သကြားမုန်လာအကြောင်းသိကောင်းစရာ
Posted_Date
Image

Body
သကြားသည် ကာဘိုဟိုက်ဒရိတ်အမျိုးအစားဖြစ်ပြီး အစားအစာ၊ အချိုရည်၊ အသီးများ၊ ဟင်းသီး ဟင်းရွက်၊ နို့ထွက်ပစ္စည်းများတွင်ပါဝင်သည်။ အခြားသော အချိုရည်၊ စားသောက်ကုန်လုပ်ငန်းများတွင် အစားအစာများပြုပြင်ထိန်းသိမ်းရန်အတွက် သကြားကိုထည့်သွင်းအသုံးပြုကြသည်။ ထိုသို့အစား အစာများထုတ်လုပ်ရန်အတွက် သကြားလိုအပ်ချက်ရှိလာသည်။ သကြားထုတ်လုပ်ရန်အတွက် သကြားထွက်သီးနှံများကို အသုံးပြုကြသည်။ သကြားထွက်သီးနှံများဖြစ်သည့် ကြံ၊ သကြားမုန်လာ၊ ထန်းပင်၊ နှံစားပြောင်းချို၊ ပြောင်းချိုစသည့်သီးနှံများမှထုတ်ယူသော်လည်း သကြားကို ကြံနှင့်သကြား မုန်လာမှ အဓိကထုတ်လုပ်သည်။
ထွက်ရှိရာဒေသများ
သကြားမုန်လာပင်ဟုခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်းမတူသည့်အပြင် မုန်လာဥဝါနှင့်လည်း မျိုးရင်းချင်းမတူဘဲ သကြားမုန်လာပင်သည် မူလတွင် ကက်စပီယံမြေထဲပင်လယ်ဒေသ၌ အလေ့ကျပေါက်သောအပင်တစ်မျိုး ဖြစ်သည်။ ရှေးနှစ်ပေါင်းနှစ်ထောင်ခန့်တွင် ယင်းကို လူသားတို့သည် အစားအစာအဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ ၁၈ ရာစုတွင် စတင်သကြားထုတ်လုပ်ရန်စမ်းသပ်ခဲ့သည်။ ၎င်းသီးနှံကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ဥရောပဒေသတွင် အဓိကစိုက်ပျိုးပြီး အာရှဒေသနှင့် မြောက်အမေရိကဒေသတွင်စိုက်ပျိုးမှုနည်းသည်။ အများဆုံးစိုက်ပျိုးသောနိုင်ငံများမှာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဂျာမနီ ၊ ပြင်သစ်၊ တူကီယဲ၊ တရုတ်၊ ပိုလန်၊ အီဂျစ်၊ ဗြိတိန်၊ အီရန်၊ ဘီလာရုစ်၊ နယ်သာလန်၊ အီတလီနှင့် ဘယ်ဂျီယံနိုင်ငံတို့ဖြစ်သည်။
သကြားမုန်လာ၏ သိပ္ပံအမည်မှာ Beta vulgaris L. ဖြစ်ပြီး မျိုးရင်းမှာ Chenopodiaceae ဖြစ်သည်။ သကြားမုန်လာပင်၏ အရွက်စိမ်းကြီးများသည် ထူ၍အရည်ရွှမ်းသောအမျိုးအစားဖြစ်သည်။ ဥများမှာ အဖြူမှအနီရင့်ရင့်အထိ အရောင်အမျိုးမျိုးရှိကြသည်။ တချို့ဥများမှာ ဘောလုံးကဲ့သို့လုံး၍ တချို့မှာ ကျင်ပုံသဏ္ဌာန်ရှိပြီး တချို့မှာမူရှည်မျောမျောရှိသည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ကြံသီးနှံပြီးပါက ဒုတိယသီးနှံတစ်ခုဖြစ်သည်။ ကြံနှင့် သကြားမုန်လာမှရရှိသောသကြားကို အစားအစာ၊ အချိုရည်နှင့် အခြားသော စက်မှုလုပ်ငန်းများတွင်အသုံးပြုသည်။ သကြားတွင် အဓိက sucrose, glucose နှင့် fructose ပါဝင်သည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှု၏ ၂၁ ဒသမ ၈ ရာခိုင်နှုန်းပါဝင်ပြီး နှစ်နှစ်ခံ သို့မဟုတ် နှစ်ရာသီအပင်အမျိုးအစားဖြစ်သည်။ သကြားမုန်လာတွင် သကြားပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်း ပါဝင်သည်။
