ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ယနေ့ခေတ်မှာ   ကွန်ပျူတာနဲ့  ဖုန်းအသုံးပြုသူ တစ်နေ့တခြားများလာတာတွေ့ရပါတယ်။ ကျောင်းစာတွေလေ့လာဖို့၊  စာရင်းအင်းတွေ  မှတ်တမ်းတင်ဖို့ကွန်ပျူတာကို      တစ်နေကုန်အသုံးပြုနေရသူတွေ၊ စာရေး၊ စာဖတ်ဖို့   ဖုန်းအသုံးပြုသူတွေနဲ့  ဖေ့စ်ဘွတ်အသုံးပြုသူ၊ ဂိမ်းဆော့တဲ့သူတွေက နည်းအမျိုးမျိုးနဲ့ဖုန်း၊   ကွန်ပျူတာတွေကို  တစ်နေကုန်သုံးနေရတဲ့အတွက် မျက်လုံးညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေဖြစ်ပြီး မူးဝေတာ၊ ဇက်ကြောတက်တာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးပြုမှုကို ရှောင်လွှဲလို့မရတဲ့သူတွေက    မျက်လုံးညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေကိုသက်သာအောင်  ဘယ်လို ကာကွယ်ရမလဲဆိုတာ  မျက်စိအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

မျက်လုံးက   အနီးက   အရာဝတ္ထုတွေကိုကြည့်တဲ့အခါ အဝေးကအရာဝတ္ထုတွေကို   ကြည့်တာထက်ဘာကြောင့် ပိုပြီးညောင်းညာရသလဲဆိုရင် မျက်လုံးက အဝေးကို  ကြည့်နေတာမျိုးဆိုရင်  ညောင်းညာမှုသိပ်မရှိဘဲ သက်သောင့်သက်သာရှိတယ်။ ဒါကြောင့်   မိနစ် ၂၀  Screen ကြည့်ပြီးတိုင်း စက္ကန့် ၂၀ ကြာ ပေ ၂၀ အကွာအဝေးက စိမ်းစိမ်းစိုစိုရှိတဲ့အရာတွေကို ကြည့်ပေးရပါမယ်။

အနီးကအရာဝတ္ထုတွေကိုကြည့်တဲ့အခါ မျက်လုံးကညောင်းတတ်ပြီး အဝေးကိုကြည့်ရင် အလင်းတန်းတွေက ပါးသွားတဲ့အတွက် မျက်လုံးမညောင်းတော့ဘူး။  စာဖတ်တာဆိုရင်  အဖြူနဲ့အမည်းဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။         ကွန်ပျူတာကြည့်တဲ့အခါ အလင်းတန်းတွေနဲ့ဖြစ်တဲ့အတွက်   မျက်လုံးက ပိုပြီးအားစိုက်ရတယ်။   အားစိုက်ရတဲ့အတွက်  မျက်လုံးပိုညောင်းပါတယ်။     မျက်လုံးညောင်းညာတာထက် မျက်ကြည်လွှာရဲ့မျက်နှာပြင် ပိုပြီးခုံးလာတဲ့အတွက် အဲဒီလို   မျက်လုံးအကြည့်များတဲ့သူတွေမှာ  (-)ပါဝါဖြစ်လာပါတယ်။

 စာဖတ်တာ၊      ကွန်ပျူတာကြည့်တာတွေ   အမြဲလုပ်နေရသူတွေအနေနဲ့ မျက်လုံးညောင်းညာတာမျိုး မဖြစ်အောင်     ၂၀:၂၀:၂၀  စည်းမျဉ်းလိုက်နာသင့်ပါတယ်။ မိနစ် ၂၀ ကွန်ပျူတာကြည့်ပြီးတိုင်း ပေ ၂၀အကွာကို  စက္ကန့် ၂၀ ကြာ   ကြည့်ပေးသင့်ပါတယ်။

တကယ်တော့  မျက်လုံးဆိုတာ မှန်ဘီလူးခုံးတစ်ခုဖြစ်ပါတယ်။   ဒီတော့    မျက်လုံးရဲ့ဆုံချက်ကို ကျအောင်သိရှိဖို့ လိုအပ်ပါတယ်။ မျက်လုံးကြည့်တဲ့ အချိန်မှာ မျက်တောင်ခတ်ပြီး ကြည့်ဖို့လိုပါတယ်။ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာကြောင့် မျက်လုံးကို အနားမပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့်  ကွန်ပျူတာကြည့်တာဖြစ်စေ၊  စာဖတ်တာဖြစ်စေ မျက်တောင်ခတ်ပြီး  ကြည့်ပေးသင့်ပါတယ်။

မျက်လုံးကိုအနားပေးခြင်းက ကြာရှည်ခံနိုင်မယ့်အသုံးပြုနည်းဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းပေါ်လာပြီး နောက်ပိုင်းမှာ    မျက်မှန်တပ်ရသူတွေ ပိုများလာပါတယ်။

မျက်ရိုးကိုက်တယ်ဆိုတာက     အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။       မျက်လုံးတစ်ခုတည်းကြောင့် ဖြစ်နိုင်သလို    ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မျက်ရိုးကိုက်တာက       ခန္ဓာကိုယ်ကျန်းမာရေး အားနည်းသူတွေ၊ ကွန်ပျူတာအသုံးပြုရတာများတဲ့သူတွေမှာ မျက်လုံး ညောင်းညာမှုတွေကြောင့် မျက်ရိုးကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

မျက်ရိုးကိုက်တတ်သူတွေ အနေနဲ့  မျက်စဉ်းဆေးကတော့   အသုံးပြုဖို့မလိုအပ်ပါဘူး။    ပုံမှန်မျက်လုံးကြွက်သားရဲ့ ခံနိုင်ရည်အားကိုပဲ သိထားဖို့လိုပါတယ်။

မျက်လုံးကြွက်သားတွေရဲ့အလုပ်က အရာအားလုံးကို ကြည့်ဖို့ပဲဖြစ်တယ်။

ခြေထောက်က ကြွက်သားတွေဆိုရင် လမ်းလျှောက်ဖို့ဖြစ်တယ်။  လမ်းလျှောက်တာများရင်  ခြေထောက်က ကြွက်သားတွေ နာကျင်တာခံစားရသလိုပဲ မျက်လုံးကြွက်သားတွေကလည်း        အသုံးပြုတာများရင်၊ အရာဝတ္ထုတွေကိုကြည့်တာတွေများလာရင်  ညောင်းညာတတ်ပါတယ်။

 မျက်ရိုးကိုက်တာသက်သာအောင်၊ မဖြစ်အောင်မိနစ် ၂၀ ကြာရင်  အနားပေးသင့်ပါတယ်။   မျက်လုံးကြွက်သားတွေရဲ့ခံနိုင်ရည်အားက မိနစ် ၂၀ ပဲ ကြာပါတယ်။   မိနစ် ၂၀ လောက်စာဖတ်ပြီး   ကွန်ပျူတာကြည့်ပြီးပြီဆိုရင် စက္ကန့် ၂၀ လောက် ပေ ၂၀ အကွာအဝေးကိုကြည့်ပေးခြင်းဖြင့် မျက်လုံးကို အနားပေးသင့်ပါတယ်။ ဒါဆိုရင်တော့ မျက်လုံးညောင်းညာတာ သက်သာပြီး မျက်ရိုးကိုက်တာ မဖြစ်နိုင်ပါဘူး။

တကယ်လို့  မျက်ရိုးကိုက်လာတယ်ဆိုရင် ပါရာစီတမောအကိုက်အခဲပျောက်ဆေးလောက်သောက်ရုံနဲ့ သက်သာလာနိုင်ပါတယ်။ ဒါမှမဟုတ် ဗီတာမင် B1   ပါတဲ့ဆေးသောက်ရင်လည်း သက်သာနိုင်ပါတယ်။

ဒီလိုမျက်လုံးညောင်းတာ၊  မျက်ရိုးကိုက်တာ  စတဲ့မျက်လုံးပြဿနာတွေနဲ့ရောက်လာတဲ့  လူနာဘက်ကလည်း  ဆရာဝန်ညွှန်ကြားချက်အတိုင်း မျက်လုံးကိုနားဆိုရင် အနားပေးရပါတယ်။  စိတ်ဖိစီးမှုကြောင့်ဆိုရင်လည်း ကိုယ့်စိတ်ကို သေချာပြန်ပြီး ပြင်ဆင်နိုင်ရပါမယ်။ ဆရာဝန်ဘက်က ကုသမှုမှာလည်း  ဘယ်အတိုင်းအတာအထိ    ကုသရမယ်။   အချိန်အားဖြင့်ဘယ်လောက်ကြာမယ်။ ဘာတွေလိုအပ်တယ်။ မူလအတိုင်းကောင်းနိုင်၊  မကောင်းနိုင်ဆိုတာကို နားလည်အောင်သေချာရှင်းပြပြီး    ကုသသင့်ပါတယ်။ လူနာဘက်ကလည်း   သေချာလိုက်နာတယ်ဆိုရင်   ပိုပြီးအဆင်ပြေပါတယ်။

ရောဂါအခြေအနေနဲ့  ကုသမှုအခြေအနေတွေကို လူနာကို သေချာနားလည်အောင် ဆရာဝန်ဘက်ကရှင်းပြပြီး လူနာဘက်ကလည်း ဆရာဝန်ညွှန်ကြားတာတွေကို     သေချာစွာလိုက်နာပြီး   ကုသမှုခံယူဖို့လိုပါတယ်။

မျက်ရိုးကိုက်တာက  ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတာများလာတဲ့   ယနေ့အချိန်မှာ သိသိသာသာများလာပါတယ်။  ကိုယ့်အမြင်အာရုံကို  မထိခိုက်အောင် အသုံးပြုသူတိုင်း  တီဗွီ၊  ဖုန်းနဲ့ကွန်ပျူတာကြည့်ချိန်ကိုလျှော့ချပြီး   မိမိတို့ရဲ့မျက်လုံးကိုမထိခိုက်အောင်  ဂရုစိုက်ဖို့လိုအပ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါတယ်။      ။

Source: Myawady Web Portal

ဒေါက်တာလွင်သန့်

တိုးတက်လာသော အသားတိုးကြက်မွေးမြူရေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ   မြန်မာနိုင်ငံတွင်   ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်မွေးမြူထားသဖြင့်    ကြက်ကောင်ရေပေါင်း ၈၀၈၆၁၈၀၉ ကောင် ဖြစ်သည်ကိုတွေ့ရှိရသည်။စာရင်းအချက်အလက်များအရ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန်မွေးမြူသည့်  အိမ်ထောင်စုဦးရေ၏  ၅၀  ရာခိုင်နှုန်းခန့်သည် ကြက်မွေးမြူသူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင် ၂၀၁၈ ခုနှစ် မြေပြင်ကောက်ယူစာရင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ကြက်မွေးမြူမှုရာခိုင်နှုန်းတိုးမြင့်လာသည်ကို  တွေ့ရှိရသည်။

အသားတိုးကြက်မျိုး (Broiler)   ဆိုသည်မှာ

အသားစားရန်အတွက်သာရည်ရွယ်၍ မွေးမြူသည့် ကြက်မျိုးဖြစ်သည်။  အသားစားရန်အတွက် မွေးမြူကြသည်ဖြစ်၍ ကြက်မျိုးများစွာအနက်မှ အသားဖြစ်ထွန်းနှုန်းကောင်းသော  ကြက်မျိုးသီးသန့်ကိုသာ  ရွေးချယ်စိစစ်၍   အဆင့်ဆင့်   မျိုးမြှင့်ထားခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အသားတိုးကြက်မျိုးဆိုသည်မှာ အချိန်တိုအတွင်း  ကြီးထွားမှုမြန်ဆန်ပြီး  အသားထွက်နှုန်းကောင်းမွန်သည့်ကြက်မျိုးဟုဆိုနိုင်သည်။  ကမ္ဘာတစ်ဝန်းရှိ    ကြက်မျိုးထုတ်လုပ်ငန်းရှင်များသည်  အသားထုတ်လုပ်ရန်အတွက်  အသုံးပြုသော Broilerကြက်မျိုးများ၏ အသားထွက်နှုန်းမြင့်မားပြီး ကြီးထွားမှုမြန်ဆန်သည့် အားသာချက်များကိုရယူ၍ မျိုးမြှင့်သားဖောက်ထုတ်လုပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် မွေးမြူမှုအများဆုံး အသားစားကြက်မျိုးများမှာ Cobb 500၊ Ross 308၊ Hubbard F15၊ Arbor Acres၊ Lohmann၊ Hy-Line  စသည်တို့ဖြစ်သည်။ အခြားမျိုးမြှင့်မျိုးသစ်များလည်း  မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။  မည်သည့်မျိုးမြင့်အသားစားကြက်မျိုးဖြစ်စေ  အစာမှအသားဖြစ်မှုသို့ ထိရောက်စွာပြောင်းလဲနိုင်သည့် အာဟာရပြည့်ဝသောအစာကိုပေးရန်လိုအပ်သည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော်လည်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန်  လိုအပ်သည်ကို အထူးသတိပြုရန်နှင့် နိုင်ငံဒေသအလိုက် ရေမြေရာသီဥတုတို့နှင့် လိုက်လျောညီစွာထုတ်ပြန်ထားသော ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAHP)တို့နှင့်အညီ   မွေးမြူထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့   ဆက်သွယ်မေးမြန်းအကြံဉာဏ်ရယူရန် လိုအပ်ကြောင်းကို အကြံပြုလိုသည်။

မွေးမြူသောနည်းစနစ်များ

မွေးမြူသောနည်းစနစ်များသည် တစ်နိုင်တစ်ပိုင်မွေးမြူသောနည်းစနစ်မှစီးပွားဖြစ်မွေးမြူသော နည်းစနစ်ဟူ၍ခွဲခြားထားသည်။ တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ၊ မည်သည့်စနစ်ဖြင့် မွေးမြူစေကာမူ မိမိမွေးမြူမည့်တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူရာတွင် သိပ္ပံနည်းကျမွေးမြူတတ်စေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊  လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မွေးမြူလိုသူထံသို့ ကွင်းဆင်းလိုက်ပါ  နည်းပညာပေးခြင်းတို့ဆောင်ရွက်လျက်ရှိသဖြင့် အသားတိုးကြက်မွေးမြူရေးလုပ်ကိုင်ရန်    စိတ်ပါဝင်စားသူမည်သူမဆို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ခြံတည်ထောင်ခြင်းနှင့် အရင်းအနှီး

