့်အထိ  အစိုးရမှဖွင့်လှစ်ပေးသော   အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကအခြေခံပညာကျောင်းများကိုကြီးကြပ်ရသည်။  ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း၊  ပညာရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့်   ပညာရေးအကဲဖြတ်ခြင်းစသည်တို့ဆောင်ရွက်သည်။

တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့အခြေအနေတွင်နိုင်ငံသားတစ်ဦးသည်   အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့်အထိတတ်မြောက်သင့်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူတစ်ဦးတစ်ယောက်ချင်းစီသည်  KG+9  အတန်းအထိ ပညာသင်ကြားရေးဦးတည်ချက်ချမှတ်ထားသည်။ အလယ်တန်းအဆင့် Grade - 9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်သက်မွေးပညာသင်ယူမှုအခွင့်အလမ်းများကို ဖော်ထုတ်ပေးနေသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ပေးထားသည်။

မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထားသည့်နိုင်ငံဖြစ်ပေရာ  စနစ်ကျသော  ကုန်ထုတ်လုပ်မှုများပြုလုပ်နိုင်ရန်ကျွမ်းကျင်သူများလိုအပ်လျက်ရှိသည်။ထို့ကြောင့် ခရိုင် ၈၄ ခုတွင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၅  ကျောင်းဖြင့်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက်လိုအပ်သည့်ကျွမ်းကျင်မှုအရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် သင်ကြားပေးနေသည်။

 အတန်းပညာသင်ကြားရာတွင်    စာသင်ဆောင်၊   စာကြည့်တိုက်၊   သန့်စင်ခန်း၊  အားကစားကွင်း၊ သင်ထောက်ကူပစ္စည်း၊   သောက်ရေသုံးရေရရှိမှု၊  ကျောင်းဥပဓိရုပ်ကောင်းမွန်မှုတို့   ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အရည်အချင်းရှိသော ဆရာ၊ ဆရာမအရေအတွက်လုံလောက်မှုရှိရေးကိုလည်း လုပ်ဆောင်ပေးနေသည်။ မွမ်းမံသင်တန်းပို့ချမှု၊ သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ သက်သာချောင်ချိမှုတို့ကိုလည်း ဆောင်ရွက်ပေးနေသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းသား၊  ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်၊  ရိုးသားဖြောင့်မတ်စေရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် ကိန်းအောင်းစေရန်၊ စုပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်စသည့် အမူအကျင့်ကောင်းများဖြင့် လေ့ကျင့်ပျိုးထောင်လျက်ရှိသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးပိုမိုမြှင့်တင်ရေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃-၂၀၂၄)နှင့်   ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)တို့ကိုကျင်းပခဲ့ပြီးဖြစ်သည်။

အခြေခံပညာကဏ္ဍတွင်  ကိုဗစ်-၁၉ အလွန်  စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့်  ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ  ၅ ဒသမ ၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ရှစ်သန်းကျော်အထိတိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်အထိကျောင်းအပ်နှံသူ ၇ ဒသမ ၃  သန်းကျော်ရှိခဲ့သည်။

ပြည်သူများအနေဖြင့် အခြေခံပညာစာသင်ကျောင်းများကိုအားကိုးကြသည်။မြန်မာမှုနယ်ပယ်တွင် မိဘများသည် မိမိတို့၏သားသမီးများပညာသင်ယူရမည့်အရွယ်သို့ရောက်လာလျှင် စာသင်ကျောင်းဆီသို့သွားကာကျောင်းအပ်နှံကြသည်။ “အရွယ်ရောက်လာကျောင်းအပ်ကာ ပညာပေးပေ တို့မေမေ”ဟုပင် “တို့မေမေ”ကဗျာထဲတွင် ရေးသားထားသည်က  အထင်အရှားဖြစ်သည်။

 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှဇွန်လ ၁ ရက်အထိကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)နှင့်ခြောက်နှစ်အရွယ်ကလေးများကို(Grade-1)သို့အပ်နှံရမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံ၊  ဖတ်စာအုပ်၊  ဗလာစာအုပ်၊ ခဲတံတို့အခမဲ့ပံ့ပိုးမည်ဖြစ်ကြောင်း၊ အခကြေးငွေကောက်ခံခြင်းမပြုကြောင်း၊ပညာရေးအတွက် မိဘ၊ ဆရာနှင့်ကျောင်းသားတို့ပူးပေါင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက်၊ Vape-စီးကရက်၊ ကွမ်းယာမသုံးစွဲရေးကြပ်မတ်ရမည်ဖြစ်ကြောင်း   ပညာရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ပြန်ထားသည်။ မိဘ၊ အုပ်ထိန်းသူများအနေဖြင့်   မြို့နယ်အလိုက်သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်မေတ္တာရပ်ခံထားသည်။

အချုပ်အားဖြင့်ဆိုရလျှင်လူသားတို့တွင် အသိပညာ၊ အတတ်ပညာများတည်ရှိပါက လူ့ဘောင်လောကကြီးသည် ဖွံ့ဖြိုးတိုးတက်မည်မှာအသေအချာဖြစ်သည်။ လူသားတိုင်းသည် ပညာတတ်မြောက်အောင်ကြိုးပမ်းရမည်။   အသိပညာဗဟုသုတများရရှိရေးဆောင်ရွက်ရာတွင် ပညာရေး၊ စာ၊ စာသင်ကျောင်းတို့သည်ဒွန်တွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံရှိမိဘများအနေဖြင့် မိမိတို့၏သားသမီးများစာတတ်မြောက်စေရန်ပန်းကလေးများဖူးတံဖြင့်   ပွင့်နေသောစာသင်ကျောင်း၊  နေရောင်အောက်တွင်ရွှေရည်လောင်းနေသောစာသင်ကျောင်းသို့ သွားရောက်အပ်နှံကြပါရန် နှိုးဆော်ရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

စိန်ဌေးလှိုင်(ပခုက္ကူ)

ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက်  ပုံစံအမျိုးမျိုးဖြင့်  အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

ဝါသီးနှံကိုမြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဝါမျိုးစုံစိုက်ပျိုးမှုမှာ ဧက ၅ ဒသမ ၄၅ သိန်းစိုက်ပျိုးပြီးဖြစ်ရာ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုမှာ စုစုပေါင်း ဝါမျိုးစုံစိုက်ပျိုးမှု၏ ၉၄ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ချည်မျှင်တိုဝါ စိုက်ပျိုးမှုမှာ ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။   ဝါစိုက်ပျိုးထုတ်လုပ်မှုအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး     စုစုပေါင်းစိုက်ဧရိယာ၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိစိုက်ပျိုးလျက်ရှိသော ချည်မျှင်ရှည်ဝါမျိုးများမှာ  စိုက်ပျိုးရေးဦးစီးဌာနမှ  သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးသော ငွေချည် -၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ ချည်မျှင်ရှည်ဝါမျိုးများနှင့်  ပုဂ္ဂလိကကုမ္ပဏီများမှဖြန့်ဖြူးသောမျိုးများဖြစ်သည့် ရာကာ-၆၆၆၊ ဘီ-၃၁နှင့် တီဘီအယ်လ်-၁၉၅ တို့ဖြစ်ပြီး ချည်မျှင်တိုဝါမျိုးများမှာ မလှိုင်ဝါ၊ ဝါကြီး၊ ဝါကလေးတို့ဖြစ်သည်။ ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း ရွှေတောင်-၁၀ကို အများဆုံး စိုက်ပျိုးပြီး စုစုပေါင်း ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၄၈ ဒသမ  ၅၁ ရာခိုင်နှုန်းနှင့်  ဒုတိယအများဆုံးမှာ ရွှေတောင်-၈ ဖြစ်ပြီး ၃၄ ဒသမ ၆၉ ရာခိုင်နှုန်း စိုက်ပျိုးသည်။ တိုင်းဒေသကြီးအလိုက်၊ မျိုးအလိုက်စိုက်ပျိုးမှုကိုကြည့်ပါက ရွှေတောင်-၁၀ ဝါမျိုးကို မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံး၊ ရွှေတောင်-၈ ဝါမျိုးကို မကွေးတိုင်းဒေသကြီးတွင်  အများဆုံးစိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါစိုက်ဧက၏   ၂၇  ဒသမ  ၁၁ ရာခိုင်နှုန်းနှင့်  ၂၁ ဒသမ ၇၂  ရာခိုင်နှုန်းတို့ဖြစ်သည်။

စိုက်ပျိုးထွက်ရှိသောဝါများအား ကြိတ်ခွဲထုတ်လုပ်၍ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဝါ ၃၉၈၅၆၄ မက်ထရစ်တန်  (ဂွမ်း ၁၃၁၅၂၆ မက်ထရစ်တန်) ထွက်ရှိ၍ ပြည်တွင်းသုံးစွဲမှုမှာ ဂွမ်း ၂၆၃၄၅ မက်ထရစ်တန်ဖြစ်ပြီး ပြည်ပတင်ပို့မှုမှာ ဂွမ်း ၉၄၁၉ မက်ထရစ်တန်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများအနေဖြင့် ဝါသီးနှံအထွက်နှုန်းတိုးတက်၍အရည်အသွေးကောင်းမွန်သော ဝါများရရှိပါက ဈေးကောင်းရရှိကာ တစ်ဦးချင်းဝင်ငွေ  တိုးတက်လာစေရေးအတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ရည်ရှိသော ဝါမျိုးများ ကို  စဉ်ဆက်မပြတ်သုတေသနပြု၍   ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းအပြင် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကိုလည်း သုတေသနပြုလုပ်၍ ရရှိလာသော ရလဒ်ကောင်းများကို တောင်သူများထံသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း  တစ်ဧက  ပိဿာ  ၇၀၀  ထွက်ရှိရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ ချည်မျှင်ရှည်ဝါ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၉၇ ဒသမ  ၅၁ ပိဿာဖြစ်သည်။ တောင်သူများအနေဖြင့် တစ်ဧကဝါပိဿာ ၇၀၀ ထွက်ရှိပါကလက်ရှိဝါရောင်းချဈေးနှုန်းသည် ၁ ပိဿာလျှင် ပျမ်းမျှငွေကျပ်  ၃၀၀၀ မှ ငွေကျပ် ၄၀၀၀ အတွင်း ရရှိသည်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ၂၁ သိန်းမှ ငွေကျပ် ၂၈ သိန်းရရှိမည်ဖြစ်ပြီး တစ်ဧက ဝါစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်ရှစ်သိန်းကျော် ဖြစ်သဖြင့် ၁ ဧကလျှင် ငွေကျပ် ၁၃ သိန်းမှ ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုခြင်းနှင့်စိုက်ပျိုးနည်း

ဝါစိုက်ပျိုးရာတွင် ထည့်သွင်းရမည့် သွင်းအားစုများအနက်မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုး ခြင်းသည်အဓိကကျသောအချက်ဖြစ်သည်။ မည်မျှပင်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုပါစေ  “မျိုးစေ့မမှန်ပင်မသန်”ဆိုသည့် ဆိုရိုးစကားအတိုင်း မျိုးကောင်းမျိုးသန့်အသုံးပြု စိုက်ပျိုးထားခြင်းမဟုတ်ပါက မျှော်မှန်းအထွက်နှုန်းနှင့် အကျိုးအမြတ်   ရရှိနိုင်မည်မဟုတ်ပါ။သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့စီးဆင်းမှုစနစ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်- ၉၊ ရွှေတောင်-၁၀နှင့် ငွေချည်-၁၁ ဝါမျိုးများကို စိုက်ပျိုးရန်ဖြစ်ပြီး ကုမ္ပဏီများမှ မှတ်ပုံတင်၍ ဖြန့်ဖြူးသော     မျိုးဝါများကိုလည်း စိုက်ပျိုးနိုင်ပါသည်။

ဝါမျိုးစေ့များကိုကြိုတင်စုဆောင်း၍  အနည်းဆုံး သုံးရက်နေလှန်းပြီးမှသာ   အသုံးပြုစိုက်ပျိုးရန် ဖြစ်သည်။ ဝါမျိုးစေ့အိတ်များကို မြေကြီးပေါ်တွင်ထားပါက အစိုပြန်၍ ပျက်စီးတတ်သဖြင့် စင်ပေါ်တွင်ဖြစ်စေ၊ တုံးခံ၍ဖြစ်စေ၊ ဝါးကပ်ခင်း၍ဖြစ်စေ တင်ထားရန်လိုအပ်သည်။ ဝါစေ့များကို မစိုက်ပျိုးမီ ၁၅ ရက်ခန့် ကြိုတင်၍ အပင်ပေါက်စမ်းသပ်ကြည့်ပြီး ဝါစေ့ ၁၀၀ လျှင် ၇၅ စေ့ အပင်ပေါက်မှ မျိုးအဖြစ် အသုံးပြုရမည်ဖြစ်သည်။

မြေအမျိုးအစားရွေးချယ်ခြင်း

ဝါသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုကောင်းသော နုန်းမြေ၊ သဲနုန်းမြေ ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်ပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိရပါမည်။ ဆပ်ပြာ၊ ယမ်းစိမ်းမပေါက်သောမြေဖြစ်ရပါမည်။

စိုက်ချိန်မှန်ကန်စေခြင်း၊  ထယ်ရေးနက်နက်နှင့် ညက်ညက်ရအောင်ဆောင်ရွက်ခြင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတို့တွင်စိုက်ပျိုးလျက်ရှိရာ ဆည်ရေသောက်ဒေသများတွင် မိုးကြိုရာသီစိုက်ဝါကို ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးကောင်းသောက် ဧရိယာများတွင်  မိုးရာသီစိုက်ဝါကို  မေလလယ်မှ ဇွန်လကုန်အတွင်း၊   မိုးနှောင်းရာသီစိုက်   ဝါကို ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အတွင်း အပြီးရာသီချိန်မီစိုက်ပျိုးရန် လိုအပ်ပါသည်။ ဝါစိုက်ထယ်ရေးအဖြစ် ထယ်နှစ်စပ်(ခါ)ထိုးပြီး စက်ထွန်နှစ်စပ်(ခါ)(သို့) နွားထွန် လေးစပ်(ခါ)ထွန်မွှေပေးခြင်းဖြင့် ထယ်ရေးနက်နက်နှင့်ညက်ညက်ရအောင်ဆောင်ရွက်ရပါသည်။  ဤသို့မြေကို   စနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေအတွင်းအစိုဓာတ်ကို   ကောင်းစွာထိန်းနိုင်ခြင်း၊ မြေအတွင်းလေဝင်လေထွက်ကောင်းခြင်း၊ မြေအတွင်း အကျိုးပြုပိုးများလှုပ်ရှားနိုင်ခြင်းကြောင့် အပင်အတွက် အာဟာရဓာတ်ကောင်းစွာရရှိနိုင်ခြင်း၊ ပေါင်းမြက်များကိုသေစေနိုင်ခြင်းနှင့် အပင်၏အမြစ်ဖွဲ့စည်းမှု ကောင်းစေခြင်းစသည့်   အကျိုးကျေးဇူးများကို ရရှိစေသည်။ မြေအတွင်းရှိ အစိုဓာတ်မပျက်စေရန် ကျမ်းတုံးဖြင့်မြေကိုဖိ၍ညီညာအောင်ညှိပြီး စိုက်ကြောင်းဆွဲပေးရပါမည်။

တစ်ဧက    သတ်မှတ်အပင်ဦးရေပြည့်မီအောင်ဆောင်ရွက်ခြင်း

တစ်ဧကတွင် ဝင်ဆံ့ရမည့် သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်းသည် အထွက်နှုန်းတိုးတက်ရန်အတွက် အရေးကြီးသည်။ သို့ဖြစ်၍ မိမိစိုက်ပျိုးသည့် မြေအမျိုးအစားအလိုက် သတ်မှတ်အပင်ဦးရေပြည့်မီရေး ပင်ကြား၊ တန်းကြားအကွာအဝေးကို  ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမည့်မြေသည်   မြေကောင်းဖြစ်ပါက တန်းကြား (တစ်တန်းနှင့် တစ်တန်းအကွာအဝေး) ၃ ပေ၊ ပင်ကြား (တစ်ကျင်းနှင့် တစ်ကျင်းအကွာအဝေး) ၃ ပေဖြင့်လည်းကောင်း၊ မြေသင့်ဖြစ်ပါက တန်းကြား ၃ ပေ၊ ပင်ကြား ၂ ပေဖြင့်လည်းကောင်း၊ မြေညံ့ဖြစ်ပါက တန်းကြား ၂ ဒသမ ၅ ပေ၊ ပင်ကြား ၂ ဒသမ ၅ ပေဖြင့် လည်းကောင်း စိုက်ပျိုးသင့်သည်။ စိုက်ပေါင်ဖော်ပြီးပါက  သတ်မှတ်ထားသည့်  ပင်ကြား၊ တန်းကြားအကွာအဝေးအတိုင်း  တစ်ကျင်းလျှင်  ဝါမျိုးစေ့ သုံးစေ့ထက်မပိုဘဲ  မြေချစိုက်ပျိုးပြီး မျိုးစေ့များအပေါ်တွင် မြေပါးပါးပြန်ဖုံးပေးရပါမည်။ စိုက်ပျိုးပြီး သုံးရက်မှ   ငါးရက်အကြာ  ဝါပင်ပေါက်စုံလျှင် မပေါက်သည့်နေရာ ကျင်းလပ်များအား အမြန်ဆုံးမျိုးစေ့ချ၍    အစိုဓာတ်ရအောင်ဆောင်ရွက်ပြီး ပြန်လည်ဖာထေးစိုက်ပျိုးရပါမည်။ ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅ ရာခိုင်နှုန်းပြည့်မီစွာ ဝါကောက်သိမ်းနိုင်ရေးအတွက် ဝါပင်များအသေအပျောက်မရှိစေရေးကို အလေးထားစီစဉ်ဆောင်ရွက်ရပါမည်။

သဘာဝမြေဩဇာနှင့်  ဓာတ်မြေဩဇာတွဲဖက်၍အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုခြင်းဝါသီးနှံစိုက်ပျိုးရာတွင် ဝါအထွက်နှုန်းတိုးတက်ရေးနှင့် ဂွမ်းမွေးအရည်အသွေးကောင်းမွန်ရေးတို့အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို အချိန်ကိုက် အချိုးကျ တွဲဖက်ထည့်သွင်းအသုံးပြုရေးသည်    အရေးပါသောလုပ်ငန်းတစ်ခုဖြစ်သည်။

သို့ဖြစ်၍ တစ်ဧကလျှင် သဘာဝမြေဩဇာ နွားချေးလှည်း ၁၀ စီး၊  ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့် ပိုတက်မြေဩဇာအိတ်ဝက်ကို မြေခံအဖြစ်လည်းကောင်း၊  အပိန့်ဝင်ချိန်တွင်  ကွန်ပေါင်းအိတ်ဝက်၊ ယူရီးယားအိတ်ဝက်နှင့်  ပိုတက်အိတ်ဝက်ရောပြီး အပင်ခြေမှ  ၆  လက်မအကွာတွင်လည်းကောင်း၊ ပန်းပွင့်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မအကွာတွင်လည်းကောင်း၊ ဝါသီးကြီးထွားမှုနောက်ပိုင်းကာလ၇၅-၈၀ ရက်သားတွင်  ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင်လည်းကောင်း အချိန်ကိုက်  အချိုးကျ ထည့်သွင်းပေးရန်လိုအပ်သည်။   ပိုတက်ဆီယမ်ရွက်ဖျန်းမြေဩဇာ၊   အနည်းလို  အာဟာရဘိုရွန် ရွက်ဖျန်းမြေဩဇာနှင့်   ဇင့်ရွက်ဖျန်းမြေဩဇာများ ဖြည့်စွက်အသုံးပြုနိုင်သည်။  ဝါသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန်အတွက် ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေဩဇာများကိုလည်း မဖြစ်မနေတွဲဖက် အသုံးပြုရန်လိုအပ်ပါသည်။ 

သဘာဝမြေဩဇာအားသုံးစွဲခြင်းဖြင့်အဓိကလိုအပ်သော အာဟာရဓာတ်၊ သာမန်လိုအပ်သော အာဟာရဓာတ်နှင့် အနည်းလိုအာဟာရဓာတ်များစုံလင်စွာရရှိနိုင်ခြင်း၊    မြေအတွင်းအဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှုကောင်းမွန်စေခြင်း၊   မြေဆီလွှာဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်စေခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို    လျှော့ချနိုင်ပြီး  စိုက်ပျိုးရေးတိုးတက်မှုကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။

အချိန်မီအပင်သားခွဲခြင်း

ရွက်ဆစ် ၃-၄ ရွက်ထွက်ချိန်တွင် စိုက်ပြီး ၁၈-၂၁ရက်အတွင်း စိုက်ကျင်းတစ်ကျင်းလျှင် နှစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ စနစ်တကျနှင့် အချိန်မီသားခွဲခြင်းဖြင့် ဝါပင်ပုံမှန်ဖြစ်ထွန်းစေခြင်း၊ သီးကိုင်းများ ပုံမှန်ကြီးထွားခြင်း၊ ဂွမ်းနှင့် ဝါစေ့အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်စေမည်ဖြစ်သည်။

ပေါင်းမြက်နှိမ်နင်းခြင်း၊ ကြားထွန်ဝင်ခြင်း

အပင်ငယ်စဉ် မြစ်စဉ်ထုအား ကြီးထွားမှုမြန်ပြီး အပင်ပိုင်းကြီးထွားမှုနှေးသဖြင့် ဝါပင်သက်တမ်းနှစ်လအတွင်း ပေါင်းမြက်မအုပ်မိစေရန်အတွက် ငယ်ပေါင်းနှိမ်နင်းရန် အထူးလိုအပ်သည်။

နောက်ပိုင်းကြားထွန်ဝင်ခြင်းကို  ၁၅  ရက်တစ်ကြိမ်(သို့)ရေသွင်းပြီးတိုင်း၊ မိုးရွာပြီးတိုင်း၊ ပေါင်းမြက်ထတိုင်းဆောင်ရွက်ရပါမည်။ ကြားထွန်ဝင်ခြင်းကို အပင်ခြေမှ အနည်းဆုံး ၆ လက်မခွာ၍ ပြုလုပ်ရမည်။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန်လိုအပ်သည်။

အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း၊ လိုအပ်သလို ရေသွင်း၊ ရေထုတ်ပြုလုပ်ခြင်းဖြည့်စွက်ရေသည် ဝါအထွက်နှုန်းတိုးတက်ရေးအတွက် အရေးကြီးသော သွင်းအားစုတစ်ခုဖြစ်သည်။ ရေပေးသွင်းခြင်းကို ဝါစိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက်အလိုက် မိုးကြိုရာသီတွင်  စိုက်ရေ တစ်ကြိမ်၊ အပင်ဖြစ်ရေ ၄-၅ ကြိမ် သွင်းပေးခြင်းနှင့် မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂-၃ ကြိမ် သွင်းပေးရမည်။ အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်း မိုးများ၍ ရေဝပ်နေလျှင် ရေထုတ်ပေးခြင်း၊ အထူးသဖြင့် အပင်ငယ်စဉ်တွင်  ရေမဝပ်စေရန်နှင့် ရေပို၊ ရေလျှံများ အမြန်ဆုံးထုတ်ပေးခြင်းတို့   ဆောင်ရွက်ရမည်။  အပိန့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့်  ဝါသီးကြီးထွားချိန်တို့တွင်   အစိုဓာတ်လုံလောက်စွာမရပါက ရေသွင်းရန်လိုအပ်ပါသည်။

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ဝါသီးနှံ၏အထွက်နှုန်းကိုလျော့ကျစေသော  အချက်များတွင် ပိုးမွှားရောဂါကျရောက်မှုသည်   အဓိကအချက်ဖြစ်သဖြင့် ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းရန် အရေးကြီးပါသည်။ ဝါသီးနှံတွင်ကျရောက်တတ်သော ပိုးများမှာ အရွက်များတွင်ကျရောက်တတ်သော ဖြုတ်စိမ်း၊ ပျ၊ ယင်ဖြူ၊ ရွက်လိပ်၊ ရွက်စားပိုးများနှင့် သီးပွင့်အင်္ဂါများတွင် ကျရောက်တတ်သော အစိမ်းရောင်သီးလုံးဖောက်ပိုး၊ ပန်းရောင်သီးလုံးဖောက်ပိုး၊ အစက်အပြောက်သီးလုံးဖောက်ပိုး၊ ဝါဂွမ်းပိုးနီနှင့် ပင်စည်တွင်ကျရောက်တတ်သော ပင်စည်ထိုးကျိုင်းတို့ဖြစ်သည်။ ထို့ကြောင့်  အပင်ငယ်စဉ်တွင်  ကျရောက်တတ်သော ပိုးမွှားရောဂါများကိုကာကွယ်ရန် မျိုးစေ့လူးနယ်ဆေး လူးနယ်ထားသော မျိုးစေ့ကို စိုက်ပျိုးရမည်။ ဝါပင် ၅၀ ရက်သားအထိ စုပ်စားပိုးကာကွယ်ဆေးနှစ်ကြိမ်နှင့်  ဝါပင် ၆၀ ရက်သား နောက်ပိုင်း ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုးနှင့် စုပ်စားပိုးကာကွယ်ဆေးလေးကြိမ် ပက်ဖျန်းရမည်ဖြစ်ပြီး  လိုအပ်ပါက အခြားပိုးများအတွက်လည်း ဆေးဖျန်းကာကွယ်ရပါမည်။ ထို့ပြင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုလည်း အသုံးပြုရန်လိုအပ်သည်။

ပိုးသတ်ဆေးများကို ကျရောက်သော ပိုးအမျိုးအစားအလိုက် တစ်ဧကသုံးစွဲရမည့်နှုန်းထားအတိုင်းမှန်ကန်စွာသုံးစွဲရန်ဖြစ်သည်။ ပိုးသတ်ဆေးများကို ကိုင်တွယ်ပက်ဖျန်းသည့်အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ ဖိနပ်များကို ပြည့်စုံစွာဝတ်ဆင်ရမည်။  ဆေးဖျန်းလုပ်သားသည်  အမြဲတမ်း လေတင်မှနေ၍ ဖျန်းရမည်။

စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလိုက်နာခြင်း

ဝါစိုက်တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါခင်းအတွင်း၌ ဝါသီး ၃၀ ရာခိုင်နှုန်းကွဲချိန်တွင် စတင်ကောက်သိမ်း၍ ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို အလေအလွင့်မရှိအောင် ကောက်သိမ်းရမည်။ ဝါကောင်းနှင့်ကြွယ်ဝါကို ခွဲခြားကောက်သိမ်းရမည်။ ဝါကို ၁-၂ ရက်ခန့် နေလှန်းပြီးမှသာ သိုလှောင်သိမ်းဆည်းရမည်။ အလွန်ပူသော နေ့လယ်ခင်း၊  အလွန်စိုစွတ်သော ရာသီဥတုအခြေအနေများနှင့် မိုးရွာပြီးစအချိန်တို့တွင် ဝါကောက်သိမ်းခြင်းမပြုလုပ်သင့်ပါ။ ကောင်းစွာခြောက်သွေ့သော ဝါပေါက်ကိုကောက်သိမ်းခြင်းသည် ဝါစေ့များတွင် အစိုဓာတ်ပါဝင်မှုနည်းပြီး မျိုးစေ့အပင်ပေါက်မှု စွမ်းရည်ကောင်းမည်။ ဝါကောင်းမှ အရည်အသွေးကောင်းဝါမျိုးစေ့များရရှိမည်။

ဝါကြိတ်ခွဲသူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါကြိတ်ခွဲသူများအနေဖြင့် ဝါအရည်အသွေးစစ်ဆေးဝယ်ယူခြင်းနှင့်  အရည်အသွေးကောင်းဝါများကို ဈေးကောင်းသတ်မှတ်ဝယ်ယူခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝါ၏ပင်ကိုအရည်အသွေး ထိန်းသိမ်းနိုင်ရန် ချည်မျှင်တို၊ ချည်မျှင်လတ်၊ ချည်မျှင်ရှည်ခွဲခြား၍ ကြိတ်ခွဲခြင်း၊ ဝါမျိုးအလိုက်  ခွဲခြားသိုလှောင်ပြီး  အရောင်အစွန်းအထင်းပါသော ဝါပေါက်များကို ဖယ်ရှားသန့်စင်ပြီးမှ ကြိတ်ခွဲခြင်း၊ မျိုးတစ်မျိုးနှင့်တစ်မျိုး ပြောင်းလဲကြိတ်ခွဲပါက မျိုးကွဲများရောနှောခြင်းမရှိစေရန်အတွက် စက်အစိတ်အပိုင်းများအားလုံးကို  စနစ်တကျ အသေးစိတ်သန့်စင်ပြီးမှ ကြိတ်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။   ကြိတ်ခွဲပြီးဂွမ်းများအား ကူးစက်ညစ်ညမ်းမှုများမရှိစေရန် စနစ်တကျ ထုပ်ပိုးသိုလှောင်ခြင်း၊ မျိုးစေ့များကို ဆန်ခါချ၍ လုံးပိန်၊ လုံးညှက်၊ အရောင်ပျက်များ ဖယ်ရှားခြင်းတို့ ဆောင်ရွက်ရမည်။

သို့ဖြစ်ပါ၍ ဝါစိုက်တောင်သူများ၊ ဝါကြိတ်ခွဲထုတ်လုပ်သူများ၊ တစ်ဦးချင်းအနေဖြင့် အထက်ပါနည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်လာခြင်းဖြင့်  တစ်ဧကအထွက်နှုန်းတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေမည်ဖြစ်ကာ  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  ထို့ပြင် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းဝါလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်းအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိ၍နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။   ။

Source: Myawady Web Portal

မြင့်မြင့်စိန်(ဝါ/လျှော်)