သကြားမုန်လာတွင် ၉၀ ရာခိုင်နှုန်းသောသကြားကို ဥမှရရှိပြီး ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းကို အရွက်နှင့်ပင်စည်နှစ်ခုဆက်နေသော အစိတ်အပိုင်း(Crown)မှရရှိသည်။ ရိတ်သိမ်းပြီးသော သကြားမုန်လာတွင် ရေ ၇၅-၇၆ ရာခိုင်နှုန်း၊ သကြား ၁၅-၂၀ ရာခိုင်နှုန်း၊ သကြားပျက် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ကြိတ်ဖတ် ၄-၆ ရာခိုင်နှုန်းပါဝင်သည်။ သကြားမုန်လာ တစ်တန်ကို ကြိတ်ခွဲပါက သကြား ၁၂၁ ကီလိုဂရမ်၊ တင်လဲရည် ၃၈ ကီလိုဂရမ်တွင် သကြား ၁၈ ဒသမ ၂ ကီလို၊ သကြားပျက် ၁၂ ဒသမ ၁ ကီလို၊ ရေ ၇ ဒသမ ၈ ကီလိုနှင့် ကြိတ်ဖတ် ၅၀ ကီလိုတို့ပါဝင်သည်။
သကြားမုန်လာ၏ အသုံးဝင်ပုံ
သကြားမုန်လာသည် အအေးပိုင်းသီးနှံဖြစ်သော်လည်း ခေတ်မီသောမျိုးသစ်များထုတ်လုပ်၍ အပူပိုင်းနှင့် အပူသမပိုင်းဒေသများတွင်လည်း ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည်။ အဓိကအားဖြင့် သကြားထုတ်လုပ်ရန်စိုက်ပျိုးကြပြီး အချို့သောဒေသများတွင် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးကြသည်။ သကြားမုန်လာကို ကြိတ်ခွဲ၍ ရရှိလာသောကြိတ်ဖတ် နှင့် တင်လဲရည်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ အီသနောကို သကြားပျက်၊ ကြိတ်ဖတ်၊ တင်လဲရည်မှထုတ်ယူပြီး ဘီယာချက်လုပ်ရန်နှင့် အချဉ်ဖောက်ရန်အတွက်လည်း အသုံးပြုသည်။
သကြားမုန်လာသည် သက်တမ်းတိုသီးနှံဖြစ်ပြီး ကြံပင်သက်တမ်း၏ တစ်ဝက်ဖြစ်သည်။ ထို့ကြောင့် တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ နည်းသည်။ ထို့ပြင်သက်တမ်းတိုသည့်အတွက် ရေလိုအပ်ချက်နည်းသည်။ သကြားမုန်လာမှ သကြား ၁ ကီလို ထုတ်လုပ်ရန်အတွက် ရေလိုအပ်ချက်မှာ ၁ ဒသမ ၄ ကုဗမီတာလိုအပ်ပြီး ကြံသီးနှံအတွက် ရေလိုအပ်ချက်မှာ ၄ ကုဗမီတာလိုအပ်သည်။ သကြားမုန်လာ၏ အားသာချက်မှာ သက်တမ်း ၅-၆ လရှိပြီး သကြားပါဝင်မှုမှာလည်း ၁၅-၁၇ ရာခိုင်နှုန်းပါဝင်ပြီး Sugar Recovery မှာ ၁၂-၁၄ ရာခိုင်နှုန်း၊ သန့်စင်မှုမှာ ၈၅-၉၀ ရာခိုင်နှုန်းရှိပြီး ရေငတ်ဒဏ်၊ ဆားငန်ဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်သည်။
သကြားမုန်လာကို သကြားထုတ်ယူခြင်းအပြင် စွမ်းအင်ထုတ်လုပ်ရန်အသုံးပြုသည်။ အထူးသဖြင့် အီသနော၊ ဘိုင်အိုအီသနော၊ တင်လဲရည်၊ တိရစ္ဆာန်အစာ၊ ကြိတ်ဖတ်ထုတ်လုပ်ရန်အသုံးပြုသည်။ ကမ္ဘာပေါ်တွင် သကြားမုန်လာစိုက်ပျိုးမှုမှာ သန်းပေါင်း ၄ ဒသမ ၅၆၅ ဟက်တာရှိပြီး ထုတ်လုပ်မှုမှာ ၂၂၉ ဒသမ ၂၀၁ သန်းရှိသည်။ သကြားမုန်လာကို စိုက်ပျိုးရန်အတွက် အသင့်လျော်ဆုံးအချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းဖြစ်ပြီး ဧပြီလ-မေလတွင် ရိတ်သိမ်းနိုင်သည်။ နိုဝင်ဘာလနောက်ပိုင်း စိုက်ပျိုးပါက အထွက်နှုန်းကျဆင်းနိုင်သည်။