အသားတိုးကြက်မွေးမြူရာတွင် ကောင်ရေ ၃၀၀၀ အနည်းဆုံးမွေးမြူလျှင် တစ်ယူနစ်ဟုသတ်မှတ်သည်။ ကာလတိုအတွင်း  မွေးမြူထုတ်လုပ်ရသည်ဖြစ်၍ ခြံတည်ထောင်ခြင်း၊  ကြက်မျိုးထည့်သွင်းခြင်းမှသည် ကုန်ထုတ်ခြင်းလုပ်ငန်းစဉ်အထိ   စနစ်ကျရန်  အထူးလိုအပ်သည်။   သို့ဖြစ်ပါ၍ အသားတိုးကြက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အဓိကလုပ်ငန်းစဉ်ဖြစ်သော မြေနေရာရွေးချယ်ခြင်း၊  အဆောက်အအုံတည်ဆောက်ခြင်းနှင့်  သွင်းအားစုများထည့်သွင်းခြင်းလုပ်ငန်းများတွင်   လုပ်ငန်းတစ်ခုချင်းအလိုက်  စနစ်တကျဆောင်ရွက်ရမည်။   သို့မှသာ    မိမိရင်းနှီးမြှုပ်နှံထားရှိမှု၏ အကျိုးအမြတ်ကို  မိမိခံစားရမည်။ မြေနေရာရွေးချယ်ခြင်း၊  ခြံတည်ဆောက်ခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ စာရင်းဇယားပြုစုခြင်း စသည့်လုပ်ငန်းစဉ်တစ်လျှောက် တစ်နေရာရာတွင်  သတ်မှတ်လုပ်ငန်းတစ်ခုခုကိုလိုက်နာခြင်းမရှိခဲ့ပါက ဇီဝလုံခြုံမှုစနစ်ကျိုးပေါက်၍ ကူးစက်ရောဂါဝင်ရောက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်၍ အမှုအခင်းကြုံတွေ့ဖြေရှင်းရခြင်း၊ ကုန်ထုတ်ချိန်ရောက်ရှိသည့်တိုင်   ဈေးကွက်ဝင်အဆင့်မရရှိ၍   အကျိုးစီးပွားထိခိုက်ခြင်းစသည်တို့ ကြုံတွေ့ရမည်ဖြစ်သည်။ ထိုသို့မဖြစ်စေရန်နှင့် ဘေးကင်းလုံခြုံသော မွေးမြူရေးထုတ်ကုန်ရရှိစေရန်ရည်ရွယ်၍  ကောင်းမွန်သော  မွေးမြူရေးကျင့်စဉ် (GAHP) များကို  တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်၍    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပေးခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အတိုင်း စနစ်တကျလိုက်နာသူတိုင်းသို့ GAHP အသိအမှတ်ပြုလက်မှတ်ပေးအပ်သည်။ လက်မှတ်ရခြံ၏ ထုတ်ကုန်သည် ဘေးကင်းလုံခြုံသော    ထုတ်ကုန်ကြမ်းဖြစ်မည်။   အဆိုပါ   ထုတ်ကုန်ကြမ်းများကို  ကုန်ချောအဖြစ်  ဆက်လက်ထုတ်လုပ်ရာတွင်လည်း  စံချိန်စံညွှန်းများဖြင့်စိစစ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်ထပ်မံထုတ်ပေးလျက်ရှိသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်အဖြစ် ထောက်ခံချက်ပေးခြင်းဟု ယေဘုယျဆိုနိုင်သည်။

မတည်အရင်းအနှီးအနေဖြင့် နိုင်ငံတော်အစိုးရက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   အသားတိုးကြက်အကောင် ၃၀၀၀  တစ်ယူနစ်မွေးမြူသူများကို  သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက  လျှောက်ထားသည့် ချေးငွေပမာဏကို    စိစစ်ထုတ်ပေးလျက်ရှိသည်။ တစ်ယူနစ်လျှင် ငွေကျပ် ၁၅ သန်းနှုန်း ထုတ်ပေးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒုတိယသက်တမ်းအဖြစ် ဖော်ပြပါအတိုင်းထပ်မံထုတ်ချေးလျက်ရှိသည်။

အသားတိုးကြက်မွေးမြူခြင်းလုပ်ငန်းစဉ်များ

စတင်မွေးမြူလိုသူများအတွက် အခြေခံအသိပညာအနေဖြင့်  မွေးမြူခြင်းလုပ်ငန်းစဉ်များကို ဖော်ပြပါအတိုင်း ယေဘုယျနားလည်ထားရမည်-

(က) ကြက်မီးကိုင်ခန်းပြင်ဆင်ခြင်း

( ခ ) ကြက်မထည့်မီ ပြင်ဆင်ခြင်း

ဆုံလည်အစာခွက် ၁၂ ခွက်ထဲ အစာကြိုထည့်ထားပေးပါ။ ရေထည့်ပြီးသား တစ်ဂါလန်ရေဘူး နေရာချထားပေးပါ။ အစာအိတ်ခွံလေးလုံးခင်း၍ အစာများပုံထည့်ထားပေးပါ။ အစာ၊ ရေတို့ကို ကြက်မရောက်မီ နှစ်နာရီကြိုတင်၍ ပြင်ဆင်ရမည်။

( ဂ ) ကြက်ပေါက်ထည့်သွင်းခြင်း

မီးကိုင်မည့်အခန်းကို လိုအပ်သောအပူချိန် (၃၅ဒီဂရီစင်တီဂရိတ်)ရရန် ကြိုတင်၍အပူပေးပါ။

•        အစာနှင့်ရေကို ကြိုတင်ထည့်သွင်းပြင်ဆင်ထားပါ။

•        ကြက်ပေါက်အလေးချိန် ချိန်တွက်ပါ။

•        ကြက်ကလေးအကောင်ရေ ပြည့်မပြည့်ရေတွက်ပါ။

•        ကြက်ကလေးကို မီးကိုင်ခန်းထဲသို့ထည့်ပါ။

•        ကြက်ကလေးအမူအရာကိုလေ့လာပြီး အပူချိန်ကိုထိန်းညှိပါ။

•        အစာ စား၊ မစား ကြက်စလုတ်ကို စမ်းသပ်စစ်ဆေးပါ။

•        မှတ်တမ်းဖြည့်သွင်းပါ။

(ဃ)   မီးကိုင်ခြင်း

ရက်သားအလိုက် သတ်မှတ်ထားသော အပူချိန်ချိန်ညှိပေးခြင်း၊ ရေနှင့်အစာ အချိုးကျကျွေးမွေးခြင်းနှင့် အသက်အရွယ်အလိုက် သတ်မှတ်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ရသည်။ ကာလတိုအတွင်း(၄၂-၄၅ ရက်သားအတွင်း) မွေးမြူထုတ်လုပ်ရခြင်းဖြစ်၍ လုပ်ငန်းစဉ်တိုင်းတွင် နည်းစနစ်တကျဆောင်ရွက်ရမည်။ အပူချိန်၊   ရေနှင့် အစာတို့ကို သတ်မှတ်နည်းစနစ်အတိုင်းလိုက်နာဆောင်ရွက်ပေးရန်  အထူးအရေးကြီးသည်။ 

အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

အသားတိုးကြက်မွေးမြူရေးခြံအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ကိုသတ်မှတ်ထုတ်ပြန်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် နားလည်သိရှိ၍ လိုက်နာ

ဆောင်ရွက်နိုင်စေရန် ဖော်ပြအပ်ပါသည်-

(က)   မွေးမြူရေးခြံတည်နေရာ

•        တရားဝင်ခွင့်ပြုထားသည့်မြေနေရာဖြစ်ရမည်။

•        လျှပ်စစ်ဓာတ်အား၊ရေအရင်းအမြစ်နှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရ မည်။

•        လူနေအိမ်၊ သားသတ်ရုံ၊ တိရစ္ဆာန်အရှင် စျေးကွက်တို့နှင့်  ဝေးကွာသည့်နေရာဖြစ်ရမည်။

•        ဓာတုပစ္စည်း၊ အဏုဇီဝပစ္စည်းများ၏ဘေးအန္တရာယ်တို့မှ ကင်းဝေးသည့်မြေနေရာဖြစ်ရမည်။

•        ရေလွှမ်းမိုးမှုမရှိနိုင်သောနေရာဖြစ်ရမည်။

•        တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာတို့တွင် ဆောက်လုပ်ရမည်။

(ခ)     မွေးမြူရေးခြံပုံစံ

•        ဇီဝလုံခြုံရေး၊ အလုပ်သမားများ လုပ်ငန်းခွင်

ဘေးအန္တရာယ်မဖြစ်စေရေး၊ တိရစ္ဆာန်များ ဘဝ သာယာဝပြောရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေးကို အလေးထားဖွဲ့စည်းတည်ဆောက် ထားသည့်ခြံပုံစံဖြစ်ရမည်။

(ဂ)     မွေးမြူရေးခြံအဆောက်အအုံ

•        မွေးမြူကောင်ရေ၊ အမျိုးအစားနှင့် အသက်အရွယ်အလိုက် သင့်လျော်သည့်ပုံစံဖြစ်ရမည်။

•        လေဝင်လေထွက်ကောင်းမွန်စေရန်၊သန့်ရှင်းရေးလုပ်ငန်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင် စေရမည်။

•        အပူဒဏ်၊ အအေးဒဏ်နှင့် မိုးရေထိခိုက်မှုဒဏ်များမှ ကင်းဝေးစေရန်  တည်ဆောက်ရမည်။

•        အသားတိုးကြက်အကောင် ၃၀၀၀ ခြံအတွက်လိုအပ်သည့်အဆောက်အအုံအကျယ်အဝန်းကို ယေဘုယျအားဖြင့် ဖော်ပြပါ နမူနာခြံအချိုးအစားဖြင့် မွေးမြူနိုင်ပါသည်-      

 (ဃ)  အစာ

•        အစာကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် အရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။

•        အစာကို အချိန်မှန်ကျွေးမွေးပေးရမည်။

•        အသုံးပြုရန်မသင့်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများ ပါဝင်မှုမရှိစေရ။

(င)     ရေ

•        သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေကို လုံလောက်စွာ ထောက်ပံ့ပေးရမည်။

(စ)     မွေးမြူရေးခြံလုပ်ကိုင်သူများ

•        မိမိကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ  အများပြည်သူကျန်းမာရေး ထိခိုက်မှုမရှိစေရန်အတွက်မိမိကိုယ်တိုင်ကျန်းမာရေးကောင်းမွန်ရမည်။အလုပ်တာဝန်ကျွမ်းကျင်မှု ရှိရမည်။

•        မတော်တဆကိစ္စရပ်များတွင် ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို သိရှိထားရမည်။

•        သင့်လျော်သည့် အကာအကွယ်များ ဝတ်ဆင်လုပ်ကိုင်ရမည်။

•        သန့်စင်ခြင်းနှင့်ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

(ဆ)   ကြက်အသစ်သွင်းခြင်း

•        ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာကြောင်းထောက်ခံချက်ပါရှိမှသာ မွေးမြူရမည်။

•        အသစ်ရောက်ရှိလာသောကြက်များကို သတ်မှတ်ကာလအပိုင်းအခြားအထိသီးသန့်ခွဲခြားထားရမည်။

(ဇ)     ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း

•        ဦးစီးဌာနမှ   ခွင့်ပြုထားသည့် ကာကွယ်ဆေး၊ ကုသဆေး၊ ဖြည့်စွက်ဆေးများကို အသုံးပြုရမည်။

•        ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ပုံမှန်ပြုလုပ်ရမည်။

•        ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များကိုစနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

•        ကူးစက်ရောဂါကျရောက်ပါကဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရ မည်။

 (ဈ)   တိရစ္ဆာန်အခွင့်အရေးလိုက်နာဆောင်ရွက်မှု

•        မွေးမြူရေးကြက်များကို ကြောက်ရွံ့စေခြင်း၊စိတ်ဖိစီးစေခြင်း၊ နာကျင်စေခြင်း၊ ဒဏ်ရာရရှိ    စေခြင်း မရှိစေရ။

•        အစာ၊ ရေနှင့် လုံလောက်သောအကျယ်အဝန်းရအောင် စီစဉ်ထားရှိရမည်။

(ည)   ခြံသန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

•        သင့်လျော်သည့် ပစ္စည်းကိရိယာများ၊ ခွင့်ပြုထားသည့် ဓာတုပစ္စည်းများကိုသာအသုံးပြု ရမည်။

•        စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ရမည်။

(ဋ)    မွေးမြူရေးခြံမှတ်တမ်း

•        မွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်အားလုံးအတွက် မှတ်တမ်းများထိန်းသိမ်းထားရှိရမည်၊။

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ စားသောက်ရန်အတွက်  ရည်ရွယ်မွေးမြူသည့်  မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ  ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်  ဈေးကွက်တင်ပို့စရိတ်တို့အကြား  အမြတ်အစွန်းကျန်သော  မွေးမြူရေးဖြစ်ရမည်။

ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့်   ထုတ်ကုန်အတွက်  အမြတ်အစွန်းရရှိရန်မှာ  လွန်စွာအရေးကြီးသည်။ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ကုန်အတွက်အမြတ်အစွန်းရရှိရေး ဟန်ချက်ညီရန်မှာ  မွေးမြူရေးခြံအတွက်သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရမည်။  သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို  အဓိက ထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးအစာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန် အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက် ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေမြေရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုးကွာခြားနိုင်သဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိ အစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ ဓာတ်ခွဲခန်းဖြင့် စိစစ်ဆောင်ရွက်ပေးနေသည်။                                                               

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက် ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

တန်ဖိုးမြှင့်‌ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ်  GAHP များအတိုင်း  လိုက်နာဆောင်ရွက်သူတိုင်းအတွက်  ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက်  ဌာနမှ  ထုတ်ကုန်ဆိုင်ရာ  စံချိန်စံညွှန်းများကို   ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်း

ဤစံချိန်စံညွှန်းသည် စျေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပြုပြင် ပြောင်းလဲထားခြင်းမရှိသေးသော Gallus Domesticus အနွယ်ဝင် ကြက်၏အသားစိမ်းကိုဆိုသည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများ သတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်ထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။

ထုတ်ပြန်ပြီး ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်းတွင် ပါဝင်သည် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်သည်-

(၁)     ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသဲအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၂)     သားသတ်ပြီးနောက် ကြက်ကောင်လုံးအရည်အသွေးကို စစ်ဆေးခြင်း

(၃)     သားသတ်ပြီးနောက်  ခုတ်ပိုင်းသားပစ္စည်းများနှင့်အမြစ်အသဲကို အရည်အသွေး စစ်ဆေးခြင်း

(၄)     နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

(၅)     နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

(၆)     သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၇)     မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှု ဆိုင်ရာ စံချိန်စံညွှန်းများ

(၈)     အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၉)     နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

(၁၀)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း

(၁၁)   နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေး ဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်သည်။

အမည်          -      ဒေါက်တာကျော်ကျော်လန်း(ဒုတိယညွှန်ကြားရေးမှူး)

ကလောင်     -        ဒေါက်တာရင်းမြစ်(မွေး/ကု)

ဌာန             -        မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

                            လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ

ဖုန်း             -        ၀၉ ၇၆၈၁၅၃၈၇၆

ဒေါက်တာရင်းမြစ်(မွေး/ကု)

လူတို့တွင် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များ   စွဲမြဲစွာရှိနေတတ်သကဲ့သို့ အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များလည်းရှိနေတတ်သည်။   အကျိုးရှိသော ကောင်းသောအလေ့အကျင့်များသည် မိမိအတွက် ရှိသင့်ရှိအပ်သောအလေ့အကျင့်များဖြစ်ပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များသည်  မိမိအတွက်    မရှိသင့်မရှိအပ်သောအလေ့အကျင့်များဖြစ်သည်။  ထို့ကြောင့် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များကို   ဆက်လက်၍  စွဲမြဲနေစေပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များကို လုံးဝဖျောက်ဖျက်သင့်သည်။   ထိုဖျောက်ဖျက်သင့်သော ဆိုးသောအလေ့အကျင့်များတွင် ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်လည်း ပါဝင်သည်။ ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်သည် လူကိုကောင်းကျိုးချမ်းသာမရရှိစေဘဲ ဆိုးကျိုးဒုက္ခများသာရရှိစေသည်။ မည်သို့သောဆိုးကျိုးဒုက္ခများရရှိစေသနည်းဟုဆိုလျှင် အလဟဿ ငွေကြေးကုန်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းကာ အခြားသူများကိုပါ ထိခိုက်စေခြင်း စသောဆိုးကျိုးဒုက္ခများရရှိစေသည်ဟု ဆိုရပေမည်။

ဆေးလိပ်သောက်ခြင်းဓလေ့ကို ၁၀ ရာစုလောက်ကစ၍ ပေါ်တူဂီနှင့် အီတလီနိုင်ငံတို့၌ စတင်ခဲ့သည်ဟု မှတ်တမ်းများအရသိရှိရသည်။   ကိုလံဘတ်သည် နယ်မြေသစ်များရှာဖွေရာမှ ၁၄၉၂ ခုနှစ်တွင် အမေရိကတိုက် ဘဟားမားကျွန်းသို့ရောက်သွားခဲ့သည်။   ထိုကျွန်းတွင်  ကျွန်းသူ၊  ကျွန်းသားများ ဆေးလိပ်သောက်ရှူနေသည်ကို တွေ့မြင်ခဲ့ရသည်။   ထိုသူတို့ မီးရှို့သောက်ရှူနေသော အပင်၏မျိုးစေ့ကို ကိုလံဘတ်က ဥရောပသို့ သယ်ယူလာရာမှ မျိုးဆက်ပွားခဲ့သည်။ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးကို မသိမြင်ဘဲ ဆန်းပြားခေတ်မီသော အလေ့အကျင့်ဟု မှတ်ယူကျင့်သုံးခဲ့ဟန်တူသည်။

ယနေ့ခေတ်တွင်ဆေးလိပ်ဟူသည်မှာ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်မှသည် ဆေးလိပ်အစားထိုး Vape ရှူခြင်းအထိပါဝင်ပေသည်။  သာမန်ဆေးလိပ်တွင်ဆေးလိပ်ကိုမီးညှိ၍ အငွေ့ကို သောက်ရှူခြင်းဖြစ်ပြီး Vape ရှူခြင်းတွင် ဓာတုအရည်တစ်မျိုးကိုထည့်၍  ဓာတ်ပြုခြင်းမှထွက်ပေါ်လာသောအငွေ့ကိုရှူခြင်းဖြစ်သည်။

ဆေးလိပ်သောက်ခြင်းသည် လူတိုင်းမလွဲမသွေ လုပ်ကိုင်ရမည့် နဂိုအလုပ်မဟုတ်ဘဲ မလုပ်သင့်သည့်အပိုအလုပ်သာဖြစ်သည်။ စိတ်၏အလိုကိုလိုက်ကာ အကောင်းအဆိုးမချင့်ချိန်ဘဲ မျက်ကန်းတစ္ဆေမကြောက်လုပ်ကိုင်နေကြသည့် အလေ့ဆိုးတစ်ခုဖြစ်သည်။  အရွယ်စုံသောလူအားလုံး၏ ကျန်းမာရေးအတွက်လည်းမသင့်၊   စီးပွားရေးအတွက်လည်းမတော်(မလျော်)၊ ပညာရေးအတွက်လည်း အထောက်အကူမပြုသော   လူ့အလေ့တစ်ခုသာဖြစ်သည်။ ဆေးလိပ်သောက်သူသည် မိမိ၏ငွေစက္ကူများကို မီးရှို့၍ ရောဂါဆိုးများကို တဖြည်းဖြည်း ဝယ်ယူနေခြင်းနှင့်တူသည်။ ဆေးလိပ်တွင်ပါဝင်သော ဓာတ်ပစ္စည်းများသည်    သေမင်းတမန်ဟုဆိုရလောက်အောင် ဆိုးကျိုးဒုက္ခများပေးသည်။ အဓိကအားဖြင့် ဆေးလိပ်ထဲတွင် နီကိုတင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊  ကာဗွန်မိုနောက်ဆိုက်၊  ကတ္တရာနှင့် ဘင်ဇင်းတို့ပါဝင်သည်။ ဆေးလိပ်ကို မီးရှို့လိုက်ခြင်းဖြင့် ထွက်ပေါ်လာသော မီးခိုးထဲတွင် ကင်ဆာရောဂါဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၆၀ ကျော်ရှိပြီး ပါဝင်သောဓာတ်ပစ္စည်းပေါင်းမှာ ၄၇၀၀ မျှရှိသည်ဟု ပညာရှင်များကဆိုသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါတို့ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ဆေးလိပ်သောက်ခြင်းမှအစပြု၍ အခြားသောမူးယစ်ဆေးဝါးစွဲသောလမ်းကြောင်းပေါ်သို့လည်း ရောက်ရှိသွားနိုင်သည်။

ဆေးလိပ်သောက်သူများတွင် အချို့က ဆေးလိပ်၏ဆိုးကျိုးကိုမသိ၍ သောက်သုံးနေသူများ၊ အချို့ကဆေးလိပ်၏ဆိုးကျိုးကိုသိလျက် သောက်သုံးနေသူများပါဝင်နေသည်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူအမျိုးသားဦးရေ သန်း ၉၀၀ ကျော်နှင့် အမျိုးသမီးဦးရေ သန်း ၂ဝဝ ကျော်ရှိသည်ဟုဆိုသည်။  ဆေးလိပ်သောက်သူ သန်း ၁၀၀၀ ကျော်ရှိနေခြင်းမှာ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံရှိနေခြင်းဖြစ်သည်။ 

ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နှစ်လျှင် ငါးသန်းမျှရှိနေပြီး ဆေးလိပ်ကြောင့် သေဆုံးသူများ၏ လေးပုံသုံးပုံခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်ဟုဆိုသည်။ လာမည့်နှစ်သုံးဆယ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဦးရေပိုမိုတိုးပွားလာနိုင်သည်ဟုဆိုရာ အဆိုးဘက်သို့ဆက်လက်ဦးတည်နေခြင်းကြောင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။

ဆေးလိပ်သောက်ခြင်းဟူသော မကောင်းသောအလေ့သည် ပတ်ဝန်းကျင်မှကူးစက်လာသည့်အလေ့ဆိုးပင်ဖြစ်သည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသကဲ့သို့  ဆေးလိပ်သောက်သူနှင့်အနေနီးလျှင် ဆေးလိပ်သောက်သော အကျင့်ကူးစက်လာကာ ဆေးလိပ်စွဲသွားတတ်သည်။ လူငယ်တစ်ယောက်သည် ဆေးလိပ်သောက်သော အခြားလူငယ်တစ်ဦးနှင့် ရင်းနှီးခင်မင်စွာနေထိုင်ခြင်းဖြင့် ဆေးလိပ်သောက်သောအလေ့အကျင့်များရရှိသွားသည်။ ခဏခဏထိတွေ့မှုရှိလျှင် စွဲမြဲသွားတတ်သည်ကို သတိမမူမိသော မိဘများက ကလေးငယ်ကို ဆေးလိပ်မီးညှိခိုင်းလေ့ရှိရာ ကလေးငယ်က  ဆေးလိပ်ကိုဖွာရှိုက်ကြည့်ရာမှ တစ်စတစ်စနှင့် ဆေးလိပ်သောက်တတ်သွားသည်။  အနုပညာရှင်များ ဆေးလိပ်သောက်ပြသည်ကိုလည်း လူငယ်တို့ အတုခိုးရာမှ ဆေးလိပ်စွဲသွားကြသည်။ ဆေးလိပ်ကိုစိတ်ဖြေရန်သောက်သည်ဖြစ်စေ၊  အခြားမည်သည့် အကြောင်းကြောင့်သောက်သည်ဖြစ်စေ   ဆေးလိပ်သောက်လျှင် လူ့ကျန်းမာရေးကို ဆုတ်ယုတ်ပျက်ပြားစေသည်မှာ အမှန်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များကို ပျက်ပြားစေသဖြင့် ယင်းအလေ့ဆိုးကို ထိန်းချုပ်ကာကွယ်တားဆီးရန်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာပေသည်။ သို့သော်လည်း ယင်းအလေ့ဆိုးကို လူ့ပတ်ဝန်းကျင်မှဝေးကွာသွားအောင် တစ်ဦးတစ်ယောက် တစ်နိုင်ငံတည်း ဆောင်ရွက်၍ မအောင်မြင်နိုင်ပေ။ နိုင်ငံအချင်းချင်းလက်တွဲ၍ လူသားအားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်သည်။   ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက  ဆေးလိပ်သောက်သုံးမှုအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ကြီးကြပ်လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့လူသားများ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်၍ ကျန်းမာကြံ့ခိုင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ မေလ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ်    သတ်မှတ်ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။

ဆေးလိပ်သောက်ခြင်းကို ကာကွယ်တားဆီးရာ၌ ဆေးလိပ်ထုတ်လုပ်မှုကို   ဥပဒေအရ ထိန်းချုပ်ကန့်သတ်ရန် နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်ကြရသည်။   ဆေးလိပ်အန္တရာယ်ကြီးမားပုံကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးသိရှိ၍ ရှောင်ကြဉ်နိုင်ကြစေရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော လူထုဆက်သွယ်ရေးမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပညာပေးစည်းရုံးရန်လိုအပ်သည်။    နိုင်ငံအတော်များများတွင် ဆေးရုံများ၊ ဘူတာရုံများ၊ လေဆိပ်များ၊ ကျောင်းများ၊  ဘတ်စကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ်ပျံစသောနေရာများ၌ ဆေးလိပ်မသောက်ရန် ကန့်သတ်ထားသည်။ တိကျစွာလိုက်နာသင့်သော ကျန်းမာရေးဆိုင်ရာစည်းကမ်းဖြစ်သည်။ တိကျစွာလိုက်နာခြင်းဖြင့် အောင်မြင်တိုးတက်မှုရကြောင်း ၂ဝဝဝပြည့်နှစ်က စင်ကာပူကို မီးခိုးငွေ့ကင်းသော  မဟာမြို့ကြီးအဖြစ်ကြိုးပမ်းနိုင်မှုက သက်သေပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုဓလေ့သည် အလွန်ကြာမြင့်လှပြီ။  တူးဖော်တွေ့ရှိရသော မြေဆေးတံ ရှေးဟောင်းပစ္စည်းများက သက်သေဖြစ်သည်။  ဤရှေးဟောင်းပစ္စည်းများကိုကြည့်ခြင်းဖြင့် သုဝဏ္ဏဘူမိနှင့် သရေခေတ္တရာခေတ်လောက်ကပင် ဆေးလိပ်သောက်သုံးမှုဓလေ့ရှိကြောင်းသိရသည်။  

မြန်မာနိုင်ငံတွင် လူကြီးတစ်ဦး၏ တစ်နှစ်သောက်သုံးသည့် ဆေးလိပ်အရေအတွက်သည် အလိပ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိရှိကြောင်း၊ ဆေးလိပ်သောက်သုံးသူများတွင် အသက် ၁၀ နှစ်မှ နှစ်၂ဝ အတွင်း ကျောင်းသားလူငယ်များ၏ ၄၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။   ထို့ကြောင့် နိုင်ငံတော်အစိုးရက  ဆေးလိပ်သောက်သုံးမှုထိန်းချုပ်ရေးနှင့် ဆေးရွက်ကြီးကင်းမဲ့ရေး စီမံချက်လှုပ်ရှားမှုများကိုလုပ်ဆောင်ခဲ့ရာ ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျန်းမာရေးဌာနက ဦးစီးကျင်းပသည့် ဆေးလိပ်သောက်သုံးမှု ကင်းဝေးရေးဆွေးနွေးပွဲကြီးပြုလုပ်၍ ဆေးလိပ်သောက်သုံးမှုတိုက်ဖျက်ရေးနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ ကျန်းမာရေးပညာပေးခြင်းများကိုဆွေးနွေးဆောင်ရွက်ခဲ့သည်။ထို့ပြင် ၁၉၉၉ခုနှစ်အောက်တိုဘာလတွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ကျင်းပပြီး ဆေးလိပ်အန္တရာယ်ကင်းရှင်းရေးကို ဆွေးနွေးကြ၍ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ 

ဆေးလိပ်အန္တရာယ်ကာကွယ်တားဆီးရေးဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာနိုင်ငံတွင် တယ်လီဗေးရှင်းမှဆေးလိပ်ကြော်ငြာများကိုပိတ်ပင်ခြင်း၊ ဇာတ်လမ်းတွဲများဖြင့် ပညာပေးပြသခြင်း၊ ရုပ်ရှင်ရုံ၊ ရုံး၊ ဘူတာ စသောလူအများစုဝေးရာနေရာများတွင် ဆေးလိပ်မသောက်ရန် ကန့်သတ်ခြင်းတို့ပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။

  ကျောင်းသားအရွယ် လူငယ်လူရွယ်များ ဆေးလိပ်သောက်သုံးခြင်းမှကင်းဝေးရန် ကျောင်းပရိဝုဏ်အတွင်းနှင့် ယင်းမှ ပေ ၁၀၀ အတွင်းဆေးလိပ်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်။ ၁၈ နှစ်မပြည့်သေးသူများကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချရန်စေခိုင်းခြင်း မပြုလုပ်ရန်လည်း ဥပဒေထုတ်ပြန်ပေးခဲ့သည်။   ဥပဒေပြဋ္ဌာန်းချက်များသည် ပြဋ္ဌာန်းရုံနှင့်မပြီးသေးဘဲ လူတိုင်းက ဥပဒေကို လိုက်နာဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိသည်။

ဆေးလိပ်သောက်ခြင်းအလေ့ဆိုးမှာ လူတစ်ဦးချင်းအတွက်လည်းမကောင်း၊ မိသားစုအတွက်လည်းမကောင်း၊ နိုင်ငံအတွက်လည်းမကောင်းပေ။ဆေးလိပ်မသောက်ရ၍ သေမသွားဘဲ ထမင်းမစားရလျှင်သာ သေသွားနိုင်သည်ဟူသော  မှန်ကန်သောအတွေးကို ခိုင်မာစွာထားရှိ မွေးမြူဆောင်ရွက်နိုင်လျှင် ဆေးလိပ်မပြတ်နိုင်စရာအကြောင်းမရှိပေ။ဆေးလိပ်စွဲသူများသည် စောစီးစွာ ဆေးလိပ်ဖြတ်ရန်ကြိုးစားရမည်။ ဆေးလိပ်ဖြတ်ကာစတွင်ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓာတ်က လှုံ့ဆော်မှုကြောင့် ခေါင်းကိုက်သလို၊ ဗိုက်နာသလို၊ စိတ်ဓာတ်ကျသလို၊ စိတ်ဂနာမငြိမ်မှုများဖြစ်တတ်သည်။  ထိုခံစားချက်များသည် စိတ်၏လှည့်စားမှုများသာဖြစ်၍ယာယီသာဖြစ်ပေါ်တတ်ရာ ကြိုးစားကျော်လွှားခြင်းဖြင့် အောင်မြင်မှုရရှိမည်ဖြစ်သည်။   ထို့ကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ဆေးလိပ်ကင်းစင်စေရန် ပြောရုံနှင့်မပြီး၊ ရေးရုံနှင့်လည်း မထိရောက်နိုင်ပေ။ လူတိုင်းက ဆေးလိပ်အန္တရာယ် တားဆီးကာကွယ်ရေးဥပဒေများကို မိမိကိုယ်တိုင်လေးစားလိုက်နာလျက် မိမိတို့ရပ်ကွက်၊ မြို့ရွာအတွင်း ဆေးလိပ်မသောက်ကြရန်တားမြစ်ကြရပေမည်။ဆေးလိပ်၏ အကြောင်းအကျိုးကိုပြောပြ၍ ဆုံးမလမ်းပြကြရမည်။ သို့မှသာ ပြည်သူတစ်ရပ်လုံးကကျန်းမာရေးအသိဖြင့် ဆေးလိပ်ကိုရှောင်ကြဉ်နိုင်လာပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးအဆင့်အတန်းမြင့်မားသော လူ့ဘောင်ကို တည်ဆောက်နိုင်ကြမည်ဖြစ်ပေသည်။     ။

Source: Myawady Web Portal

Photo - Similar PNG

ညွန့်ဝင်း(နတ်တလင်း)

ယခုအခါ နေပူလိုက် မိုးရွာလိုက်နှင့် ရာသီဥတုအပြောင်းအလဲကြောင့် လည်ချောင်းနာခြင်း၊  ဖျားခြင်းတို့ အဖြစ်များလာသည်ကို  တွေ့ရပါသည်။ လည်ချောင်းနာခြင်းအများစုသည် သာမန်အအေးမိ သို့မဟုတ် တုပ်ကွေးကဲ့သို့    ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်ပြီး    ရံဖန်ရံခါတွင် ဗက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်သည်။  အများအားဖြင့်  ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းလက္ခဏာအများစုသည် ငါးရက်မှ ခုနစ်ရက်အတွင်း သက်သာပျောက်ကင်းနိုင်သည်။

ရောဂါလက္ခဏာများ

လည်ချောင်းနာခြင်း  အထူးသဖြင့်  မျိုချသည့်အခါ  လည်ချောင်း အတွင်းနာခြင်း၊ လည်ချောင်းခြောက်သွေ့ပြီး ယားယံခြင်း၊ ချောင်းဆိုး ခြင်း၊  အသံပြောင်းခြင်း၊  ခံတွင်းနံ့ဆိုးခြင်း၊  လည်ပင်းအကျိတ်များရောင်ရမ်းခြင်း၊  နှာရည်ယိုခြင်းကဲ့သို့  လက္ခဏာများရှိနိုင်သည်။  ခန္ဓာ ကိုယ်အပူချိန်မြင့်မားနိုင်သည်။

ပြင်းထန်သောလက္ခဏာများ

လည်ချောင်းနာခြင်းမှတစ်ဆင့် အာသီးကြီးပြီး မျိုချရခက်ခြင်း၊ အသက် ရှူကျပ်ခြင်း  သို့မဟုတ် အသက်ရှူရခက်ခြင်း၊  ပါးစပ်ဖွင့်ရခက်ခြင်း၊တံတွေး သို့မဟုတ် သလိပ်တွင်သွေးပါခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အဆစ်များရောင်ရမ်းခြင်းနှင့်နာကျင်ခြင်း၊ အရေပြားတွင် အနီစက်များ ထွက်ခြင်း၊ အပူချိန်မြင့်မားပြီး ခိုက်ခိုက်တုန်ချမ်း၍ အဖျားတက်သည်ကို ခံစားရခြင်း၊ ရက်အနည်းငယ်အတွင်း လက္ခဏာများပိုဆိုးလာခြင်းစသည့်   ပို၍ပြင်းထန်သောလက္ခဏာများရှိပါက  ဆရာဝန်  သို့မဟုတ် နား၊  နှာခေါင်း၊  လည်ချောင်းရောဂါအထူးကုပါရဂူနှင့် ပြသကုသရန် လိုအပ်ပါသည်။

လည်ချောင်းနာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ

လည်ချောင်းနာသူသည် မကြာသေးမီက  ကိုဗစ်-၁၉   ရောဂါနှင့် ထိတွေ့ဖူးပါက သို့မဟုတ် ချမ်းတုန်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူကျပ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက် ခြင်း၊  အရသာ သို့မဟုတ်  အနံ့ပျောက်ဆုံးခြင်း၊  နှာခေါင်းပိတ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ခြင်း သို့မဟုတ်  အော့အန် ခြင်း စသည့်လက္ခဏာများခံစားရပါက ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိစမ်းသပ် ရန် စဉ်းစားသင့်ပါသည်။

လည်ချောင်းနာခြင်း ဖြစ်နိုင်ခြေရှိသူများ

မည်သူမဆို လည်ချောင်းနာခြင်းကို ခံစားရနိုင်သော်လည်း ဖြစ်နိုင်ခြေအန္တရာယ်ရှိနိုင်သူများမှာ ကလေးငယ်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် ခုခံအားစနစ်အားနည်းနေသူများ၊  ကိုယ်ဝန်ဆောင်များ၊  သွေးချို ဆီးချိုရောဂါရှိသူများ၊ အသံကျယ်ကျယ်ပြောသူများနှင့်  သီချင်းဆိုသူများသည် လည်ချောင်းနာခြင်း ဖြစ်စေနိုင်သည်။ စာသင်ကျောင်းများ၊နေ့ကလေးထိန်းကျောင်းများ၊   လေထုညစ်ညမ်းသော   သို့မဟုတ် ဆေးလိပ်မီးခိုးနှင့်  ထိတွေ့မှုများသောနေရာများ၌  မကြာခဏဖြစ်ပွား နိုင်သည်။

ရောဂါရှာဖွေစစ်ဆေးမှုများ

ရောဂါရှာဖွေအတည်ပြုရန်  လည်ချောင်းတွင်  ဗက်တီးရီးယားပိုးရှိ၊ မရှိ Throat swab နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ရန်နှင့် သွေး စစ်ဆေးရန်လိုအပ်သည်။

လည်ချောင်းနာရောဂါကုသမှု

အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းလက္ခဏာအများစုသည် ကိုယ်ခံအားစနစ်၏တိုက်ထုတ်မှုဖြင့် တစ်ပတ်အတွင်း  သက်သာပျောက်ကင်းနိုင်ပြီး  ပဋိဇီဝဆေးများဖြင့်  ကုသမှု မလိုအပ်ပါ။ ဗက်တီးရီးယားပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းကို ကုသရန် ပဋိဇီဝဆေးများလိုအပ်ပါသည်။ ပဋိဇီဝဆေးသောက်သူတိုင်းသည်   ရောဂါလက္ခဏာများ သက်သာသွားနိုင်သော်လည်း   ဆရာဝန်ညွှန်ကြားထားသောဆေးအားလုံးကို သတ်မှတ်ရက်အတိုင်းသောက်ရပါမည်။ မသောက်ပါက ရောဂါပိုးကို ပိုမိုဆိုးရွားစေကာ လည်ချောင်းမှ  ခန္ဓာကိုယ်၏တခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပြီး ပြင်းထန်သော ကျောက်ကပ်ရောင်ရောဂါနှင့် လေးဖက်နာရောဂါဖြစ်နိုင်သောကြောင့် နှလုံးအဆို့ရှင်များကို ထိခိုက်ပျက်စီးစေနိုင်သည်။

လည်ချောင်းနာခြင်းကို သက်သာစေမည့်နည်းလမ်းများ

နာကျင်မှုနှင့်အဖျားသက်သာစေရန်    ပါရာစီတမော   သို့မဟုတ် တခြားအကိုက်အခဲပျောက်ဆေးများကို  အသုံးပြုနိုင်သည်။   ခံတွင်းသန့်ရှင်းအောင်ထားပြီး အစာစားပြီးချိန်တွင် ဆားရည်ခပ်နွေးနွေးဖြင့် ပလုတ်ကျင်းပေးပါ။ ရေ သို့မဟုတ် စွပ်ပြုတ်ဟင်းရည်များများသောက်ပါ။ အာဟာရဖြစ်စေသော အစာပျော့ပျော့စားပါ။ ရေခဲရေသောက်ခြင်း သို့မဟုတ် ရေခဲမုန့်နှင့်ရေခဲချောင်းစားခြင်းကို ရှောင်ကြဉ်ပါ။ ဆေးလိပ် သောက်ခြင်း  သို့မဟုတ်  ဆေးလိပ်မီးခိုးငွေ့များသောနေရာများကို ရှောင်ကြဉ်ပါ။ လည်ချောင်းကောင်းမွန်လာသည်အထိ အသံကို အနားပေးပါ။ ရောဂါပိုးကိုတိုက်ထုတ်ရန်၊ ကိုယ်ခံအားစနစ်ကို မြင့်တက်စေရန် အချိန်မှန်မှန် အိပ်ရေးဝဝအိပ်ပါ။ များများအနားယူပါ။

လည်ချောင်းနာခြင်းကို ကာကွယ်နိုင်သောနည်းလမ်းများ

လည်ချောင်းနာခြင်းကင်းဝေးစေရေး   ရာသီဥတုအပြောင်းအလဲဖြစ် ချိန်တွင် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်စားသောက်ရန် လိုအပ်ပါသည်။  ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သည့်   ဗီတာမင်၊သတ္တုဓာတ်နှင့် အင်တီအောက်စီးဒင့်ကြွယ်ဝသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ အထူးသဖြင့် ဗီတာမင်-C  ကြွယ်ဝသောအစားအစာ များ၊ ဇင့်၊ ဆီလီနီယမ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများ၊ ရောင်ရမ်းမှုကိုဆန့်ကျင်သောဂုဏ်သတ္တိရှိသည့် ကြက်သွန်ဖြူ၊ ချင်းနှင့် နနွင်းကဲ့သို့   အစားအစာများအပါအဝင် နေ့စဉ်  မျှတစွာစားသုံးရန်လိုအပ်ပါသည်။

ပြောင်းလဲနေသောရာသီဥတုအခြေအနေများကိုသတိပြုပြီး အပူချိန် လွန်ကဲနေချိန်တွင် အိမ် သို့မဟုတ် အေးမြ၍ လေဝင်လေထွက်ကောင်း သောအရိပ်ထဲတွင်နားနေပြီး  ပြင်ပလှုပ်ရှားမှုများကို  တစ်နေ့တာ၏အပူချိန်လျော့နည်းသောအချိန်များတွင်ပြုလုပ်ပါ။   အပြင်ထွက်လျှင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။ အပြင်မှပြန်ရောက်သည်နှင့် ရေခဲရေသောက်ခြင်းကိုရှောင်ကြဉ်ပါ။ အိမ်တွင် ပုံမှန်လေဝင်လေထွက်ကောင်း ရန်ပြင်ဆင်ပါ။   ပြင်ပလေထုညစ်ညမ်းမှုသည်   မော်တော်ယာဉ်များ၊လောင်စာဆီလောင်ကျွမ်းမှုနှင့်  စက်မှုလုပ်ငန်းများမှ   ဓာတ်ငွေ့များကြောင့်ဖြစ်သဖြင့် မြို့ပေါ်တွင်နေထိုင်ပါက လူရှုပ်သောလမ်းများအနီးတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်း၊ တခြားသူသောက်သောဆေးလိပ်မီးခိုးနှင့်  ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသတိပြုပြီး လက်ကိုမှန်မှန်ဆေးကြောပါ။  လူအများစုဝေးသောနေရာများသို့  မကြာခဏသွားလာခြင်းကိုရှောင်ကြဉ်သင့်ပြီးမဖြစ်မနေသွားရန်လိုအပ်လျှင်နှာခေါင်းစည်းဝတ်ဆင်ရမည်။လက်သန့်ဆေးရည်အသုံးပြုရမည်။

အိမ်ပြန်ရောက်လျှင် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရမည်။ လည်ချောင်းနာခြင်း၊ အအေးမိခြင်းရှိသူများ သို့မဟုတ် တခြားအသက် ရှူလမ်းကြောင်းရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင် ကြဉ်ပါ။  နေ့စဉ် လုံလောက်စွာအိပ်စက်ပါ။  စိတ်ဖိစီးမှုများ  လျော့ကျစေရန် ချစ်ခင်နှစ်သက်သည့်အပေါင်းအသင်းမိတ်ဆွေများ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာကောင်းသောလှုပ်ရှားမှုများအတွက်  အချိန်ပေးပါ။

အချုပ်အားဖြင့်ဆိုသော် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်သောလည်ချောင်းနာခြင်း၊  ဖျားနာခြင်းကင်းဝေးစေရေး  ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လူတိုင်းသတိပြုနိုင်စေရန်အတွက် အသိပညာပေးခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းကာကွယ်ရန်တိုက်တွန်းလိုခြင်း ဖြစ်ပါသည်။

Source: Myawady Web Portal

ဒေါက်တာသိင်္ဂီကျော်

ကင်းပုံပင်

ကင်းပုံပင်သည် နေရာတိုင်းတွင် အလေ့ကျပေါက်ရောက်လေ့ရှိသည့် အမြဲစိမ်းသစ်ပျော့နွယ်ပင်တစ်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ နွယ်နှာမောင်း နှစ်ခုမှ လေးခုအထိခွဲထွက်တတ်သည်။ အင်္ဂလိပ်အမည်မှာ Wild Snake Gourd ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Coccinia Grandis နှင့် မျိုးစိတ်မှာ Cucurbitaceae ဖြစ်သည်။ ကင်းပုံသီးမှာ လုံး၍ ၂ လက်မကျော်ခန့်   အရှည်ရှိပြီး   အခွံပြောင်ချော၍  အစိမ်းပေါ်တွင် အဖြူစင်းများရှိသည်။ ရင့်မှည့်သောအခါ လိမ္မော်နီရောင်ရှိပြီး လွန်းပုံအစေ့လေးများပါဝင်သည်။ ကင်းပုံသီးသည် နွေရော၊ မိုးပါသီးသော်လည်း   မိုးရာသီတွင်ပိုသီးသည်။ အဖြူရောင်ပွင့်ဖတ် ငါးခုပါသည့် ပွင့်ညှာတံရှည်သော     ကင်းပုံပွင့်သည် ရွက်ညှာကြားမှထွက်ကာ ပွင့်ချပ်အစိမ်းရောင်ရှိပြီး  ထိပ်တွင်  နီညိုရောင်သန်းသည်။ နွယ်ပုံစံကင်းပုံရွက်မှာ အစိမ်းရောင်နုနုလေးဖြစ်နိုင်သကဲ့သို့ အရွက်ရင့်လာသည်နှင့်အမျှ  အရောင်ရင့်လာပြီး အရွက်ခပ်ဖားဖားနှင့်   ကျစ်လျစ်သည့်ရိုးတံရှိသည်။

ကင်းပုံသီးသည် အနည်းငယ်ခါးသက်သောအရသာရှိပြီး ယင်းကိုပြုတ်ပြီးတို့စားကြသကဲ့သို့  ကြော်၍လည်း စားနိုင်ကာဟင်းချိုအနေဖြင့်လည်းချက်သောက်ကြသည်။ အဆိုပါကင်းပုံသီးကို မြို့တွင်နေထိုင်သူများအနေဖြင့်  ဈေးများ၌ အလွယ်တကူ  ဝယ်ယူစားသောက်နိုင်သကဲ့သို့  ကျေးလက် တောရွာများ၏ ခြံစည်းရိုးများတွင်   အလေ့ကျပေါက်ရောက်လေ့ရှိသောကြောင့် အလွယ်တကူ ခူးယူစားသုံးနိုင်သည်။

မြန်မာ့ဆေးကျမ်းဝင်ကင်းပုံပင်၏အသုံးဝင်ပုံများ

မြန်မာ့ဆေးကျမ်းများအလိုအရ ကင်းပုံပင်၏ ပဉ္စငါးပါးကို ဆေးဖက်ဝင်သည်ဟု ဖော်ပြထားသည်။ကင်းပုံသည်ခါး၏။

သလိပ်သည်းခြေကိုနိုင်၏။   ဝမ်းကိုသက်စေ၏။  ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ်  အသုံးပြုရာ၏။ အရွက်သည် ဖန်၏။ ခန္ဓာကိုယ်ကြီးထွားသန်မာမှုနှင့် အရိုး၊ သွားများ တည်ဆောက်မှုကိုအားပေး၍ အာရုံကြောများကိုလန်းဆန်းစေသည်။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ  ကြော်ချက်စားသုံးရ၏။ ကင်းပုံရွက်နှင့်နံနံစေ့ ဆတူပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ်    အသုံးပြုသည်။  ကင်းပုံရွက်ကို သန်ချဆေးဖျော်စပ်ရာ၌သုံး၏။ ကင်းပုံရွက်အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာပျောက်ကင်းသည်။   ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက်    ဖော်စပ်ထားသောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။  ကင်းပုံသီးကို  မီးဖွားပြီးခါစမိခင်များ  နို့ထွက်စေရန်နှင့် လေရောဂါ၊ သွေးဖောက်ပြန်သောရောဂါ၊ ပန်းနာချောင်းဆိုးရောဂါများတွင် အသုံးပြုသည်။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ်သုံးသည်။ ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့်အနက် ဆေးဖော်စပ်ရာတွင် ကင်းပုံခါးကို အသုံးများသည်။

ကင်းပုံသီးနှင့်ကင်းပုံရွက်တွင်ပါဝင်သောအာဟာရများ

ကင်းပုံသီးတွင် အခါးနှင့်အချို နှစ်မျိုးရှိသည့်အနက် ကင်းပုံခါးသည် အထွေထွေရောဂါကုသရာ၌    ပို၍အကျိုးရှိသည်။ ကင်းပုံသီးတွင် ကယ်လိုရီဓာတ်၊ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင်- A ဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် စသည့်အာဟာရဓာတ်များ များစွာပါဝင်သည်။ ကင်းပုံရွက်သည် ပင်စည် သို့မဟုတ်  ရိုးတံ၏  တစ်ဖက်တည်းမှထွက်သည်။ အဝိုက်သုံးဝိုက်ပါ၍  ထိပ်အဝိုက်ဘက်တွင် ထောင့်သုံးထောင့်ပါပြီး ဘေးအဝိုက်နှစ်ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်ပြီး ရွက်ပြားပါး၍  ချောမွတ်ကာ ရွက်နားများတွင် လှိုင်းတွန့်ပုံသဏ္ဌာန်ရှိပြီး     ရွက်ညှာမှာအလွန်ရှည်သည်။ ထို့ကြောင့် ကင်းပုံရွက်ကို  ဆီးချိုရောဂါရှိသူများ  စားသုံးသင့်သည်။  ကင်းပုံရွက်ကို သည်းခြေဖျက်ခြင်းနှင့်    အဆုတ်ပြွန်ရောင်ရောဂါတို့အတွက်    ဖော်စပ်ထားသောဆေးများတွင်လည်း    ထည့်သွင်းအသုံးပြုသည်။   ကင်းပုံရွက်ကို  သန်ချဆေးဖော်စပ်ရာ၌လည်း   အသုံးပြုသည်။   ရေယုန်ပေါက်လျှင်လည်း    နှုတ်ခမ်းတွင်ပေါက်သည့် ရေယုန်ရောဂါမျိုးကို    "နင်ကရေယုန် ငါကကင်းပုံ" ဟုနှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့်    ပွတ်တိုက်ပေးပါက  သက်သာပျောက်ကင်းနိုင်သည်။ကင်းပုံရွက်ကို နှမ်း၊   နှမ်းဆီ၊နှမ်းထောင်းတို့နှင့်တွဲဖက်၍      စားသုံးရန်မသင့်ဟု   သိရသည်။   ကင်းပုံပွင့်သည်  ကင်းပုံရွက်၏ရွက်ညှာကြားမှထွက်၍     အဖြူရောင်ပွင့်ဖက်ငါးခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး    အပွင့်ညှာတံရှည်သည်။ ကင်းပုံပင်စည်ကိုပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာတွင်   အထူးထင်ရှားသည်။

ကင်းပုံမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးနိုင်သည်။ ကင်းပုံတွင် အချိုနှင့်အခါး   နှစ်မျိုးရှိသည့်အနက် ဆေးဖော်စပ်ရာတွင် အခါးကို ပိုမိုအသုံးပြုကြသည်။

ကင်းပုံသီးစားခြင်းဖြင့် ပျောက်ကင်းစေနိုင်သောရောဂါများကင်းပုံအချို၏အရသာမှာ   ချိုခြင်း၊ အေးခြင်း၊ ဖန်ခြင်း၊ စိမ့်ခြင်း၊ ငန်ခြင်းနှင့် သလိပ်ကိုဖြစ်စေသည်။  ကင်းပုံသီးကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ လေနိုင်ခြင်း၊ နှုတ်မြိန်စေခြင်း၊ လေရောဂါနှင့်ချောင်းဆိုးရောဂါများ  သက်သာစေခြင်း၊ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို     တိုးတက်စေခြင်း၊ ဆီးချိုကျခြင်း၊ ဆီးချိုကာကွယ်ပေးခြင်း၊ နှလုံးနှင့်အာရုံကြောစနစ်အတွက်ကောင်းခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊    နှလုံးနှင့်အာရုံကြောစနစ်ကိုကောင်းစေခြင်း၊   အဝလွန်ခြင်းကို ထိန်းပေးခြင်း၊ သွေးအားနည်းခြင်းနှင့်     မောပန်းခြင်းကိုသက်သာစေပြီး ကျောက်ကပ်တွင်   ဖြစ်ပေါ်တတ်သော ကျောက်ကို   ကြေစေနိုင်သည်ဟုလည်း သိရသည်။   ကင်းပုံသီးသည်   ခပ်ပုပုအသီးမျိုးဖြစ်သော်လည်း ထူးခြားသောအာနိသင်မှာ အရပ်ရှည်စေသည်ဟုသိရသောကြောင့် အရပ်ပုသော တက်သစ်စလူငယ်များ ကင်းပုံသီးကိုစားသုံးသင့်ပါသည်။

ဆီးချိုရောဂါကာကွယ်ပေးနိုင်

ကင်းပုံသီးသည်     ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ပြီး ကင်းပုံသီးစားခြင်းအားဖြင့်    သွေးတွင်းသကြားဓာတ်ကို သိသာစွာကျဆင်းစေနိုင်သည်။ ကင်းပုံသီးတွင်ပါဝင်သော Glucose-6-pho-sphate dehydrogenase  အင်ဇိုင်းက ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်သည်။      Glucose-6-phosphate dehydrogenase   ဓာတ်ကို   ဟန့်တားပေးနိုင်သည့် ဒြပ်ပေါင်းများပါဝင်နေသောကြောင့်  ကင်းပုံသီး၊  ကင်းပုံခါးရွက်နှင့် ကင်းပုံသီးဟင်းရည်တို့ကိုစားသောက်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဆီးချိုရှိသူများအနေဖြင့် နံနက်စောစောတွင် ကင်းပုံရွက်ကိုပြုတ်သောက်ခြင်း၊ ရေနွေးဖြောပြီးစားပေးခြင်းတို့ပြုလုပ်ပေးနိုင်သည်။  ဤကဲ့သို့  ပုံမှန်စားပေးမည်ဆိုပါက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သွေးချိုကို အကောင်းဆုံး  ထိန်းညှိပေးနိုင်မည်ဖြစ်သည်။

အစာချေဖျက်မှုကောင်းစေနိုင်

ကင်းပုံသီးစားခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကဲ့သို့  ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုဆိုင်ရာပြဿနာများကိုလည်း လျော့နည်းသက်သာစေသည်။  ကင်းပုံသီးတွင်အမျှင်ဓာတ်များပါဝင်နေသောကြောင့်  အစာချေဖျက်မှုကို  အထောက်အကူပြုပြီး အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများကို ကာကွယ်ပေးနိုင်သည်။

ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်

ကင်းပုံသီးတွင် ဘီတာကယ်ရိုတင်း၊  ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်    ဆဲလ်များနှင့် DNA များ ပျက်စီးခြင်းမှကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် မကြာခဏစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကိုလည်း  ကာကွယ်ပေးနိုင်သည်။ အဆိုပါဓာတ်များက အကျိတ်ဆဲလ်များကြီးထွားမှုကို   နှိမ်နင်းနိုင်ပြီး   ကင်ဆာဆဲလ်များပြန့်ပွားခြင်းကို   တားဆီးနိုင်သည်။

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်

ရှေးခေတ်ဆေးပညာ၌    ကင်းပုံကို ဆီးချိုရောဂါကုသရာတွင်  အသုံးပြုခဲ့ကြသည်။ ကင်းပုံပင်၏ရိုးတံနှင့်အရွက်ကို ကြော်ချက်စားခြင်း၊  ဟင်းချိုချက်သောက်ခြင်း သို့မဟုတ်  ကင်းပုံသီးနှင့်ကင်းပုံရွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့်စားပေးခြင်းဖြင့်ဆီးချိုအတက်အကျကို  ထိန်းနိုင်သည်။

အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်ကင်းပုံသီးက  အဝလွန်ခြင်းကို  ကာကွယ်ပေးနိုင်သည်ဟု   သုတေသနများတွင်   ဖော်ပြထားကြသည်။ ကင်းပုံသီးက အဆီဆဲလ်မဖြစ်မီအခြေအနေတွင် ကြိုတင်တားဆီးပေးခြင်းဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုပိုမြန်စေကာ သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေသည်။

ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေနိုင်

ခန္ဓာကိုယ်၏ခွန်အားကိုဖြည့်တင်းပေးပြီး  ဇီဝဖြစ်စဉ်ကိုထိန်းညှိပေးသော အာဟာရဓာတ်ဖြစ်သည့် သိုင်ယာမင် (Thiamine) က ကာဗိုဟိုက်ဒရိတ်များကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးသည်။ ကင်းပုံသီးတွင်ပါဝင်သည့် အဆိုပါ Thiamineကသွေးကလာပ်စည်းတွင်းသို့ဝင်ရောက်ပြီး ခွန်အားပိုမိုဖြစ်ပေါ်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇဆိုင်ရာရောဂါများကိုလည်းကုသပေးနိုင်သည်။

ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးသောကင်းပုံသီးကျောက်တည်ခြင်းဆိုသည်မှာ ကယ်လ်စီယမ်နှင့်တခြားသတ္တုဓာတ်များ   ဆီးလမ်းကြောင်းအတွင်းအနည်ထိုင်ပြီး အခဲပုံစံဖြစ်သွားခြင်းဖြစ်သည်။ ထိုက်သင့်သည့်ပမာဏထက်ကျော်ပြီး    အငန်စားသုံးမှုများလျှင် ကျောက်ကပ်ကျောက်တည်နိုင်သည်။ ကင်းပုံသီးတွင်ပါသည့် ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး   ဟင်းနုနယ်ကဲ့သို့  တခြားဟင်းသီးဟင်းရွက်များနှင့်တွဲစားပါက ကျောက်ကပ်ကျောက်တည်ခြင်းကို ကြေစေနိုင်သည်။

နှလုံးကျန်းမာရေးကိုကောင်းစေနိုင်

ကင်းပုံသီးတွင် ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး   ပိုတက်ဆီယမ်က သွေးလည်ပတ်မှုကို   ထိန်းညှိပေးကာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေသကဲ့သို့နှလုံးရောဂါများမဖြစ်အောင် လည်း ကာကွယ်ပေးနိုင်သည်။

ခြေဖဝါး လက်ဖဝါး ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေနိုင် ကင်းပုံရွက်ကိုကြိတ်ခြေပြီး ခြေဖဝါး၊ လက်ဖဝါးများတွင် ၁၅ မိနစ်ကြာ အုံထားပေးခြင်းဖြင့်ကိုယ်တွင်းအပူများလျော့စေပြီး ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေမည်ဖြစ်သည်။ ကင်းပုံရွက်အုံထားစဉ် ခပ်ဖွဖွနှိပ်နယ်ပေးရန်လည်း လိုအပ်သည်။

သတိပြုရန်

ကင်းပုံရွက်ကဆေးဖက်ဝင်သည်ဆိုသော်လည်း အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။  ကင်းပုံရွက်နှင့်ပတ်သက်ပြီးကျန်းမာရေးအကျိုးကျေးဇူးများကို သိပ္ပံနည်းကျ ဆက်လက်လေ့လာရန်လိုအပ်ပါသေးသည်။ ကင်းပုံသီးကိုလည်း ဆေးဖက်ဝင်တိုင်း အလွန်အကျွံစားသုံးရန်မသင့်ပါ။    ''တန်ဆေး လွန်ဘေး''ဟူသော ဆိုရိုးစကားရှိသောကြောင့်    အလွန်အကျွံစားသုံးမိပါက ဝမ်းပျက်ခြင်းနှင့်    ဗိုက်အောင့်ဗိုက်နာဖြစ်စေတတ်သည်။ ထို့ပြင် ကင်းပုံသီးကို နှမ်း၊ နှမ်းထောင်း၊ နှမ်းဆီတို့နှင့်တွဲဖက်၍ စားသုံးရန်မသင့်ကြောင်း  အာဟာရစွယ်စုံကျမ်းတွင်     ဖော်ပြထားသည်။

ထို့ကြောင့် အထက်ပါကျန်းမာရေးပြဿနာများဖြစ်ပွားသည့်အခါ ကင်းပုံရွက်တစ်ခုတည်းကိုသာအားမကိုးဘဲ နီးစပ်ရာဆေးရုံဆေးခန်း၌ပြသရန် လိုပါသည်။

Source: Myawady Web Portal

ဒေါက်တာလပြည့်ခင်

ရာသီကားမိုးရာသီဖြစ်သကဲ့သို့ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်ရွက်၊ သစ်ခက်ကလေးများသည် စိမ်းလန်းစိုပြည်လန်းဆန်းနေသည့်အပြင် ဝတ်ရည်ထုံမွမ်းသည့် ပန်းရနံ့တို့သည်လည်း ဝန်းကျင်တစ်ခို မွှေးပျံ့သင်းကြိုင်နေပေသည်။ ထိုသို့သောအခါသမယတွင် သစ်ပင်ပန်းပင်တို့သည် နှစ်ဟောင်းမှရွက်ဟောင်းများကို ကြွေကျ၍ ဝတ်ရုံလွှာကိုချွတ်ကြကာ နှစ်သစ်ကို  အားသစ်အင်သစ်ဖြင့် စိမ်းစိမ်းစိုစို ပြန်လည်လန်းဆန်းအသက်ဝင်လျက်ရှိသည်။ ထို့အတူပင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများဖြစ်ကြသော အနာဂတ်၏ကြယ်ပွင့်ကလေးများသည်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တစ်နှစ်ကို ကုန်ဆုံးလွန်မြောက်၍ နွေရာသီပိတ်ရက်တို့တွင် အနားယူခဲ့ကြပြီးဖြစ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တစ်နှစ်၏ အစကနဦးကို အားမာန်အပြည့်ဖြင့် ရွှင်လန်းတက်ကြွစွာ ချီတက်ကြရန်အသင့်ဖြစ်နေကြပေပြီ။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်နှံရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။

ဥယျာဉ်မှူးသည် မိမိ၏ဥယျာဉ်အတွင်းမှ ရောင်စုံပန်းကလေးများလှပစေရန် ပေါင်းသင်ခြင်း၊ လိုအပ်သည့် အာဟာရဆေးများပက်ဖျန်းပေးခြင်း၊ ဖျက်ဆီးတတ်သော  ပိုးကောင်များရန်မှ  ကင်းဝေးစေရန် ပိုးသတ်ဆေးဖျန်းပေးခြင်း စသည်တို့ကို ပြုလုပ်နေပါမှ ရောင်စုံပန်းများ လှပတင့်တယ်မွှေးကြူရပေသည်။ အနာဂတ်ကိုပုံဖော်စွမ်းဆောင်နိုင်မည့် လူငယ်လေးများကိုလည်း ဥယျာဉ်မှူးကောင်းများကဲ့သို့ မိဘများ၊ ဆရာများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးပါမှ မှန်ကန်သောလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်စေရန်အတွက် မိဘ၊ ဆရာ၊ ပြည်သူလူထုတို့အားလုံးစုပေါင်း၍ မြေတောင်မြှောက်ကာပျိုးထောင်ပေးကြရမည်ဖြစ်သည်။

မည်မျှပင် မျိုးစေ့ကောင်းမွန်နေသောအပင်ဖြစ်ပါစေ ရေခံမြေခံကောင်းတွင် စိုက်ပျိုးပါမှ၊ ဘေးပယောဂအနှောင့်အယှက်အဖျက်အဆီးများကင်းစင်ပါမှ အပင်သန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားလူငယ်လေးများအတွက်လည်း ကောင်းမွန်သောပတ်ဝန်းကျင်ရှိနေစေရန် အထူးအရေးကြီးသည်။

“ပညာမြင့်မှ လူမျိုးတင့်” နိုင်ပေမည်။ လူမျိုးတင့်နိုင်စေရန်အတွက်  ကျောင်းသားလူငယ်လေးများ ပညာရည်မြင့်မားလာစေရန် အဘက်ဘက်မှဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် မိဘများဘက်မှ ငွေကြေးချို့တဲ့ကာ ကျောင်းအပ်နှံမှုမပြုနိုင်ခြင်းတို့ မရှိကြစေရန် ကျောင်းလခ၊ မိဘ၊ဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့်စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိပါချေ။ ထို့ပြင် KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် စာရေးကိရိယာများ အခမဲ့ပေးဝေကာ KG မှ Grade-5အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ တစ်စုံစီကိုလည်း အခမဲ့ပေးထားသည်ဖြစ်ရာ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးကိုအထိုက်အလျောက်လျော့ကျစေရန် ကူညီပေးထားခြင်းပင်ဖြစ်သည်။

ဥယျာဉ်တစ်ခု စိမ်းစိုလှပ သင်းပျံ့ကြိုင်လှိုင်နေစေရန်အတွက် ရေခံမြေခံကောင်းရှိရန်လိုအပ်သကဲ့သို့ နေရောင်ခြည်ရရှိမှု၊ လေဝင်လေထွက်ကောင်းမွန်မှု၊ အဖျက်ပိုးများကင်းစင်မှု၊ အားအင်ပြည့်ဝမှု စသည်ဖြင့် ဘက်စုံထောင့်စုံမှ ပံ့ပိုးမှုတို့ရှိမှသာ အောင်မြင်ကျန်းမာသော  ပန်းခြံကြီးဖြစ်ပေလိမ့်မည်။  နိုင်ငံတစ်နိုင်ငံ အတွက်ဖြစ်စေ၊ လူတစ်ဦးအတွက်ဖြစ်စေတိုးတက်ဖွံ့ဖြိုးစေရန်ကား ပညာရေးသည် အရေးကြီးဆုံးအခန်းကဏ္ဍပင်ဖြစ်သည်။ အသိဉာဏ်ပညာ၊ ဗဟုသုတများ ရှာမှီးနိုင်စေရန် တစ်ခုတည်းသောနေရာသည်ကား စာသင်ကျောင်းများပင်ဖြစ်သည်။ စာပေပညာများကိုသင်ယူပါမှ  အကြောင်းအကျိုး၊  အကောင်းအဆိုးခွဲခြားတတ်ကာ ဘဝလှပမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အားထားဖွယ် လူငယ်၊ လူရွယ်များ ဖြစ်လာနိုင်မည်ဖြစ်သည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို  “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်ချမှတ်ကာ ကျောင်းအပ်နှံရေးအစီအစဉ်များကို အစိုးရနှင့် ပြည်သူလူထုတို့ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်နှစ်သည်းချာဖြစ်သော၊ တန်ဖိုးမဖြတ်နိုင်သော သားသမီးရတနာလေးများကို အရောင်တောက်ပလာစေရန် ဖော်ဆောင်ပေးနိုင်သည့် ပညာရှာမှီးရာနေရာဖြစ်သော စာသင်ကျောင်းများသို့ အပ်နှံပါမှ ကလေးများအသိပညာရရှိမည်ဖြစ်သည်။ အသိပညာရှိလာပါမှ နိုင်ငံတော်၏အနာဂတ်ကို လှပစွာပုံဖော်ဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်သည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဖြစ်သော သားကောင်း၊ သမီးကောင်း ရတနာများအား လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် တက်ညီလက်ညီဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်သည်။

လောကကြီးတွင် ပန်းအမျိုးပေါင်းလည်း လွန်စွာများပြားစုံလင်လှပသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းတိုင်းတွင်ကား  သူ့အလှတရားနှင့်သူ ရှိနေကြစမြဲပင်ဖြစ်သည်။ ထိုအလှတရားများကိုပေါ်လွင်စေရန်၊  ပိုမိုလှသည်ထက်လှပနိုင်စေရန်  ပြုပြင်ထိန်းသိမ်းပုံဖော်မှုပြုသည့် ဥယျာဉ်မှူးကောင်းရှိရန်မှာလည်း လွန်စွာအရေးကြီးလှပေသည်။ နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော  လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရာတွင် ဆရာသည် အခရာဖြစ်သည်။

နိုင်ငံ့လူ့အဖွဲ့အစည်း၏ မျိုးဆက်တိုင်း တော်တည့် ကောင်းမွန်နေစေရန် ပြုစုပျိုးထောင်ခြင်းသည် ဆရာ၏ ပညာအရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာထားကာ ကြိုးစားပုံဖော်ပေးမှုတို့အပေါ်တွင်တည်မှီနေသည်။“တပည့်များစွာ၊ ငါ့ထက်သာ၍၊ နေရာတိုင်းမှာအရေးပါ”စေရန်ဥယျာဉ်မှူးနှင့်တူသော ဆရာများကပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။

ထိုသို့ အရေးပါလှသော ဆရာတို့၏ အခန်းကဏ္ဍကို မြင့်မားတိုးတက်စေရန်အတွက်လည်း နိုင်ငံတော်မှ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ သည်။ အနာဂတ်၏တာဝန်များကို ပခုံးပြောင်းယူကြရမည့်ကျောင်းသားလူငယ်များကို စည်းကမ်းရိုသေသူများ၊ ပညာပြည့်ဝသူများ၊ တွေးခေါ်စဉ်းစားတတ်သူများ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းသူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။

ထိုသို့   လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် “ပညာသည်သာ အခရာ”ဖြစ်၍ ပညာရှာမှီးနိုင်ရာ စာသင်ကျောင်းများသို့ ကျောင်းအပ်နှံခြင်းဖြင့် မိမိတို့ရင်သွေးများ၏ဘဝခရီးကို ဖြောင့်တန်းစွာ လျှောက်လှမ်းမှုပြုနိုင်စေရန် လမ်းကြောင်းမှန်ပေါ်သို့တင်ပေးရမည်ဖြစ်သည်။

မိုးဦးရာသီတွင် စိမ်းစိုအုံ့မှိုင်းမှုနှင့်အတူ မိုးစက်၊ မိုးပေါက်တို့သည် ပန်းတို့အတွက် လောကဓံတရားဟုဆိုနိုင်သော်ငြား  ထိုလောကဓံကြောင့်ပင် လှပမွှေးပျံ့သော ပန်းပွင့်တို့ကို ဖူးပွင့်နိုင်ကြသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ မိုးရေစက်တို့အကြားဝယ် ဖြူ၊ နီ၊ ပြာ၊ ဝါ ရောင်စုံပန်းတို့၏အလှတရား၊ စိမ်းစိုသော သစ်ရွက်၊ သစ်ခက်တို့၏ အလှတရားများနှင့်အတူ ဇွန်လ  ၂ ရက်မှစတင်၍ ဘဝ၏လှေကားများကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း အားမာန်အပြည့်ဖြင့် ချီတက်လျှောက်လှမ်းကြမည့် ကျောင်းသား၊ကျောင်းသူလူငယ်များ၏ အဖြူ၊ အစိမ်း တူညီဝတ်စုံ ယူနီဖောင်းအလှတရားတို့သည်လည်း နှိုင်းတုမမီနိုင်သော ပန်းချီကားချပ်တစ်ချပ်သဖွယ်ပင် ဖြစ်ပေလိမ့်မည်။ ထိုတူညီဝတ်စုံဝတ်ဆင်ထားမှု၏ နောက်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း တိုးတက်ပြောင်းလဲလာပြီး မိမိတို့ဘဝနှင့် နိုင်ငံတော်အတွက် အသိပညာများကြွယ်ဝကြကာ ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကလေးများ ဖြစ်ထွန်းပေါ်ပေါက်လာကြရခြင်းပင်ဖြစ်သည်။  ထိုသို့ လူ့စွမ်းအားအရင်းအမြစ်များကို မြေတောင်မြှောက်ပေးနိုင်စေရန်အတွက် ကျောင်းအပ်နှံကြရမည်ဖြစ်သည်။

"Education breeds confidence. Confidence breeds hope. Hope breeds peace." “ပညာရေးက ယုံကြည်မှုကို မွေးဖွားပေးတယ်။ ယုံကြည်မှုက မျှော်လင့်ချက်ကိုမွေးဖွားတယ်။ မျှော်လင့်ချက်က ငြိမ်းချမ်းရေးကိုမွေးဖွားတယ်” ဟု  ကွန်ဖြူးရှပ်သင်ကြားပေးခဲ့သော ပညာရေးဆိုင်ရာဒဿနများက ဖော်ပြပေးနေသည်မှာ  အမှန်ပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်းကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်မှာ “ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး နှင့်အနည်းဆုံး ကျောင်းသား၊ ကျောင်းသူတိုင်း KG+9 ပြီးမြောက်ရေးဖြစ်သည့်အတွက်   ကျောင်းအပ်နှံရာတွင်   ငွေကုန်ကြေးကျမရှိစေရန်၊   ပညာရည်မြင့်မားစေရန် ဆောင်ရွက်ပေးထားသည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း  ကျောင်းအပ်နှံနိုင်ကြစေရန် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ Grade-9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများလည်း ဖွင့်လှစ်ပေးပြီး နိုင်ငံ့သားကောင်းရတနာလေးများအတွက် အခွင့်အလမ်းများစွာကို  နိုင်ငံတော်မှ  ဖန်တီးပေးထားခြင်းဖြစ်သည်။

နိုင်ငံအတွင်းဆင်းရဲမှုလျှော့ချပြီး  လူမှုစီးပွားဘဝများ တိုးတက်လာစေရန် ပြည်သူများ၏ ပညာရည်မြင့်မားရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် မြို့ပေါ်နေပြည်သူများသာမက ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေသများတွင်ရှိသည့် ပြည်သူလူထုများပါမကျန်  ပညာတတ်မြောက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့်ကျောင်းနေအရွယ်ကလေးများအားလုံး စာသင်ကျောင်းသို့ရောက်ရှိ  အပ်နှံလာစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုမဆုံးရှုံးစေရေး၊   အချိန်မတိုင်မီကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းအပ်နှံမှုနှုန်းမြင့်မားလာစေရေးတို့အတွက် မိဘ၊ ဆရာ၊ ရပ်ရွာလူထု၊ ဌာနဆိုင်ရာများသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

သိမ့်(ပညာရေး)

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီလွှာ၏  အာဟာရဓာတ်အခြေအနေကိုသိရှိထားရန် လိုအပ်သည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက် ဖြစ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ သစ်ဆွေးဓာတ်နည်းပါးရခြင်းသည် သဘာဝမြေဩဇာများဖြစ်ကြသော တိရစ္ဆာန်အညစ်အကြေးများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ မြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များအား  ပြန်လည်ထည့်သွင်းမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများအား လိုအပ်သောပမာဏကို အချိန်ကိုက်အချိုးကျထည့်သွင်းရမည်။ ထိုသို့မထည့်သွင်းဘဲ စိုက်ပျိုးမှုများလာပါက သီးနှံပင်များမှ မြေဆီလွှာအတွင်းရှိ နဂိုရှိရင်းစွဲ အာဟာရဓာတ်များအား  နုတ်ယူသုံးစွဲသွားသဖြင့် မြေတွင် အာဟာရဓာတ်ကုန်ခန်းလာသည်။ အကျိုးဆက်အနေဖြင့် သီးနှံပင်များ၏ အထွက်နှုန်းများကျဆင်းလာသည်။ သို့ဖြစ်ပါ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် မြေဆီလွှာအာဟာရဓာတ် တိုးတက်ကောင်းမွန်စေနိုင်သည့် အောက်ပါနည်းလမ်းများကို အသုံးချပေးသင့်ပါသည်။

သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း

ယခုအခါ ဓာတ်မြေဩဇာရှားပါးပြီး အဆမတန်ဈေးကြီးလာသော အခြေအနေတွင် စိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို တောင်သူများလက်တွေ့အသုံးချစိုက်ပျိုးသင့်သည်။

ကောက်ရိုးအား ပြန်လည်အသုံးချခြင်း

စပါးသီးနှံရိတ်သိမ်းပြီးနောက် ကောက်ရိုး ရိုးပြတ်များကို ထယ်ထိုး မြေမြှုပ်ပေးခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှုတိုးလာကာ မြေဆီလွှာ အာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့် ရေတိုက်စားမှုအား လျော့ကျစေခြင်း၊ အာဟာရဓာတ်များ ရေစီးကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့အား လျော့ကျသွားစေသော အကျိုးသက်ရောက်မှုရှိသည်။ ထို့ပြင် ကောက်ရိုးများကို သီးနှံများစိုက်ပျိုးရာ၌ မြေဖုံးပစ္စည်းအဖြစ် အသုံးချခြင်းဖြင့် ရေငွေ့ပြန်မှုကိုလျှော့ချနိုင်ခြင်း၊ မြေဆီလွှာအစိုဓာတ်ကိုထိန်းသိမ်းခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှုကို ဟန့်တားနိုင်ခြင်း၊ ရေရှည်တွင် မြေဆီလွှာအာဟာရဓာတ်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုကို တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်၍ ရေရှည်တည်တံ့ခိုင်မြဲသော  စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်စေနိုင်မည်ဖြစ်သည်။

သီးထပ်၊ သီးညှပ်သီးနှံပုံစံတွင် ပဲမျိုးစုံထည့်သွင်းစိုက်ပျိုးခြင်းမြေတစ်နေရာတည်း၌ နှစ်စဉ်သီးနှံတစ်မျိုးတည်း  ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များ လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် သီးနှံပုံစံ (သီးထပ်၊ သီးညှပ်) များတွင် ပဲမျိုးစုံသီးနှံအား ထည့်သွင်းစိုက်ပျိုးပေးသင့်သည်။ သုတေသနတွေ့ရှိချက်အရ စပါး-ပဲ-စပါး သီးနှံပုံစံတွင်  မိုးစပါးအပြီး မိုးနှောင်းတွင်စိုက်ပျိုးခဲ့သော ပဲသီးနှံ၏အရိုးအမှော်များ မြေဆီလွှာတွင် ပြန်လည်ထည့်သွင်းထယ်ထိုးမြေမြှုပ်ပေးခြင်းသည် နွေစပါးအတွက် အထောက်အကူဖြစ်စေပြီး မိုးနှောင်းမြေလှပ်ထားခြင်းထက် စပါးအထွက် ၅-၁၀ရာခိုင်နှုန်းပိုသည်ကို တွေ့ရှိခဲ့ရသည်။

ပြောင်းရိုးအား ဘိုင်အိုချာပြုလုပ်သုံးစွဲခြင်းဘိုင်အိုချာသည် သဘာဝစွန့်ပစ်ပစ္စည်းများနှင့် သီးနှံအကြွင်းအကျန်များကို အပူပေးလောင်ကျွမ်းစေခြင်းမှရရှိလာသော ကာဗွန်ကြွယ်ဝသည့် ကွန်ပေါင်းတစ်ခုဖြစ်ပြီး မြေဆီအာဟာရဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေသည်။  ပြောင်းရိုးဘိုင်အိုချာကို  အသုံးပြုခြင်းဖြင့် အာဟာရဓာတ်ဆုံးရှုံးမှုတို့ကို လျော့နည်းစေနိုင်ပြီး သီးနှံစိုက်ပျိုးရာတွင် မြေခံအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။ ဘိုင်အိုချာကို သင့်လျော်သော ဓာတ်မြေဩဇာများနှင့်ရောစပ်အသုံးပြုခြင်းဖြင့် သီးနှံကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်သည်။

စပါးခွံဖွဲပြာ ထည့်သွင်းအသုံးပြုခြင်း

အချဉ်ဘက်ယိုင်သောမြေများတွင်  စပါးခွံများကို လောင်ကျွမ်းသွားအောင် မီးရှို့ခြင်းမပြုဘဲ မည်းသွားရုံသာ မီးလောင်စေ၍ ထိုစပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း ထည့်ပေးခြင်းဖြင့် သုတေသနတွေ့ရှိချက်အရ စပါးအထွက်  ၅ ရာခိုင်နှုန်းပိုစေသည်။ ထို့ပြင် စပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း သုံးရာသီဆက်တိုက်ထည့်သွင်းသုံးစွဲပါက မြေ၏ ချဉ်ငန်ဓာတ်မှာ ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ ထိ တိုးလာခြင်းနှင့် မြေသားဖွဲ့စည်းမှုကောင်းပြီး အပင်စားသုံးနိုင်သော ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ်များလည်း တိုးတက်စေသည်။

မြေဆွေးပုံပြုလုပ်သုံးစွဲခြင်း

မြေဆွေးပုံပြုလုပ်သုံးစွဲပေးခြင်းဖြင့် ဓာတ်မြေဩဇာလိုအပ်မှုအား လျှော့ချနိုင်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များအား ဖြည့်တင်းပေးနိုင်ပြီး မြေအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ခြင်း၊ သစ်ဆွေးဓာတ်များကို အမြန်ဆွေးမြည့်စေရန် လုပ်ဆောင်ပေးသည့် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ ပွားများလာမှုကို အားပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုလည်း ထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည်။

နှမ်းရိုးများအား စပါးစိုက်ခင်းအတွင်းသို့ ပြန်လည်ထည့်သွင်းခြင်းနှမ်းရိုးများသည် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသည်။ စပါးစိုက်ခင်းများအတွင်းတွင် နှမ်းရိုးများကို ရေထဲသို့ နင်းမြှုပ်ပေးခြင်းဖြင့် နှမ်းရိုးထဲရှိ ပိုတက်စီယမ်ဓာတ်များသည် အပင်စားသုံးနိုင်သည့်ပုံစံဖြင့် ထွက်ရှိလာနိုင်ပြီး စပါးပင်များမှ တိုက်ရိုက်စုပ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် စပါးယိုင်လဲမှု လျော့နည်းစေခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိလာခြင်း၊ အမြစ်ဖွဲ့စည်းပုံအားကောင်းလာခြင်း၊  အစေ့အဆန်များ  ပြည့်ဖြိုးအောင်မြင်လာခြင်းတို့ကြောင့်  အထွက်နှုန်းတိုးတက်လာ၍ အရည်အသွေးကောင်းမွန်ခြင်းစသော အကျိုးကျေးဇူးများရရှိစေသည်။

ပဲမြစ်ဖုဇီဝမြေဩဇာများနှင့် ထရိုင်ခိုဒါးမားမှိုအား သုံးစွဲပေးခြင်း

မြေမှ နိုက်ထရိုဂျင်ဓာတ်လျော့ပါးမှုကိုကာကွယ်ရန်နှင့် ပဲပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန် ပဲမြစ်ဖုဇီဝမြေဩဇာများကို ထည့်သွင်းသုံးစွဲပေးနိုင်သည်။ ပဲမျိုးစုံသီးနှံတွင် ပဲမြစ်ဖုဇီဝမြေဩဇာအသုံးပြုခြင်းဖြင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပေးခြင်း၊ အပင်များကြီးထွားမှုကို အားပေးခြင်း၊ မြေဆီလွှာအာဟာရဓာတ်ကို ထိန်းပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အပင်ကြီးထွားမှုကိုအားပေးသော ပဋိဇီဝပစ္စည်းများ (Antibiotics) ထုတ်နိုင်ပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝသက်ရှိမှိုတစ်မျိုးဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို သီးနှံစိုက်ခင်းများနှင့် မြေဆွေးပြုလုပ်ရာတွင် အသုံးပြုသင့်သည်။ ထရိုင်ခိုဒါးမားမှို အသုံးပြုခြင်းဖြင့် အပင်ဟော်မုန်းများ ထုတ်ပေးခြင်း ဖြင့် ကြီးထွားမှုကို အားပေးခြင်း၊ အပင်များအတွက် အာဟာရဓာတ်များ စုပ်ယူအသုံးပြုမှုကို တိုးမြင့်စေခြင်း၊ နှမ်းရိုးမည်းရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါနှင့် ပင်ရင်းပုပ်ရောဂါတို့ကို ကာကွယ်ပေးနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိစေသည်။

စိုက်ပျိုးမြေအများစုသည် သစ်ဆွေးဓာတ်နည်းပါးသည့်အတွက် မြေတွင်းသစ်ဆွေးဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှသာ မြေဆီလွှာ၏ သီးနှံထုတ်လုပ်နိုင်စွမ်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဓာတ်မြေဩဇာကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ လယ်ယာထွက် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ၊ ထရိုင်ခိုဒါးမားမှိုနှင့် မြေဆွေးပြုလုပ်နည်းများ ပညာပေးခြင်း၊ သဘာဝမြေဩဇာများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးခြင်း၊ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများနှင့် ဓာတ်မြေဩဇာကို အကျိုးရှိစွာသုံးစွဲမှု နည်းပညာပေးခြင်းများဖြင့် မြေဆီလွှာကို ထိန်းသိမ်းနိုင်သည်။ မြေဆီလွှာကျန်းမာမှ မျှော်မှန်းအထွက်နှုန်းကိုရရှိစေမည်ဖြစ်၍   မြေဆီလွှာမယိုယွင်း မပျက်စီးအောင် ကာကွယ်ရန်အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

ဒေါက်တာနီနီတင့်(စိုက်သု)

လူတစ်ဦးရဲ့ ဘဝတန်ဖိုးကို ပညာနဲ့သာတိုင်းတာတဲ့အတွက် လူတိုင်းပညာတတ်ဖြစ်အောင် ကြိုးစားကြရတယ်။ ပညာကတည်ငြိမ်တဲ့လမ်းကို ခင်းပေးနိုင်လို့ဖြစ်ပါတယ်။ ဒီလမ်းကသွားမလား၊ ဟိုလမ်းကသွားမလား လမ်းကြောင်းမှန်အောင် ပြပေးနိုင်တယ်။ အမှောင်ထုကြား အလင်းဓာတ်ပေး၊ အန္တရာယ်မရှိအောင် ကာကွယ်ပေးတယ်။ ကောင်းခြင်းနဲ့ မကောင်းခြင်းအကြား၊ အမှန်နဲ့အမှားကြားကောင်းတာ၊ မှန်တာကိုသာ ရွေးချယ်ခွင့်ပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကိုင်တတ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင်လည်း အခွင့်အရေးပေးတယ်။ ဒါကြောင့်ပဲ ပညာအခြေခံမယ့်လမ်းမှန်မှာ လမ်းမပျောက်အောင် လျှောက်လှမ်းမယ့်သူတွေအတွက် ဘဝရှင်သန်ရပ်တည်မှုအာမခံချက်က ပညာပဲဆိုတာကို အသိအမှတ်ပြုနိုင်စွမ်းရှိရန်က အဓိကလိုအပ်ချက်ဖြစ်သွားပါပြီ။

သညာသိနှင့် ပညာသိ

ဒီနေရာမှာ သညာသိနဲ့ပညာသိကိုတော့ ကွဲပြားစေချင်တယ်။ သညာသိနဲ့ ပညာသိမှာ မှတ်သိ၊ ဖတ်သိ၊ ဘွဲ့ရအသိနဲ့ သညာသိအမှတ်လောက်နဲ့ မိမိကိုယ်မိမိ မရောင့်ရဲ၊ မတင်းတိမ်စေချင်ပါ။ သညာသိလောက်နဲ့ ရပ်နေတဲ့အတွက် ပညာမပြည့်ဝခြင်းရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို ယနေ့ကျွန်တော်တို့ ခံစားနေကြရတယ်။ ဒါကြောင့် ပညာသိအထိ လှမ်းစေချင်တယ်။ ဘာတွေကွာခြားသွားလို့ပါလဲ၊ ဗုဒ္ဓတရားတော်အရဆို သညာသိနဲ့ ပညာသိကြားမှာ ဝိညာဏ်သိဆိုပြီးတောင် နာယူခဲ့ဖူးပါတယ်။

ဒီနေရာမှာတော့ ရတနာကို ရတနာထိုက်မှန်းမသိ၊ အတုအစစ်မှန်းမသိတဲ့ သညာသိနဲ့ အတုအစစ်ခွဲခြားတတ်ပြီး ရတနာကို ရတနာမှန်းသိတဲ့ ပညာသိဆိုတဲ့ အသိနှစ်မျိုးကို အရိပ်မျှ ခွဲခြားနိုင်ရင်ရပါပြီ။ ဆင်ခြင်စဉ်းစား သုံးသပ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ အကြောင်းအကျိုးဆက်စပ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိပြီး အဆုံးအဖြတ်ပေးနိုင်စွမ်းအထိကို ပညာသိကလမ်းပြပေးပါတယ်။ သညာသိမှာက လက်တွေ့မပါတဲ့ သီအိုရီအသိနဲ့တင် ပြီးပြည့်စုံနေတယ်။ စာမေးပွဲရလဒ်နဲ့တင် ကျေနပ်နေတာမျိုးဖြစ်လိမ့်မယ်။ ဒါကြောင့် ပညာသိဖြစ်အောင် ကြိုးစားကြပါဆိုပြီး တိုက်တွန်းနေကြခြင်း ဖြစ်ပါတယ်။

စာထဲမှ အမှန်တရားဆိုတာ

သညာသိနဲ့မတူတဲ့ ပညာသိဆိုတဲ့အရည်အချင်းကို တန်းတက်ဘွဲ့ရရုံနဲ့မပြီးဘဲ မိမိပညာကိုတိုးတက်ပွားများနေအောင် ဆက်လက်ဆည်းပူးလေ့လာဖတ်မှတ်အသုံးချခြင်းကနေ ရယူရပါမယ်။ မိမိရထားတဲ့ဘွဲ့ကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်အောင်ကြိုးစားကြည့်ပါ။ စာသိနဲ့လက်တွေ့ကို ပေါင်းစပ်အသုံးချနိုင်ခြင်းက အတွေ့အကြုံကောင်းကို ပေးပါတယ်။ ဒီအတွက်လည်း မဖြစ်မနေစာများများဖတ်ရမှာဖြစ်ပြီး အစောပိုင်းငယ်ငယ်ရွယ်ရွယ်ဘဝမှာကတည်းက ရသမျှအရင်းအမြစ် စာပေမျိုးစုံကနေ ဖတ်နိုင်သမျှဖတ်မှတ်နိုင်သမျှ မှတ်သင့်ပါတယ်။

နောက်တော့ ဘယ်လိုစာပေမျိုးက ကောင်းသလဲ၊ မှန်သလဲ စူးစမ်းလေ့လာလိုစိတ်နဲ့ ဖတ်တတ်၊ မှတ်တတ်အောင်ကြိုးစားရမယ်၊ ဘယ်သူရေးတဲ့စာက ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကိုဘယ်လိုအကျိုးပြုနေသလဲ၊ လေ့လာနိုင်သမျှလေ့လာပြီး တန်ဖိုးသိလာရင် သုတအရာမှာ စွယ်စုံဖြစ်လာပါလိမ့်မယ်။ မိမိဖတ်မှတ်ပြီးသား စာပေကနေအဆီအနှစ်ကို ကောက်နုတ်ပြီး လက်တွေ့အခြေအနေနဲ့ ကိုက်ညီဆီလျော်မှု ရှိ၊ မရှိ တိုင်းတာတွက်ချက်နိုင်လေ လက်တွေ့နယ်ပယ်မှာ မိမိပညာကို ပိုပိုအသုံးချနိုင်လေပါပဲ။ စာထဲမှ အမှန်တရားကို ရှာဖွေနိုင်ခြင်းဆိုတာ ဒီအချက်ကို ဆိုလိုတာဖြစ်ပါတယ်။

ပညာရှိနှင့် ပညာရှင်ဆိုတာ

ဒီလိုနဲ့ ဖတ်ရင်း၊ မှတ်​ရင်း၊ လေ့လာရင်းကနေဘာပြဿနာဖြစ်ဖြစ် ခွဲခြမ်းစိတ်ဖြာတတ်လာမယ်၊ အစွန်းနှစ်ပါးရှောင်တတ်လာမယ်၊ မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်တတ်၊ မြင်တတ်လာပြီး အနာဂတ်ကို ခန့်မှန်းတတ်လာမယ်၊ အခြေအနေအရပ်ရပ်အပေါ် သုံးသပ်တတ်လာတယ်။ သုံးသပ်ချက်နဲ့အညီ တွေ့ရှိချက်ကို လက်တွေ့အခြေအနေနဲ့ ချိန်ထိုးလာနိုင်တဲ့အခါ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး မြင်လာမယ်။ အမှန်မြင်ရင် အမှားလုပ်ဖို့ ဝန်လေးလာခြင်းဟာ ဆင်ခြင်တုံတရားပါပဲ။ အမှားနည်းအောင်နဲ့ အမှန်များလာဖို့အတွက် သူသိထားသမျှ သူတတ်ထားသမျှ လူ့အဖွဲ့အစည်းထဲမျှဝေလို စိတ်ဟာ အလိုလိုဖြစ်လာသလိုပါ။

အဆိုးနည်းပြီးအကောင်းများတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်သူ၊ စံနမူနာယူထိုက်သူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာရှိပါတယ်။ သူတို့ဟာ သူတို့ ကျင်လည်နေတဲ့ လူ့အဖွဲ့အစည်းကို ကျန်းကျန်းမာမာရှိစေချင်တယ်၊ သန့်သန့်ရှင်းရှင်းရှိစေချင်ကြတဲ့အတွက် တာဝန်ရှိ စိတ်နဲ့ တာဝန်ယူပေးဖို့ဝန်မလေး၊ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ တာဝန်ယူဖို့ အသင့်ရှိနေကြပါတယ်။ တစ်နည်းအားဖြင့် မိမိပညာကို သိနေရုံနဲ့ မပြီးရှိနေအောင်၊ ရှိနေရုံနဲ့မပြီး လက်တွေ့မှာ အသုံးချနိုင်အောင်နဲ့ ထာဝရရှင်သန်နေတဲ့ပညာဖြစ်အောင် လုပ်နိုင်စွမ်းသူကိုသာ ပညာရှိတစ်ဦး၊ ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ကြပါတယ်။

ဒါကိုပဲ ပညာသိ သိတဲ့ ပညာရှိ၊ ပညာရှင်အဖြစ် မှတ်ယူကြရအောင်ပါ။ ပညာမြင့်မှ ပွဲလယ်တင့်မယ်၊ ပညာမြှင့်မှ လူမျိုးမြင့်မယ်ဆိုတာ ဒီအချက်ကို ဆိုလိုတာပါ။ ဒီအဆင့်၊ ဒီလယ်ဗယ်အထိ သွားနိုင်မှသာ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးက တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်လို့ ယုံကြည်မိပါတယ်။

ဒါမှလည်း ပညာရဲ့အဓိပ္ပာယ်က ပြည့်ဝနေမှာ ဖြစ်သလို ပညာရဲ့တန်ဖိုးက မြင့်မားနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်ဆရာ ဆရာမကြီးတွေ၊ နိုင်ငံအကြီးအကဲတွေ၊ မိဘတွေက သူ့အတိုင်းအတာနဲ့သူ မိမိတို့ရင်သွေးတွေကို ပညာတတ်အောင်သင်ပြီး ပညာတတ်တွေဖြစ်ဖို့၊ ပညာရှင်တွေဖြစ်ဖို့ အဆင့်လိုက် ကျရာကဏ္ဍကနေ တတ်နိုင်သမျှအခွင့်အလမ်းတွေ ပေးနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေက မိမိတို့ရင်သွေးတွေကို ကျောင်းအပ်ကျောင်းထားကြဖို့၊ လူငယ်တွေအနေနဲ့လည်း ကျောင်းဆက်တက်ကြဖို့ ကျောင်းမထွက်ကြဖို့ ယခုလို စဉ်ဆက်မပြတ် ပညာပေးနှိုးဆော်တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

လူမှုစီးပွားမဖွံ့ဖြိုးမှု၊ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေဟာ ပညာရေးအားနည်းမှုနဲ့ ဆက်စပ်နေတဲ့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းကနေ လိုအပ်နေသေးတဲ့ ဖွံ့ဖြိုးမှုကွက်လပ်များစွာကို ဖြည့်ဆည်းသွားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ သဘာဝဘေး၊ ရောဂါဘေး၊ လူကြောင့်ဖြစ်ရတဲ့ လူလုပ်ဘေးဒဏ်တွေကြောင့်ဖြစ်ရတဲ့ အခက်အခဲတွေ၊ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေအနည်းနဲ့အများ ဆီးကြိုနေလင့်ကစား ပညာသင်ယူလိုစိတ်ဖြစ်နေအောင် မပြတ်နှိုးဆော်တိုက်တွန်းနေရမှာဖြစ်ပါတယ်။

လူတော်လူကောင်းဖြစ်ဖို့ရန်

ဒီနေရာမှာ ယုံကြည်ချက်၊ ခံယူချက်နဲ့ ဝီရိယစိုက်ထုတ်စွမ်းအားတွေက အရေးကြီးသွားပါပြီ။ ငါတို့စာတတ်မှရမယ်၊ ပညာတတ်မှ လူရာဝင်မယ်၊ ပညာရှိမှ အများအကျိုး ထမ်းနိုင်မယ်၊ ပညာရှင်ဖြစ်မှ မိမိတည်ဆောက်လိုတဲ့လူ့အဖွဲ့အစည်း၊ မိမိပုံဖော်လိုတဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်မယ်၊၊ အနည်းဆုံးတော့ မိမိမိသားစုအတွက် အကျိုးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး၊ ဒီလိုယုံကြည်ချက်ကောင်းရှိခဲ့ရင် မိမိသွားချင်တဲ့ပန်းတိုင် မိမိရောက်ချင်တဲ့အိပ်မက် မရရအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်မျိုးဖြစ်လာဖို့က မခက်ခဲတော့ပါဘူး။

ပညာနဲ့ပတ်သက်တဲ့ ယုံကြည်ချက်၊ ခံယူချက်သာ ခိုင်မာလာခဲ့ရင် လိုအပ်တဲ့ဝီရိယ ကြိုးစားအားစိုက်ထုတ်မှုဆိုတာလည်း အလိုလိုဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ပညာကို အားပေးတယ်ဆိုတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရမယ်။ မိဘဆရာတွေဟာ ကိုယ့်သားသမီးကို တော်နေရုံနဲ့ မပြီး၊ ကောင်းအောင်လည်း လမ်းပြပေးနိုင်တဲ့အထိ တာဝန်ကျေသင့်ပါတယ်။ လူတော်တစ်ယောက်အပြင် လူကောင်းတစ်ယောက်အသွင်ကိုပါ ပုံဖော်ပေးနိုင်မှသာ မိသားစုအတွက်အားကိုးရာဖြစ်ပါမယ်၊ လူ့အဖွဲ့အစည်းအတွက်လည်း တာဝန်ကျေသူ တစ်ယောက်ဖြစ်ပါမယ်။

လူကောင်းဆိုတဲ့လက္ခဏာမှာ ပညာကိုတန်ဖိုးထားခြင်း၊ မင်္ဂလာတရားနဲ့အညီ အသိအလိမ္မာရှိခြင်း၊ အနီးစပ်ဆုံးကိုယ့်မိဘ၊ ကိုယ့်ဆရာသမားကျေးဇူးအထူးသိတတ်ပြီး ရိုသေလေးစားနာခံတတ်ခြင်း၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့စရိုက်တွေကို ဘာသာတရားနဲ့အညီ တန်ဖိုးထားမြှင့်တင်ပေးနိုင်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုပြီး တည်ငြိမ်အေးချမ်းအောင် လုပ်နိုင်ခြင်းတွေ ပါဝင်နေပါတယ်။

အချုပ်အားဖြင့်တော့ ယနေ့ ကျောင်းသား အရွယ်လူငယ်၊ လူရွယ်အားလုံးခေတ်အခြေအနေအရ ပညာတတ်တွေဖြစ်အောင် စာကိုသာ ကြိုးစားသင်စေချင်ပါတယ်။ ဆရာ ဆရာမတွေဘက်ကလည်း စေတနာသဒ္ဓါအပြည့်နဲ့ စာတတ်အောင်ကြိုးစားသင်ပေးကြမှာပါပဲ။ လက်ရှိအရှိတရား တွေအရတော့ လူကောင်းလေးတွေဖြစ်လာအောင် လမ်းပြသွန်သင်ပေးဖို့က အဓိကဖြစ်နေတယ်။ ဒါကြောင့် မျိုးဆက်အလိုက် စံနမူနာပြလေးစားထိုက်သူများစွာ မွေးထုတ်နိုင်တဲ့အထိ ကြိုးစားကြရပါမယ်။

အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိသော်ငြား ကျောင်းဖွင့်ရာသီမှာ မိဘတိုင်းက မိမိကလေးတွေကို ကျောင်းအပ်ချင်မယ်ဆိုတာ ယုံပါတယ်။ အရေးကြီးတာက ရခဲတဲ့လူ့ဘဝသက်တမ်းအတွင်း အချိန်ကုန်၊ ငွေကုန်အသက်သာဆုံးနဲ့ ဘွဲ့ရပညာတတ်ဘဝကို မြန်မြန်ရောက်ဖို့၊ ပန်းတိုင်ကိုမျက်ခြည်မပြတ်စေဖို့ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိပါတယ်။ သို့မှသာ ပညာအခြေခံတဲ့ အသိအတတ်ပညာရှင်တွေနဲ့ မြန်မာတို့ရဲ့ လှပတဲ့အနာဂတ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။ ။

ကိုးကား- MOI

မိုးကေနိုင်

လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။

ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။

ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။

နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။

ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။

ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။

ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။

စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

ကိုးကား- MOI

လင်းလင်း

မိုးရာသီတွင် အအေးမိ၊ နှာစေး၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါ စသည့် ကူးစက်ရောဂါများဖြစ်ပွား လေ့ရှိသည်။ ထို့ပြင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်နှင့် အူများရောင်ရမ်းခြင်းတို့လည်းဖြစ်တတ်သည်။

ရှေးလူကြီးများက  မိုးရာသီဓာတ်စာအဖြစ် ပျားရည်၊  ထန်းလျက်၊ သံပရာရည် ဤသုံးမျိုးကို တစ်ကျပ်သားစီ ဆတူရော၍ သုံးရက်တိတိတစ်နေ့လျှင် ဆေးတစ်ဖုံကုန်အောင်စားလေ့ရှိကြသည်။ ယင်းဓာတ်စာသည်မိုးရာသီတစ်ခုလုံး   မည်သည့်ရောဂါမျှ     မဖြစ်နိုင်ဟုဆိုသည်။

ထို့ကြောင့် သင့်မိသားစုကျန်းမာရေးအတွက် မိုးရာသီတွင် ဆောင်ရန်၊ ရှောင်ရန်အစားအစာများကို အောက်ပါအတိုင်း အကြံပြုလိုက်ရပါသည်။

-ဆီဖြင့်ကြွပ်ကြွပ်ကြော်ထားသော   အစားအစာများက    အစာကြေညက်စေရန်ခက်ခဲပြီး  အစာခြေစနစ်ကိုပါ ပြဿနာဖြစ်စေနိုင် သည်။ ထို့ကြောင့်  မိုးရာသီတွင်  ဆီပါ၀င်မှုနည်းသောအစားအစာမျိုးကိုသာ ရွေးချယ်စားသင့်သည်။

-ကြက်ဟင်းခါးသီး၊   ကင်းပုံသီး(အခါး)၊ ခွေးတောက်ရွက်ကဲ့သို့ ခါးသောဟင်းသီးဟင်းရွက်များသည်   ပြင်ပရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

-မည်သည့်အစားအစာမဆိုလတ်လတ်ဆတ်ဆတ်စားသုံးသင့်သည်။

-အငန်ဓာတ်သည် ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကိုချုပ်တည်းစေနိုင်သောကြောင့် ဆား(အငန်) လျှော့စားသင့်သည်။

- ကွေကာအုပ်သည်  မိုးရာသီအတွက် ဆေးဖက်၀င်သော ဓာတ်စာတစ်မျိုးဖြစ်သည်။

-မိုးရာသီအတွက်    အသင့်လျော်ဆုံးဆီအမျိုးအစားမှာ   သံလွင်ဆီဖြစ်သည်။ သံလွင်ဆီသည် စေးပျစ်ခဲခြင်းမရှိဘဲ အစာကြေညက်လွယ်သည်။

- မိုးအေးလွန်းသည့်နေ့များတွင် ညစာစားပါက ပျော့သော၊ ကြေညက်လွယ်သောဟင်းလျာမျိုးကိုသာ   စီမံချက်ပြုတ်၍   ပူပူနွေးနွေး စားသင့်သည်။

- ကြက်သွန်ဖြူ၊  ချင်း၊  ငရုတ်ကောင်း၊ ဇီရာ၊ နံနံပင်၊ နံနံစေ့၊ နနွင်း စသည့် ဟင်းခတ်အမွှေးအကြိုင်များက မိုးရာသီအတွက်သက်စောင့် ဆေးဖြစ်သည်။

- မိုးရာသီတွင် အစာစားပြီးနောက် ၀မ်းဗိုက်အတွင်း မအီမသာခံစား ရပါက အုန်းရည်သောက်နိုင်သည်။

- အအေးမိ၊ တုပ်ကွေး၊ နှာစေးခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဗီတာမင် C ဓာတ်ကြွယ်၀သော ဂေါ်ဖီကို စွပ်ပြုတ်လုပ်၍ မကြာခဏ စားပေးပါ။ (ဗီတာမင် C  ဆေးပြားကို ဖြည့်စွက်စာအဖြစ်  မှီဝဲနိုင် သည်။)

-မိုးရာသီတွင်ဖြစ်တတ်သော  ရာသီတုပ်ကွေးဖျားနာများသည် ကိုယ်အပူချိန်မြင့်တက်လွန်းခြင်း၊ ၀မ်းပျက်၀မ်းလျှော၍ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းများဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရေများများသောက်သင့်သည်။

-အအေးမိသူများတွင် နှာခေါင်းနှင့်လည်ချောင်းရှင်းစေရန် လက်ဖက် ရည်ကြမ်း(ရေနွေး)ကိုသာ သောက်သုံးသင့်သည်။

-အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းတို့အတွက် ချင်းအနည်းငယ်ကိုထောင်းပြီး  တစ်မိနစ်ခန့်ဆူအောင်ပြုတ်၍  တစ်နေ့နှစ်ခွက် သောက်နိုင်သည်။

- ကိုယ်ခံစွမ်းအားကောင်းမွန်၍  အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးစသည့်ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကြက်သားသို့မဟုတ် ကြက်ရိုးကိုကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် စွပ်ပြုတ်ပူပူသောက်သင့်သည်။

-အအေးမိ၍လည်ချောင်းနာ၊ အသံ၀င်ခြင်းတို့အတွက် နွားနို့ပန်းကန်လုံးထဲသို့ ပျားရည်နှင့် နနွင်းမှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်၀က် ခန့်စီရော၍ တစ်နေ့နှစ်ကြိမ်သောက်ပါက သက်သာ စေနိုင်သည်။

-၀မ်းပျက်၀မ်းလျှောပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန်   ဓာတ်ဆားရည်တစ်ခုခုသောက်ပါ။  ဓာတ်ဆားရည်အလွယ် တကူမရနိုင်ပါက ရေကျက်အေးလေးခွက်တွင် သကြားလက်ဖက် ရည်ဇွန်းရှစ်ဇွန်း၊   ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး သောက်နိုင်သည်။

-မိုးမိ၍ ချမ်းစိမ့်စိမ့်ဖြစ်လာပါက ချင်းပါးပါး ခုနစ်လွှာနှင့် ထန်းလျက် အညိုသုံးခဲတို့ကိုရေသုံးခွက်တစ်ခွက်တင်ကျို၍ နံနက်၊ညတစ်ခွက်စီသောက်ပါက အချမ်းသက်သာစေနိုင်သည်။

-ဒိန်ချဉ်တစ်ဖန်ခွက်ထဲသို့  ကြံသကာကိုထောင်းထု၍  ဖျော်ထည့်ပါ၊ ယင်းဖျော်ရည်ထဲကို  ငရုတ်ကောင်းမှုန့်နှင့်  ဆားအနည်းငယ်ထည့်၍  နံနက်တိုင်း အိပ်ရာထချိန်တွင်သောက်ပေးပါ။  ဤဆေးဖျော်ရည်က  မိုးရာသီတွင်သာမက  ဆောင်းရာသီတွင်ပါ  ဖြစ်လေ့ရှိသော နှာစေးခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။

မိုးရာသီအတွက် ရှောင်ရန်အစားအစာများ

လမ်းဘေးအစားအစာများနှင့် ယင်နားစာများက ၀မ်းပျက်၀မ်းလျှော ရောဂါများဖြစ်စေနိုင်သည့်အပြင် အစာအဆိပ်သင့်ခြင်းကိုပါ ဖြစ်စေနိုင်၍ ယင်းအစားအစာများကို ရှောင်ကြဉ်သင့်သည်။

-၀မ်းပျက်၀မ်းလျှောခြင်းမှကြိုတင်ကာကွယ်သည့်အနေဖြင့်အမှည့်လွန်သစ်သီးများကိုရှောင်ကြဉ်သင့်သည်။

- ယင်မနားစေရန်  အမှိုက်များကို  အမှိုက်ပုံးထဲသို့   စနစ်တကျ စွန့်ပစ်သင့်သည်။

-ဖရဲသီးကဲ့သို့သော အရည်ရွှမ်းသည့်အသီးများသည် မိုးရာသီတွင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်သဖြင့် ရှောင်ကြဉ်သင့်သည်။

-မုန်ညင်းဆီ၊ ပဲဆီ၊ နှမ်းဆီများသည် မိုးရာသီတွင်  ခန္ဓာကိုယ်တွင်းဇီ၀ဖြစ်စဉ်ကို ကမောက်ကမဖြစ်စေနိုင်၍  ယင်းဆီများစားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

- မိုးရာသီတွင် အဆီဓာတ်ပါဝင်မှုများသော နို့နှင့်နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်သင့်သည်။ နို့နှင့်နို့ထွက် ပစ္စည်းများက    အစာခြေစနစ်ကိုခက်ခဲစေကာ အစာခြေလမ်းကြောင်းအတွင်း  ရောဂါပိုးမွှား များ ပေါက်ပွားစေတတ်သည်။

- အေးခဲထားသောအစားအစာများထဲတွင်ဗက်တီးရီးယားများ တိုးပွားလာစေနိုင်သဖြင့် ရေခဲသေတ္တာထဲတွင် ပြန်လည်အေးခဲ၍ မစားသင့်ပေ။ အခန့်မသင့်ပါက အစာအဆိပ်ဖြစ်စေနိုင်သည်။

-မိုးရာသီတွင် မချက်ပြုတ်ဘဲ အစိမ်းစားရသော ဟင်းရွက်စိမ်းအသုပ်များကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်သည်။ စားသုံးမည်ဆိုပါက ရေဖြင့် သေချာစွာဆေးကြောသန့်စင်ပြီးမှ စားသုံးသင့်သည်။

အချုပ်အားဖြင့်ဆိုသော်  မိုးရာသီတွင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသည့် ကူးစက်ရောဂါများ ဖြစ်ပွားလေ့ရှိသဖြင့် မိမိတို့နေအိမ်တွင် ဖျားနာပျောက်ဆေးများ  အရန်သင့်ဆောင်ထားသင့်သည်။ မိုးရေတွင်ပါလာ လေ့ရှိသောသဘာ၀အက်စစ်ပျော့များနှင့်စိုထိုင်းထိုင်းထိတွေ့မှုကလည်းအသား အရေနှင့်ဆံသားများကိုပျက်စီးစေတတ်သည်။ ထို့ကြောင့် မိုးမိလာသောအခါ ရေခပ်နွေးနွေးဖြင့် ရေချိုးပါ။   မှိုပိုးမွှား အန္တရာယ်မှကာကွယ်ပေးနိုင်သည့် ကာဘော်လစ် သို့မဟုတ် ပိုးသေစေ နိုင်သောကိုယ်တိုက်ဆပ်ပြာများ   အသုံးပြုသင့်သည်။အနံ့အသက် ကောင်းပြီး  သန့်ရှင်းခြောက်သွေ့သည့်မျက်နှာသုတ်ပဝါသုံးပါ။ ရေချိုး ပြီးသောအခါတွင်လည်းလိုအပ်ပါကယားနာပျောက်ကိုယ်လိမ်းပေါင်ဒါ သို့မဟုတ် ခရင်မ်လိမ်းပေးပါ။ မိုးရေထဲတွင်ပျော်၀င်နေသော အက်စစ်ပျော့သည်အသားအရေကိုခြောက်သွေ့ယားယံစေသဖြင့် ညအိပ်ရာ၀င်ခါနီး အသားလှဆီ သို့မဟုတ် ရေဓာတ်များသော ညလိမ်း ခရင်မ်ကို လိမ်းသင့်သည်။

မိုးရာသီတွင် လေထုစိုထိုင်းမှုများကြောင့် ၀က်ခြံ ပိုမိုပွားလာစေတတ် သည်။ ထို့ကြောင့် ဗီတာမင် C ကိုအခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားသော မျက်နှာသစ်ဆပ်ပြာကို  ရွေးချယ်သုံးသင့်သည်။  မိုးရေတွင် ပါဝင်သည့် သဘာ၀အက်စစ်ပျော့ဓာတုပစ္စည်းက  ဆံသားများကို   ခြောက်သွေ့ ပျက်စီးစေနိုင်၍    အိမ်ပြန်ရောက်ရောက်ချင်း  ရေစိုနေသောဆံပင်ကို သုံးနေကျ Shampoo  ဖြင့်  ခေါင်းလျှော်ပါ သို့မဟုတ် မျက်နှာသုတ်ပဝါ သန့်သန့်ဖြင့်  ရေများကုန်စင်ခြောက်သွေ့အောင် ပြုလုပ် သင့်ကြောင်း  အကြံပြု ရေးသားလိုက်ရပါသည်။

Source: Myawady Web Portal

Photo - Duwun

ပေါက်ပေါက်