စိုက်ပျိုးနည်း၊ မြေနှင့် ရေအသုံးပြုပုံ
သကြားမုန်လာစိုက်ပျိုးရာတွင် ပထမအရေးကြီးဆုံးအချက်မှာ မြေယာပြုပြင်ခြင်းဖြစ်၍ ထယ်ရေးကောင်းမွန်စွာရရှိအောင်ဆောင်ရွက်ရန်လိုအပ်သည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ ၄၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး တစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေးမှာ ၂၀ စင်တီမီတာ ဖြစ်သည်။ ပင်ကြား၊ တန်းကြားအကွာအဝေးမှာ ၅၀ x ၂၀ စင်တီမီတာဖြစ်သည်။ သကြားမုန်လာသည် အပင်ကြီးထွားစဉ်ကာလအတွင်းနေရောင်ခြည်ကောင်းစွာရရှိရန်လိုအပ်ပြီး ရေလိုအပ်ချက်မှာ ၃၀၀-၃၅၀ မီလီမီတာလိုအပ်သည်။ အပင်ပေါက်ကောင်းမွန်ရန်အတွက် အသင့်လျော်ဆုံး အပူချိန်မှာ ၂၀-၂၅ ဒီဂရီစင်တီဂရိတ်ရှိရန်လိုအပ်ပြီး အပင်ကြီးထွားချိန်တွင် ၃၀ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ အပင်ကြီးထွားပြီးနောက်ပိုင်း သကြားဖြစ်ချိန်တွင် အသင့်လျော်ဆုံးအပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ သကြားမုန်လာကို ရေသွင်းရေထုတ်ကောင်းမွန်သောမြေများတွင် စိုက်ပျိုးနိုင်ပြီး အသင့်လျော်ဆုံး မြေချဉ်ငန်ကိန်းမှာ ၆ ဖြစ်သည်။ သို့သော် သကြားမုန်လာ၏ထူးခြားချက်မှာ မြေချဉ်ငန်ကိန်းမြင့်သော ဆားပေါက်သောမြေများတွင်လည်း အထွက်နှုန်းနှင့်အရည်အသွေးကို ထိခိုက်ခြင်းမရှိဘဲ ကောင်းစွာဖြစ်ထွန်းနိုင်သည်။
သကြားမုန်လာ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာလိုအပ်ချက်အနေဖြင့် တစ်ဧကလျှင် ယူရီးယား ၁ ဒသမ ၅-၂ အိတ်၊ တီစူပါ သုည ဒသမ ၅-၁အိတ်၊ ပိုတက်၂-၃ အိတ်နှင့် အခြားသောသဘာဝမြေဩဇာများကို မြေအနေအထားကိုကြည့်၍ လိုအပ်သလိုထည့်သွင်းနိုင်သည်။ အထွက်နှုန်းအနေဖြင့် ကမ္ဘာ့ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် ၂၅ တန်မှ ၃၃ တန်ထွက်ရှိသည်။ သကြားမုန်လာ ၁၀၀ ဂရမ်တွင် Energy ၄၃ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၆ ဒသမ ၇၆ ဂရမ်၊ အမျှင်ဓာတ် ၂ ဒသမ ၈ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁၇ ဂရမ်၊ အသားဓာတ် ၁ ဒသမ ၆၁ ဂရမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်စီ၊ ဗီတာမင်ဘီတူး ၊ ဖောလိတ်၊ သွပ်၊ မန်းဂနိ၊ ပိုတက်စီယမ်နှင့် သတ္တုဓာတ်မြောက်မြားစွာပါဝင်သည်။ ရေဓာတ် ၈၈ ရာခိုင်နှုန်းပါဝင်သည့်အတွက် ကျန်းမာရေးအနေဖြင့် သွေးပေါင်ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း၊ အမြင်အာရုံ၊ အသည်းနှင့် ကျောက်ကပ်အားကောင်းစေခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါရခြင်းတို့မှကာကွယ်ပေးနိုင်ကြောင်း လေ့လာမှတ်တမ်းတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal