ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိကို သာမန်အားဖြင့် လေယာဉ်စီးမယ်ဆိုရင် အချိန်ကရှစ်နာရီ ကျော်ကြာမြင့်မှာပါ။ အကွာအဝေးကလည်း ကီလို မီတာပေါင်း  ၅၅၅၄  ကီလိုမီတာကျော်ပါတယ်။

တကယ်လို့များ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို လေယာဉ်စီးပြီးသွားရမယ်ဆိုရင်တော့ အချိန်အားဖြင့်တစ်နေကုန်လောက်ယူရမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များက အဲဒီလိုမျိုးကြာမြင့်ချိန်ကိုလျှော့ချနိုင်စေဖို့အတွက် တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်လာတာတွေ့ရပါတယ်။ အဓိကအားဖြင့် မြန်နှုန်းမြင့်လေယာဉ်တွေကို တီထွင်လာကြတာပါ။

ဒီလိုမျိုး   တီထွင်လာကြခြင်းရဲ့အကျိုးရလဒ်တစ်ခုအနေနဲ့ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီလိုမျိုးအရောက်သွားနိုင်ဖို့ဆိုရင် အသံထက်အလွန်မြန်တဲ့နှုန်းနဲ့သွားမှသာရောက်ရှိမှာပါ။

အခုတော့ A-HyM Hypersonic Air Master ဆိုတဲ့လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းထွက်ပေါ်လာပါပြီ။ ဒီလေယာဉ်ကအပေါ်မှာပြောခဲ့သလိုမျိုးပဲ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်စေမှာပါ။ ဒီလိုသွားနိုင်ဖို့အတွက်သူ့ရဲ့အမြန်နှုန်းက အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းနဲ့သွားမှာဖြစ်ပါတယ်။

အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းဆိုတာကို ရှင်းလင်းမြင်သာအောင်ပြရရင် တစ်နာရီကိုမိုင်ပေါင်း ၅၆၀၀ ကျော်နှုန်း၊ ကီလိုမီတာအားဖြင့် ၉၀၀၀ ကျော် နှုန်းနဲ့သွားနိုင်တာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့အဆင့်အမြင့်ဆုံးခရီးသည်တင်လေယာဉ်တောင်မှ အမြန်ဆုံးအနေနဲ့ တစ်နာရီကိုမိုင် ၅၆၀ နှုန်းနဲ့သာ ပျံသန်းနိုင်ပါသေးတယ်။ အတိတ်တုန်းက လန်ဒန်က နေ နယူးယောက်ကို ကြာမြင့်ချိန်သုံးနာရီခွဲဝန်းကျင်နဲ့ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာကျော်ကွန်းကော့လေယာဉ်တောင်မှ A-HyM Hypersonic Air Master ရဲ့နောက်မှာပြတ်ကျန်ခဲ့ရမယ့်အနေအထားဖြစ်ပါတယ်။

A-HyM Hypersonic Air Master ဆိုတာ စပိန် နိုင်ငံမှလေကြောင်းအာကာသ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အော်စကာဗီနာရဲ့စိတ်ကူးဖြစ်ပါတယ်။သူ့ရဲ့စိတ်ကူးထဲမှာ ခရီးသည် ၁၇၀ ကိုတင်ဆောင်ပြီး မြေမျက်နှာပြင်အထက် ၉၈၄၂၅ ပေကနေပျံသန်းမယ့် အသံ နှုန်းလွန်ခရီးသည်တင်လေယာဉ်ကို ဖန်တီးဖို့ဖြစ်ပါ တယ်။ ဒီအမြင့်ပေဆိုတာကလည်း သာမန်ခရီးသည် တင်လေယာဉ်တွေ   ပျံသန်းတဲ့အမြင့်ပေထက်ကိုနှစ်ဆကျော်ရှိပါတယ်။

“အခုလိုမျိုးလေယာဉ်ကိုစိတ်ကူးပုံဖော်ဖန်တီးရ တဲ့အကြောင်းရင်းက လေယာဉ်စီးသူတွေအနေနဲ့ သူမတူထူးခြားတဲ့အတွေ့အကြုံကိုခံစားရရှိနိုင်စေဖို့နဲ့ ခရီးသွားရတဲ့ကြာမြင့်ချိန်ကိုလည်း သိသိသာသာ လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ကြောင့် လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်ကနေ လေယာဉ်ပေါ် တက်ပြီးချိန်မှ နယူးယောက်မြို့ရှိ လော့အိန်ဂျလိ လေဆိပ်ကိုဆိုက်ရောက်ပြီးဆင်းပြီးသည့်အချိန်အထိစုစုပေါင်းကြာမြင့်ချိန် တစ်နာရီခွဲပဲရှိမှာဖြစ်ပါတယ်လို့ အော်စကာဗီနာကပြောပါတယ်။

အခုလိုမျိုးအသံထက်အလွန်မြန်တဲ့နှုန်းနဲ့ပျံသန်း မယ်ဆိုတာက အဲဒီလေယာဉ်ကိုအမြန်သွားစေတာ တစ်ခုတည်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။    သူနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရတာဖြစ်ပါတယ်။ အထင်ရှားဆုံးသောနည်း ပညာပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ အပူချိန်မြင့်တက် မှုကိုခံနိုင်ရည်ရှိစေရေးဖြစ်ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ သာလေထဲမှာပျံသန်းမယ်ဆိုရင် လေယာဉ်ကလေထု နဲ့ပွတ်တိုက်မှုကြောင့် အပူချိန် ၁၀၀၀ ဒီဂရီစင်တီ ဂရိတ်အထိကိုရင်ဆိုင်ရမှာပါ။

ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့အတွက် အော်စကာဗီနာက လေယာဉ်ရဲ့ကိုယ်ထည်ကို တိုက်တေနီယံ၊ ကာဗွန်ဖိုက်ဘာတို့နဲ့ပေါင်းစပ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေက အလေးချိန်အား ဖြင့်ပေါ့ပါးတဲ့အပြင် အပူဒဏ်ကိုလည်းအလွန်ခံနိုင် ရည်ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကိုကမ္ဘာ့မြေ မျက်နှာပြင်အမြင့်ပိုင်းတွေမှာ အသုံးပြုဖို့အတွက် အသင့်လျော်ဆုံးသော ကုန်ကြမ်းပစ္စည်းတွေဖြစ်စေ တာပါ။

အခုလောက်ထိမြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင် အသံ ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့ ကြီးမားပြီးကျယ်လောင်တဲ့အသံကို ထွက်ပေါ်စေမှာအမှန်ပါပဲ။ ဒီအခက်အခဲကိုဖြေရှင်း ဖို့အတွက်ကျတော့ Sonic Boom Mitigation စနစ် ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဒီစနစ်ဆိုတာကလေယာဉ်က လေထုကိုဖြိုခွဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံပေါက်ကွဲမှုကို လျှော့ချပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။

တကယ်လို့သာ  ဒီစနစ်အောင်မြင်သွားပါကသူ့ကိုသာမန်အသံနှုန်းလွန်ပျံသန်းမှုတွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် တိုက် လေယာဉ်တစ်စင်းဆိုလျှင် အသံထက်မြန်စနစ်ကို ဖွင့်ပြီးသွားပါက အလွန်ကိုဆူညံတဲ့လေကိုထိုးခွဲသံ ထွက်ပေါ်စေပါတယ်။ ဒီအသံကို အောက်မှာရှိနေတဲ့ ပြည်သူတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ ဒါကြောင့် လည်း အသံထက်မြန်စနစ်အသုံးပြုမယ်ဆိုရင် လူထု ကိုကြိုတင်အသိပေးကြရတာပါ။

A-HyM Hypersonic Air Master အနေနဲ့အခုလိုမျိုးအမြန်နှုန်းနဲ့ပျံသန်းနိုင်ဖို့အတွက်   အဓိကကျတဲ့ အရာက သူ့ရဲ့အင်ဂျင်ဖြစ်ပါတယ်။  ဒီနေရာမှာလည်း သူ့ရဲ့နည်းပညာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေ တာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အင်ဂျင် အတွက်လိုအပ်တဲ့လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမယ်လို့ဆိုထားတဲ့အတွက်ပါ။ အင်ဂျင် စနစ်ကလည်း ပေါင်းစပ်အင်ဂျင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ Turbojet၊ Ramjet နဲ့ Oblique Detonation Engine နည်းပညာတွေကို ပေါင်းစပ်ထားတာကြောင့် စတင် ပျံတက်ချိန်မှသည်   အသံနှုန်းလွန်အမြန်နှုန်းဖြင့်ပျံသန်းချိန်အထိကို  အရှိန်အမျိုးမျိုးတင်နိုင်စေမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သက်သောင့်သက်သာဖြစ် မှုပါ။ လေယာဉ်က အသံထက် ၇ ဆမြန်တဲ့နှုန်းနဲ့ပျံသန်းမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်လိုက်ပါစီးနင်း ကြမယ့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် သမား ရိုးကျလေယာဉ်တွေလိုမျိုး ပြတင်းပေါက်သေးသေး လေးတွေနဲ့မဟုတ်ဘဲ မြင်ကွင်းကျယ်ပုံရိပ်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်မယ့်စနစ်ကို အသုံး ပြုသွားမယ်လို့ အော်စကာဗီနာကဆိုပါတယ်။ ဒီစနစ် ကဖြစ်ပေါ်နေတဲ့အခြေအနေများကိုသာမက ဖျော် ဖြေရေးနဲ့သတင်းအချက်အလက်ပေးရေးလုပ်ငန်းကိုလည်း တာဝန်ယူသွားမှာပါ။

ဒါ့အပြင် လေယာဉ်ရဲ့အတွင်းပိုင်းမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ ကျယ်ဝန်းပြီးသက်သောင့်သက် သာဖြစ်စွာ စီးနင်းရတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေ ဖို့အတွက် လိုအပ်တဲ့အကျယ်အဝန်းကိုထားရှိပေးဦးမှာပါ။ အထူးသဖြင့် အပေါ်မှာပြောခဲ့သလိုမျိုးပဲ မြန် နှုန်းမြင့်အရှိန်နဲ့ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ သက် သောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်စေ ဖို့ဖြစ်ပါတယ်။

A-HyM Hypersonic Air Master အသံနှုန်းလွန် လေယာဉ်က လက်ရှိမှာစိတ်ကူးနဲ့ဒီဇိုင်းဖော်ထားတဲ့ အဆင့်မှာသာရှိနေသေးပေမယ့် ဒီစိတ်ကူးကြောင့်ပဲ အလွန်လျင်မြန်တဲ့ လေကြောင်းခရီးသွားလာမှုနည်း ပညာကို တစ်ဖန်ပြန်လည်ဆန်းသစ်လာစေတာဖြစ် ပါတယ်။ ဒါ့အပြင် အရင်တစ်ချိန်တုန်းက သိပ္ပံစိတ် ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ မြင်တွေ့ခဲ့ရဖူးတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်စနစ်၊ အသံပေါက်ကွဲမှုထိန်းချုပ်ရေးစနစ် အစရှိတဲ့ နည်းပညာတွေဆိုရင်လည်း လက်ရှိမှာလက်တွေ့ဖန်တီးစမ်းသပ်မှုတွေလုပ်ဆောင်လာနိုင်နေပြီဖြစ်တာကြောင့် အသံ ထက် ၇ ဆမြန်တဲ့ခရီးသည်တင်လေယာဉ်ဆိုတာက လည်း သိပ်မဝေးတော့တဲ့အချိန်ကာလမှာ လက်တွေ့ ကမ္ဘာဆီကို ပေါ်ထွက်လာမှာအမှန်ဖြစ်ကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။      ။      

Ref: IE

Source: Myawady Web Portal

ဘာသာပြန်ဆောင်းပါးရှင် - ကိုထက်

တရုတ်သိပ္ပံပညာရှင်တွေက အမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်ဖြစ်တဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ ထိရောက်မှုကို ချိုးနှိမ်နိုင်မယ့် ပစ္စည်းအသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီပစ္စည်းကို အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့ထောက်လှမ်းရေးစနစ်တွေကို ရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးပြုနိုင်ပြီး မြန်နှုန်းမြင့်လေယာဉ်နဲ့ ဒုံးကျည်တွေအတွက် အထူးသင့်လျော်တယ်လို့ဆိုနိုင်ပါတယ်။

ခေတ်သစ်စစ်မြေပြင်စောင့်ကြည့်ထောက်လှမ်းရေးစနစ်တွေမှာအနီအောက်ရောင်ခြည် (infrared) နဲ့ မိုက်ခရိုဝေ့ (microwave) ထောက်လှမ်းမှုတွေကို အဓိကအားထားပါတယ်။ အနီအောက်ရောင်ခြည်စနစ်တွေက အရာဝတ္ထုတွေကထွက်တဲ့အပူရောင်ခြည်ကိုဖမ်းယူကာ မိုက်ခရိုဝေ့စနစ်တွေက ရေဒါသုံးပြီး ပစ်မှတ်တွေကို ရှာဖွေပါတယ်။

ထောက်လှမ်းရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်ပျောက်ခြင်းနဲ့ဆိုင်တဲ့ကုန်ကြမ်းပစ္စည်းတွေလည်း အဆင့်မြင့်လာပါတယ်။ အခုဆိုရင် မြင်နိုင်တဲ့အလင်းရောင်မှသည် မိုက်ခရိုဝေ့အထိပါဝင်တဲ့ ရောင်စဉ်လှိုင်းအမျိုးမျိုးကို ရှောင်ရှားနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေရှိနေပါပြီ။

ဒါပေမဲ့ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတွေက အပူချိန်မြင့်မားတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတတ်ပါတယ်။ ဒီအပူတွေက လေယာဉ်ပျံသန်းရာမှာဖြစ်တဲ့ အပူ ဒါမှမဟုတ် အင်ဂျင်ကနေထွက်တဲ့ အပူကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက အနီအောက်ရောင်ခြည်ဖြင့်ထောက်လှမ်းမှုကို ပိုမိုထင်ရှားစေပါတယ်။

ဒါ့အပြင် အပူချိန်မြင့်လာရင်သမားရိုးကျကိုယ်ပျောက်ပစ္စည်းတွေရဲ့ အရည်အသွေးကျဆင်းပြီး ပျက်စီးတာတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောင်စဉ်လှိုင်းအမျိုးမျိုးကိုရှောင်ရှားနိုင်ပြီး အပူထိန်းချုပ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေလိုအပ်နေပါတယ်။

ကျဲကျန်းတက္ကသိုလ်မှ    ပါမောက္ခလီကျန်း ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိခံနိုင်ရည်ရှိပြီး လှိုင်းတို၊ လှိုင်းလတ်၊ လှိုင်းရှည်အနီအောက်ရောင်ခြည်အမျိုးမျိုးနဲ့ မိုက်ခရိုဝေ့လက်လှမ်းမီတဲ့အကွာအဝေးအတွင်း ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ကုန်ကြမ်းပစ္စည်းအသစ်ကို တီထွင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုကို Nano-Micro Letters ဆိုတဲ့ ဂျာနယ်မှာ မတ်လ ၂၄ ရက်က ဖော်ပြခဲ့တာပါ။

ဒီကုန်ကြမ်းပစ္စည်းရဲ့ ကိုယ်ပျောက်နိုင်စွမ်းကို သက်သေပြဖို့အတွက် ပါမောက္ခလီကျန်းရဲ့အဖွဲ့က လျှပ်စစ်သံလိုက်သတ္တိကြွခြင်းကိုစုပ်ယူနိုင်စွမ်းရှိတဲ့ သမားရိုးကျအရာဝတ္ထု Blackbody နဲ့နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိအပူပေးလိုက်တဲ့အခါ အဲဒီကုန်ကြမ်းပစ္စည်းက Blackbody ထက် အပူချိန် ၄၂၂ ဒီဂရီစင်တီဂရိတ်မှသည် ၂၆၈ ဒီဂရီစင်တီဂရိတ်အထိ နည်းပါးတာကိုတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွခြင်းအပိုင်းမှာတော့ Blackbody ထက် လှိုင်းလတ်မိုက်ခရိုဝေ့မှာ ၆၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ လှိုင်းတိုမိုက်ခရိုဝေ့မှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။

ဒီကုန်ကြမ်းပစ္စည်းမှာ အဓိကဆန်းသစ်မှုက အလွှာလိုက်ပေါင်းစပ်ဖွဲ့စည်းပုံဖြစ်ပါတယ်။ အပေါ်ဆုံးအလွှာက စိုထိုင်းမှုကို ကာကွယ်ပေးပြီး အောက်ခြေအလွှာက မျက်နှာပြင်နဲ့ ကောင်းစွာကပ်နိုင်အောင် ကူညီပေးပါတယ်။ဒါ့အပြင် လေဆာနဲ့တိကျစွာ အပေါက်ဖောက်ထားတဲ့ အလွှာစုံဖလင်ပြားက မိုက်ခရိုဝေ့ဖြတ်သန်းမှုကိုခွင့်ပြုပေးပြီး အနီအောက်ရောင်ခြည်ကိုလည်းရှောင်ရှားနိုင်စွမ်းရှိပါတယ်။

ပါမောက္ခလီကျန်းက “ကျွန်တော်တို့ရဲ့ ကုန်ကြမ်းပစ္စည်းက အပူချိန်မြင့်မားတဲ့အခြေအနေမှာတောင်အနီအောက်ရောင်ခြည်နဲ့    မိုက်ခရိုဝေ့တို့ရဲ့ရန်မှ ရှောင်ရှားတဲ့ကိုယ်ပျောက်စွမ်းရည်ကို တစ်ပြိုင်နက် တည်းထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်”လို့ ဆိုပါတယ်။

ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်နဲ့တရုတ်ရဲ့ လျှို့ဝှက်နည်းပညာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရက အမေရိကန်ရဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ကို လာမယ့်နှစ်အနည်းငယ်အတွင်းတည်ဆောက်မယ်လို့ မေလ ၂၀ ရက်မှာကြေညာခဲ့ပါတယ်။ ဒီစနစ်က ဒုံးကျည်တွေ၊ အသံနှုန်းလွန်လက်နက်တွေ၊ အနိမ့်ပျံဒုံးကျည်တွေရဲ့ရန်ကနေ ကာကွယ်ဖို့ရည်ရွယ်ပြီး အာကာသမှ ခြေရာခံနိုင်တဲ့ စနစ်တွေပါဝင်မယ်လို့ သိရပါတယ်။

L3Harris ဆိုတဲ့ကုမ္ပဏီက အမေရိကန်ရဲ့ အသံနှုန်းလွန်လက်နက်တွေကို အာကာသကနေ ခြေရာခံဖို့ ဂြိုဟ်တုတွေကို လွှတ်တင်ခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီရဲ့ အာကာသနဲ့လေကြောင်းစနစ်များဌာနမှတာဝန်ရှိသူတစ်ဦးက The Washington Times သတင်းစာနဲ့ တွေ့ဆုံစဉ် “ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေက ကမ္ဘာပေါ်က အပူလက္ခဏာတွေကို အာကာသကနေခြေရာခံနိုင်ပါတယ်။ အသံနှုန်းလွန်လက်နက်ရဲ့ အပူချိန်ကို ရှာဖွေပြီး ခြေရာခံနိုင်တယ်”လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်က အနီအောက်ရောင်ခြည်နည်းပညာကို အဓိကသုံးမယ်ဆိုရင် တရုတ်နိုင်ငံကတီထွင်လိုက်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းက ဒုံးကျည်တွေကို ဖမ်းမိနိုင်စေမယ့်အခွင့်အလမ်းကို သိသိသာသာလျှော့ချနိုင်မှာဖြစ်ပါတယ်။

ဒီပစ္စည်းက အပူစွန့်ထုတ်မှုကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်မှာ သာမန်သတ္တုတွေထက် အပူကိုပိုမိုထိထိရောက်ရောက်ဖြန့်ထုတ်နိုင်ပါတယ်။ အသံထက် နှစ်ဆမြန်တဲ့အရှိန်နဲ့ ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းရဲ့ အခြေအနေမှာဆိုရင် ဒီပစ္စည်းက သာမန်ပစ္စည်းတွေထက် အပူချိန် ၇၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ပိုအေးနေစေမှာပါ။

ဒါကြောင့် ပါမောက္ခလီကျန်းက “ဒီပစ္စည်းကို ထုတ်လုပ်တဲ့နည်းပညာက ရိုးရှင်းပြီးစက်မှုလုပ်ငန်းတွေမှာအလွယ်တကူအသုံးချနိုင်ပါတယ်။      ဒီတီထွင်မှုက စစ်ရေးနဲ့ အရပ်ဘက်နည်းပညာတွေအတွက် အလားအလာကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်ရဲ့ ရွှေကွန်ချာစနစ်က အဆင့်မြင့်ဒုံးကျည်တွေကို ထောက်လှမ်းသိရှိပြီး ပစ်မှတ်အဖြစ်မှတ်သားနိုင်စွမ်းရှိမယ်လို့ အမေရိကန်အစိုးရကဆိုထားချိန်မှာ ဒီလိုမျိုးထောက်လှမ်းမှုကိုကျော်လွှားနိုင်မယ့် နည်းပညာမြင့်ပစ္စည်းတစ်မျိုးကို တရုတ်နိုင်ငံကဖော်ထုတ်ပြသလိုက်တာကြောင့်  ဒီကုန်ကြမ်းပစ္စည်းဟာ  အမေရိကန်ရဲ့ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်လာစေမှာ အမှန်ပဲဖြစ်ပါတယ်။     ။ 

Ref: SCMP

Source: Myawady Web Portal

ကိုထက်

သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားရောဂါများမကျရောက်အောင် ကြိုတင်ကာကွယ်ရေးသည် အထူးအရေးကြီးလှသည်။ ပိုးမွှားရောဂါကင်းပါမှ သီးနှံများအထွက်နှုန်းကောင်းမှာဖြစ်သလို အရည်အသွေးလည်းကောင်းမှာဖြစ်သည်။ ထို့ကြောင့် တောင်သူဦးကြီးများ၏ သီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲသင့်သည်။

သဘာဝပိုးပြေးဆေးဆိုသည်မှာ  ဖျက်ပိုးတစ်မျိုးတည်းကိုသာ ဦးတည်တိုက်ခိုက်သည့် ဓာတုပိုးသတ် ဆေးကဲ့သို့မဟုတ်ဘဲ ပိုးမွှားရောဂါများကို ကာကွယ်ဟန့်တားနိုင်သည့် အာနိသင်များရှိသည်။ဓာတု ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ကာသီးနှံများတွင် ဓာတု ဓာတ်ကြွင်းများပါသွားပြီး စားသုံးသည့်အခါ ဘေးအန္တရာယ်များဖြစ်နိုင်သည်။

ထို့ကြောင့် တောင်သူများ၏ပတ်ဝန်းကျင်အနီးတွင် အလွယ်တကူရရှိနိုင်သည့်ပစ္စည်းများကိုအသုံးပြု၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရာတွင် လိုအပ်သည့်ပစ္စည်းများမှာကြက်သွန်ဖြူ ၁ ပိဿာ၊ချင်းတက် ၁ ပိဿာ၊  ငရုတ်သီးစိမ်း ၁ ပိဿာ၊ တမာရွက် ၁ ပိဿာ၊ဆင်တုံးမနွယ် ၁ ပိဿာ၊ ဆေးရွက်ကြီး ၁ ပိဿာ၊ အီးအမ်ဖျော်ရည်၁ လီတာ၊တင်လဲရည် ၂ လီတာ၊ ဒုတ္ထာ ၂၅ ကျပ်သား၊ရေ ၁၀၀ လီတာ၊ရာဝင်စဉ့်အိုးကြီး တစ်လုံး သို့မဟုတ်  ပလတ်စတစ်ပုံးကြီး တစ်ပုံးတို့ဖြစ်သည်။

လိုအပ်သည်များ စုဆောင်းပြီးပါက ဦးစွာ ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်းများကို ကြေညက် အောင်ထောင်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်သည်။ ပြီးပါက တမာရွက်နှင့် ဆင်တုံးမနွယ် ကို ဓားဖြင့်နုပ်နုပ်စဉ်းပါ။ ဆေးရွက်ကြီးကို ကြေညက်အောင်ခြေပေးရမည်။ ထိုသို့ဆောင်ရွက်ပြီးပါက ရာဝင်စဉ့်အိုးကြီး သို့မဟုတ် အဖုံးပါ ပလတ်စတစ်ပုံးကြီးတွင် ပြင်ဆင်ပြီးသွားသော ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်း၊ တမာရွက်၊ ဆင်တုံးမနွယ်နှင့် ဆေးရွက်ကြီးတို့ကို စုပေါင်း၍ထည့်ပေးရသည်။ ထို့နောက် ဒုတ္ထာ၊ တင်လဲရည်နှင့် အီးအမ်ဖျော်ရည်တို့ကိုထပ်ထည့်ပေးပြီး ရေ ၁၀၀ လီတာထည့်ကာ တုတ်ဖြင့်နှံ့စပ်အောင် မွှေပေးရမည်။ ပြီးပါက သဘာဝပိုးပြေးဆေးစဉ့်အိုးကို လေလုံအောင်ပိတ်ပေး ရမည်။ သဘာဝပိုးပြေးဆေးအိုးကို တစ်ရက်ခြားမွှေပေးရပြီး အဖုံးကို လေလုံအောင် ပြန်ဖုံး ပေးရသည်။ ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာသောအခါ အဖတ်များကိုဆယ်ယူပြီး  ဆေးရည်ကို ရေစစ်ဖြင့် စစ်ယူ၍ လေလုံ သော ပလတ်စတစ်ပုံးများတွင်ထည့်ကာ အဖုံးပြန်ပိတ်ထားရသည်။

သီးနှံများတွင်ပက်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံးတစ်ပုံးလျှင် သဘာဝပိုးပြေးဆေး တစ်လီတာနှုန်း ထည့်ပြီး တစ်ဧကလျှင် ဆေးဖျန်းပုံးငါးပုံး ပက်ဖျန်းရန်အတွက် သဘာဝပိုးပြေးဆေးငါးလီတာကိုသာ သုံးစွဲရသည်။သီးနှံပင်များကို ၁၄ ရက်သားမှ စတင်ဖျန်းပေးနိုင်ပြီး ခုနစ်ရက် သို့မဟုတ် ၁၀ ရက်ခြားတစ်ကြိမ် သီးနှံပင်သက်တမ်းတစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ် နိုင်သည်။

သဘာဝပိုးပြေးဆေးကို တောင်သူကြီးများ ဖျော်စပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ တစ်ဧက ကုန်ကျစရိတ်သက်သာခြင်း၊  တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း၊ ဓာတုဆေးများကဲ့သို့ လူနှင့်တိရစ္ဆာန်များအပေါ် အဆိပ်အတောက်မဖြစ်ခြင်း၊ သီးနှံ များ၏အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း၊ သဘာဝဂေဟစနစ်ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

တောင်သူလယ်သမားအများစုသည် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်လာမှ ဓာတုပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲမည့်အစား သဘာဝပိုးပြေးဆေးများကိုပြုလုပ်ထားရှိပြီး သီးနှံပင်သက်တမ်း တစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါများကို ကြိုတင်ကာ  ကွယ်နိုင်မည်ဖြစ်သည်။ သဘာဝ ပိုးပြေးဆေး တစ်အိုးကုန်ကျစရိတ်မှာ ငွေကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်သာကုန်ကျပြီး ဆေးတစ်လီတာ လျှင် ငွေကျပ် ၅၀၀ မှ ၆၀၀ သာ ကုန်ကျသဖြင့် တောင်သူကြီးများ မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်သည်။ ဆေးရည်စစ်ယူပြီး ကျန်ရှိသည့် စစ်ဖတ်များကိုလည်း စိုက်ခင်းပတ်လည်တွင်ချပေးခြင်းဖြင့် ကြွက်များ မလာအောင် ကာကွယ်တားဆီးနိုင်သည်။

သို့ဖြစ်ပါ၍ ဓာတုဆေးများကဲ့သို့ ပြင်းထန်သော ထိသေ၊ စားသေ အဆိပ်အာနိသင်မျိုးမဟုတ်ဘဲ ဖျက်ပိုးများ မကြိုက်နှစ်သက်သည့် အနံ့အရသာများနှင့် ပက်ဖျန်းထားခြင်းဖြစ်၍ ပိုးမွှားများ မလာရောက်နိုင်သည့် သဘာဝပိုးပြေးဆေးများကို တောင်သူတိုင်းသုံးစွဲကြခြင်းဖြင့် သီးနှံဖျက်ပိုးမွှား အန္တရာယ်များမှကင်းလွတ်နိုင်ပါသဖြင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး  သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲ ပေးသင့်ပါကြောင်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

မြတ်ခင်ခင်၊ စစ်ကိုင်း DOA

မြန်မာ့ ၁၂ လရာသီဘွဲ့စာလင်္ကာများကိုရေးစပ်ကြသည့်စာဆိုတော်များ ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့ကြသည်။   အထူးသဖြင့် ကုန်းဘောင်ခေတ်တစ်လျှောက်ရေးစပ်ခဲ့ကြသည်ကိုတွေ့ရ သည်။ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မဟာအတုလမင်းကြီး၊  ဆီသည်ရွာစား ဦးအောင်ကြီး၊ မယ်ခွေ၊   ဦးကြင်ဥ၊ ဦးကြော့၊ ဦးယာ၊ ဦးပုည၊ ကင်းဝန်မင်းကြီး စသည်ဖြင့်စာဆိုအသီးသီးသည်သူ့နည်းသူ့ဟန်နှင့် ဥတုသုံးလီ လရာသီ ၁၂ ခုကို ရှုထောင့်တွေးထောင့်များနှင့် အသီးသီးရှုမြင်ခဲ့ကြသည်မျိုးရှိသည်။ တချို့ရာသီဖွဲ့စာပေများသည် ပြောင်မြောက်ကောင်းမွန်သော်လည်း စာဆိုသူမထင်ရှားဘဲ ခေတ်အဆက်ဆက် တည်တံ့လာသည်ကိုလည်း တွေ့ရသည်။ ဤ၌ ပထမဆုံးတင်ပြမည့် ပေါ့ပေါ့ပါးပါး ကဆုန်လစာ အလင်္ကာကိုဦးစွာတင်ပါမည်။

“ခွန်းထောက်သဖြန်” -

ကဆုန်လကြုံရပါတဲ့မြတ်ပွဲတော်၊သွန်းညောင်ရေ  စုကာပေါင်းတယ်လောင်းကြပျော်ပျော်။

မြတ်ဗုဒ္ဓေါ်ရည်မြော်လို့အေးစေကြောင်း၊ဗောဓိပင် ပလ္လင်နန်းကို ဖျန်းလို့ဆုတောင်း..။

အပူဝေးလို အေးကြပါစေကြောင်း….. ။  

ဖော်ပြပါ ခွန်းထောက်မှာ ဇာတ်ပွဲတွင် မင်းသား၊ မင်းသမီးမထွက်မီ လူရွှင်တော်များက ဤနေ့ည ကပြ အသုံးတော်ခံကြမည့် မင်းသမီး၊ မင်းသား၊ ဇာတ်စီး၊ ဇာတ်နင်း၊ ရှေ့ပိုင်း၊ နောက်ပိုင်းများကို နိဒါန်း အနေဖြင့်ပြည်ဖုံးကတ္တီပါကားကြီးရှေ့သို့ပြောရန်ထွက်လာကြသောအခါလူရွှင်တော်တစ်ဦးစီကတစ်ပိုဒ်စီဆိုကြရသော ခွန်းထောက်လေးဆစ်သဖြန် အမျိုးအစားဖြစ်ပေသည်။ ခွန်းထောက်သဖြန် ဆို သောအခါ အသံကိုဖြန့်၍ဆိုရလေသည်။ 

ဒွေးချိုး၊လေးဆစ်ကဗျာအမျိုးအစားဖြစ်သည်။သီချင်းကြီးကဏ္ဍနှင့်ဆက်စပ်ပါကပတ်ပျိုးဆုံးသည့် အခါတွင်ဆက်ဆိုရသော စာကဗျာများဖြစ်သည်။ ဇာတ်ထွက်ရာတွင်မူ ပဏာမဆိုရသော အကြောင်းအရာဖြစ်သည်။ အချို့ကလည်း  တောခရီးလမ်းတွင် စခန်းခွန်းထောက် ရပ်နားရာတွင်ဆိုရန်  ဖွဲ့ဆိုထားသောကြောင့် ခွန်းထောက်ကဗျာဟုလည်း မှတ်ယူကြပေသည်။ဤခွန်းထောက်မှာ အလွန်အသိခက်သော ဝေါဟာရအသုံးအနှုန်းမပါဘဲ အများသူငါသိနိုင်သော အကြောင်းခြင်းရာဖြစ်သည်။ ပေါ့ပေါ့ပါးပါးဆိုနိုင်သည့် ကဆုန်လဘွဲ့ စာအလင်္ကာဖြစ်ပေသည်။

အပိုင်းလေးပိုင်း လေးချိုးရှိသဖြင့် လေးဆစ်သဖြန်၊ လေးဆစ်ခွန်းထောက်သဖြန်ဟုခေါ်ရပေမည်။လေးချိုးကြီး၊မဟာလေးချိုးကြီး စသည်ကဲ့သို့ အတွန့်အတက်မရှိ သာမန်ရေးစပ်သုံးထားသည့် ကဆုန်လဘွဲ့ ဖြစ်သည်။ စာဆိုအမည်မှာမထင်ရှားပေ။ ကဗျာရေးချင် စာစပ်သင်ဆိုသောသူများ ရေးဖွဲ့နိုင်သောစာပေဖြစ်ပေသည်။ အောက်ပါလေးချိုးသဖြန်မှာ စာဆိုတော် ဖိုးသူတော်ဦးမင်း၏ လေးချိုးသဖြန်ဖြစ်သည်။

စံကားဝါ ငုံသင်းလို့   ကြယ်မင်းတည့်(တဲ့) ဝိသာခါ၊                  

တိမ်ဗွေမှာ ရောင်ခြည်ရွှန်း  ထွန်းတဲ့ချိန်ခါ၊စုံကန္တာ  ဟေမာ မြိုင်ထဲ၊                                                                              

ရွှေကျေး အပျံသင်လို့   စံပျော်ရွှင် သည်ဟိုကူးလို့ငယ်… မြူးကြစမြဲ….။  

ဤစာအလင်္ကာမှာ ဖိုးသူတော်ဦးမင်း၏ စာကဗျာဖြစ်သည်။ ဖိုးသူတော်ဦးမင်း (၁၁၆၀ ခန့်-၁၂၁၀ ခန့်) မှာ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ဦးလန်း၊ ဦးအိ၊ ဦးနု၊ ဦးမင်း စသည့် စာဆိုများကဲ့သို့ ထင်ရှားခဲ့သောစာဆိုဖြစ်သည်။ ဦးမင်းစာဆို နှစ်ဦးရှိခဲ့သည်။ ကွဲပြားရန် ဖိုးသူတော်ဦးမင်း၊ လူဦးမင်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဖိုးသူတော်ဦးမင်းဟု ခေါ်ခြင်းမှာလည်း ငယ်စဉ်က ရှင်ဣန္ဒောဘာသ ဓဇဘွဲ့နှင့် ကိုရင်ကြီးအနေနှင့် နေခဲ့ဖူးသည်။ နောင်လူထွက်၍ နန်းမတော်မိဖုရားကြီးဖြစ်သူ မယ်နုထံတွင် ခစားစာဆိုရကြောင်းသိရပေသည်။ သဖြန်လေးဆစ် ၁၂ ပုဒ်၊ ၁၂ ရာသီလွမ်းချင်း၊ နွေဘွဲ့၊ မိုးဘွဲ့၊ ဆောင်းနွေမိုး လေးချိုးကြီးများကိုစပ်၍ ရတု ဒုံးချင်းများလည်း ရေးသားခဲ့သည်။ ဤလေးဆစ်သဖြန် သည်လည်းပဲ အထက်ဖော်ပြပါစာအလင်္ကာကဲ့သို့    လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးပင်ရွတ်ဆို အသိလွယ် သည့်စာဖြစ်သည်။

“တေးထပ်” -

ပရမေ ဘဂဝါအမြတ် ဇလာကပ်သွန်းလှူ နံ့သာဓာတ်မွှန်းကြူကျွန်းဇမ္ဗူခြိမ့်သဲ…                                                          

ပုညာဘိညွှန်းပြောင်ဝေသည်  သွန်းညောင်ရေ ပြုသည့်ခါပွဲ…                                       

မြန်မာတို့စဉ်အလာနွယ် မင်္ဂလာခြယ်တင့်ဆဲ   သဘင်မဟာ အယဉ်နွှဲပါလို့ ရွှင်စမြဲကြည်ပေရာ…        

ရပ်ပေါင်းစုံ တအိမ်မလပ် အချိန်မြတ်ကောင်းမှုပူဇော် ဝတိံနတ်အဇဋာကျော်အောင်..

ဇလာအဖျော်အမွှေးရေ ကရမက်ကယ်နှင့်ပရမေဓမ္မစက် စေတီယင်သွန်းပြုရေစင်…                   

ဥဒ္ဓိဿနှင့် မာတုဓမ္မအရှင်ကို    သာဓုနရ သဘင် အောင်ပွဲတော်မို့လေး…..။ ။                          

ဤကဗျာမှာ တေးထပ်အမျိုးအစားဖြစ်သည်။ ထပ်တွန့်တေးထပ်ဖြစ်သည်။ တေးထပ်များမှာ သာမည တေးထပ်၊ တေးထပ်ဆန်း၊ တေးထပ် ပိုဒ်စုံ၊ ၈၀- ပေါ်တေးထပ် စသည်ဖြင့် ကွဲပြားမှုအမျိုးမျိုး ရှိပေသည်။ တကယ့်ပွဲကြီးလမ်းကြီးများဖြင့် သဘင်ခံရသောအခါ ၈၀-ပေါ်တေးထပ်၊ ထပ်တွန့်ကြီးတေးထပ်များဖြင့်  သီဆိုတီးမှုတ်ကြသည်ကများသည်။ ၈၀-ပေါ်တေးထပ်ဆိုသည်မှာ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၀  ပြည့်နှစ်ကစ၍ ပေါ်ပေါက်လာသောကြောင့် ၈၀-ပေါ်တေးထပ်ဟုခေါ်ကြောင်း ရှေးကဗျာဆရာ များက ဆိုမိန့်ကြလေသည်။ ၈၀ - ပေါ် အရေးကောင်းသူများ၏ စာအလင်္ကာများကို ဂီတနှင့်တွဲဖက်၍ သီဆိုပါက အလွန်သာယာနာပျော်ဖွယ် ရသပေါ်လွင် ခံစားရပေသည်။

“၈ လုံးဘွဲ့ကဗျာ” -

          •        အလောင်းတော်ကြီး၊ ပျော်မှီး.နတ်ပြေ၊ ဗြဟ္မနတ်ပေါင်း၊ ပန်တောင်း.ထွေထွေ၊ သန္ဓေမှီးလို့၊ ရိပ်ထီးလူ့ပြေ၊ဖွားမြင်မှု၊ ရတုကဆုန်နွေ။

          •        ဖွားတော်မူက၊ လူမျာ့ညွတ်ရုံ၊ ကပ္ပီလနန်း၊ စံမြန်းသုံးဘုံ၊တောထွက်စခန်း၊ မြိုင်နန်းရဂုံ၊ဘုရားဖြစ်၊  အားသစ်လ, ကဆုန်။

          •        ၄၅-မြောက်၊ သက်ရောက်ရှစ်ဆယ်၊ မလ္လာအင်ကြင်း၊ ပင်မင်းအလယ်၊ဝမ်းတော်လားလို့၊ ရွှေအားတော်ငယ်၊နိဗ္ဗာန်နန်း၊ စံမြန်းကဆုန်ဝယ်။

          •        ရှင်တော်ရုပ်ကလာပ်၊ တုပ်ဝပ်လုံးစုံ၊နံ့သာရှိန်မီး၊ ထိန်ညီးဖုံဖုံ၊ဓာတ်တော်ကြွင်းကြ၊ မင်းမျာ့ဝေပုံ၊ စေတီများ၊ တည်ထားလ, ကဆုန်။

          •        ဖွားမြင်မြောက်တော့၊ နွေပေါက်ကဆုန်၊ဗောဓိပလ္လင်နန်း၊ စံမြန်းကဆုန်၊နိဗ္ဗူခြွေကြ၊ နွေလကဆုန်၊ကိလန၊  ညီမျှလကဆုန်။

          •        ကဆုန်မာသ၊ ကာလကိုမျှော်၊ ထိပ်တင်ဥက္ကဋ္ဌ၊ တုပ်ဝပ်ကော်ရော်၊ ရှင်တော်ငြိမ်းဇာတ်၊ ထိမ်းမှတ်အလျော်၊ညီအမျှ၊  ဤလရေပူဇော်။

ဤကဗျာမှာ ၈ လုံးဘွဲ့ကဗျာဖြစ်သည်။ ၈ လုံးဘွဲ့ကဗျာများကို ဘာသာရေးဆိုင်ရာပူဇော်ပွဲများတွင် အသုံး ပြုကြသည်။  ပူဇော်မည့်အကြောင်းအရာကိုလိုက်၍ (ဝါ) ဒုရေး(ဒုမင်္ဂလ)၊ သုရေး (သုမင်္ဂလ) တွင်သုံးကြ ပေသည်၊၊ ဒုရေးတွင် သံဝေဂ သဘောပါသောအဓိပ္ပာယ်များကို ရေးစပ်ကြသည်။ သုရေးတွင်မူ ဘွဲ့တံ ဆိပ်တော် ဂုဏ်ပြုကြည်ညိုဖွယ် သဒ္ဓါစိတ်ဖြစ်စေမည့် အကြောင်းခြင်းရာများကို  ရေးစပ်ကြရ သည်။ အများနားလည်နိုင်သော ဝေါဟာရအသုံးအနှုန်းများကိုသုံးတတ်ကြသည်။ ကာရန်အနေနှင့် ၂ မတြာဒီဃ၊ ၃ မတြာ၊ ၃-မတြာ အထက်  ပလုတ အသုံးများကို များသောအားဖြင့်သုံးရပေသည်။

ကိုလိုနီခေတ်နှောင်းနှင့် လွတ်လပ်ရေးရပြီးခါစ ဝန်းကျင်တွင် ယပ်လှဲတရားဟောပုဂ္ဂိုလ်များ ဟောစာ များ အလွန်ပေါ်ပေါက်လာသည်။ ထိုတရားပွဲကြီးများမဟောကြားမီ ရွတ်ဆိုကြသည့် ဒုရေး၊ သုရေးနှစ်ခု လုံးပင် ၈ လုံးဘွဲ့ကဗျာကိုသုံးကြသည်။ အကြောင်းအရာကိုလိုက်၍ တိုတိုလည်းရသလို ရှည်၍လည်း ရနိုင်သည်။

“လူးတား” -

သာစွလေ-ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင်သော်တာ၊    ဝိသာခါနှင့်၊ ပြည့်လာအညီ၊ ရာသီပြိဿ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစံကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်

၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူ,တာ,တကောင်း၊ မတင့်တောင်းဝယ်၊ သွန်းလောင်းရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်..   အခါညောင်ရေ သွန်းတည့်လေ…..ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး……။     ။

ဖော်ပြပါစာအလင်္ကာမှာ ကဆုန်လဘွဲ့ လူးတားဖြစ်သည်။ ကဗျာသဘောတရား၌ ၃မတြာ ၃မတြာထက် အထက်အသံကိုရှည်ရှည်ရွတ်ဖတ်ရလျှင် ပလုတဖြစ်ပေသည်။ ကဗျာသာရတ္ထသင်္ဂြိုဟ်နှင့်  ဆရာကြီး ဓမ္မာစရိယဦးထွန်းရွှေ၏ကဗျာ့စွယ်စုံကျမ်းကြီးတွင်ပလုတမှရွေ့လျားလာကာ  လူးတားဖြစ်သည် ဟုဖွင့် ဆိုလေသည်။                                                       

အချို့ပညာရှင်များကလည်း ရေစီးသန်သောချောင်းမြစ်ကြောင်းတို့တွင် လှေဆန်တက်သောအခါ ကြိုးဖြင့် ဟိုဘက်ဒီဘက်ဆိုင်း၍ဆွဲ၍ လှော်တက်သွားသည်ကို “လူးတားပေါက်” သည်ဟုခေါ်သည်။ ထိုအခေါ်ကို အကြောင်းပြု၍ “လူးတား” ဟုခေါ်ဆိုခြင်းကိုလည်း ဖွင့်ဆိုပေသည်။

လေးလုံးစပ်လင်္ကာဖြင့် နှစ်ပိုဒ်ဖြစ်စေ၊ သုံးပိုဒ်ဖြစ်စေ၊ လေးပိုဒ်ဖြစ်စေ ခံပြီး သုံးလုံးတစ်ပိုဒ်ကို “လေ”ဟူသော အက္ခရာထား၏။ ရတုလင်္ကာများကဲ့သို့ပင် လေးလုံးစပ်လင်္ကာပင်ဖြစ်သည်။ အချပိုဒ်နှင့် အက္ခရာ ခုနစ်လုံးဖြင့်ဆင့်၍ချရသည်။ဤလူးတားမှာအချသည် “အခါညောင်ရေ သွန်းတည့်လေ၊ ရွှေပြည်ရွှေဝ နန်းတည့်လေး” ဟုချထား၍ လူးတားအနေနှင့် ရေးထားသော ကဆုန်လ စာအလင်္ကာဖြစ်သည်။

“အဲချင်း”

ဖန်နန်းမှ မျက်အုံလေ… နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစ ယှက်သွယ်၊ မင်းမူဟန်ကျယ်လှ၊ မိုးလယ်ဘုံမှာတည့်လေး…

ကဆုန်ငယ်မှရတု၊ မြနီလာစစ်၊ အပြာရစ်သို့၊ ရှစ်မျက်နှာစို၊ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှလဲ့ပြာ။ စံကားထုံသင်း၊ဂေါစာချင်းတွင်၊တုကင်းလွတ်ကွာ၊ငှက်ပေါင်းသာလို့၊ညှာခြွေငယ်စံသည်(ညာကြေငယ်ပျံသည်)၊ ယုဂန်မှာ တိမ်တစ်ပုံက၊ ဂဠုန်လို ဝဲ။ အသည်းမှာဆွတ်ကျင်၊ သောင် သင်ဖြူးခင်း၊ မြစ်ကြီး တွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတန်မြူးသည်၊ ပိုက်ဦးငင်လို့၊ သဘင်မှဖြိုးဝေ။ စင်ရော်,သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုတ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ခြွေသည်။ ဂြိုဟ်စနေ ဖီလာပိုင်း ဆီက၊   မုန်တိုင်းချီပြင်း။    ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တံငါ့တာရာ၊ ကြယ်ဥက္ကာနှင့်၊   အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းပွေဆိုင်ညီ၊ သေမင်းပင် မှီရော့ထင့်။ စက်ရာသီ ပြိဿရေးတဲ့၊ ငိုကြွေးခင်း လေး.….။

စာဆိုမယ်ခွေ၏ ကဆုန်လဘွဲ့ အဲချင်းဖြစ်သည်။ စာဆိုတော်မယ်ခွေမှာ ကုန်းဘောင်ခေတ် ထင်ရှားခဲ့ သောစာဆိုတစ်ဦးဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက် နန်းတွင်း၌ ခစားရသော စာဆိုအမျိုးသမီး တစ်ဦးဖြစ်သည်။

အဲချင်းအမျိုးအစားမှာ အစပိုဒ်၌ “နေနက်ကယ်မှ ရာဇာလေ… ခမောက်ကယ်မှ စိန်တောင်လေ… မင်္ဂလာရယ်မှ မဏ္ဍိုင်လေး…”

စသည်ဖြင့် ခြောက်လုံးဖြစ်စေ၊ ခုနစ်လုံးဖြစ်စေ စ၍ သုံးချိုး၊ လေးချိုးဖြင့် စပ်ဆိုရေးသားထားသောစာပေ အမျိုးအစားဖြစ်သည်။ အဲချင်းမှာ အရှင်သခင်အကြီးအကဲကို ပသတမ်းတပြီး   ဆိုသောသဘောလည်း ဖြစ်ပေ သည်။ ထို့ကြောင့် နတ်ပွဲအစ အဲချင်းကဟုဆိုရိုးရှိပေသည်။

စာဆိုမယ်ခွေ၏ အဲချင်းထူးခြားချက်မှာ ဝေဒပညာနှင့်ကြည့်ပါကရာသီစက်၊တိတ်စွဲဒေသ၊ ဂြိုဟ်နက္ခတ် တာရာ၊ ရာသီပန်း၊ ပတ်ဝန်းကျင်မြင်ကွင်း၊ ရာသီပွဲ စသည်တို့ကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့် ပေါ်လွင်အောင်ရေးသားထားလေသည်။ နက္ခတ်ဗေဒင် ကျွမ်းကျင်သူများ အနေနှင့်ကြည့်ပါက အလွန် ပညာရပ်ဆန်သော၊ ကောင်းမွန်တန်ဖိုးရှိသော စာပေအမျိုးအစားဖြစ်ပေသည်။ ဝေဒပညာရပ်နှင့် တိုင်းနိုင်ငံ တိတ်စွဲများကို မူကွဲတွေ့ပါက မယ်ခွေ၏အဲချင်းပါ တိတ်စွဲနှင့် ညှိရသည်။ ထိုအနေအထား မျိုးကိုရေးသားထားသော အဆင့်မြင့်ရာသီဘွဲ့အမျိုးအစားဖြစ်သည်။

“ကြိုး  သီချင်း”

အောက်တွင်ဖော်ပြမည့် “တေတလေ တေတေလေ ထံဒျန့်ဒျန့်တေ...” စသောတေးသွားမှာ  ဗောဓိ ညောင်ရွက်သံ ကြိုးသီချင်းဖြစ်သည်။

အ‌‌လောင်းဘုရားလက်ထက်  မြင်းရည်တက် ၆ ကျိပ် ၈ ‌ယောက် (၆၈) တွင်ပါဝင်သော လက်ဝဲနော်ရထာ ဦးနေဆိုသည့် ပုဂ္ဂိုလ်ဖွဲ့ခဲ့သော  (သို့)  ရှေးကရှိခဲ့ပြီးသော  ဗောဓိညောင်စာအလင်္ကာကို ဂီတသင်္ကေ တပြု ခဲ့သော တေးသွားဖြစ်ပေသည်။

ထိုကဲ့သို့ ဂီတတေးသွားသင်္ကေတများကို ဒူပေါင် ထန်ပေါင်ဟုခေါ်သည်။ ဆရာပန်းမူ ဆရာရိပ်မူ မည်သည့်ဆရာမူ စသည်ဖြင့်  ဂီတမျိုးဆက်တွင်ရှိပါ၏။ မြဝတီမင်းကြီးဦးစ၏ သီချင်းစာသားအချို့တွင်  ဖောင်လားကြိုး၊ ဖောင်ငင်ကြိုး၊ ဖောင်ဆိုက်ကြိုး စသည်ဖြင့် မည်သည့် စာသားဝေါဟာရ မျှမပါဘဲ တေတလေ၊ ဒူတေလေ၊  ဒျန့်ဒျန့်ဒူ စသည်ဖြင့် ရေးဖွဲ့ထားမှု အများပင်တွေ့ရသည်။

ဤသည်ကို တေးတွဲ့ဟုလည်းခေါ်ကြောင်းသိရသည်။ ဂီတပညာရှင်များဖြစ်ကြသည့်  ပုသိမ်  ဒေါ်တင်တင်၊ ဣန္ဒဝဇီရ ‌ခေါ်    သခင်အောင်ရှိန်(ဘိသိက်မင်္ဂလာကျမ်းပြု)  ဤကဲ့သို့ သဘောသက်ဝင် သော တံတျာတေရှင် ပုစဉ်း တောင်သံကြိုးကို ပဉ္စသင်္ခနတ်စောင်း သဘောဖြင့် အနက်အဓိပ္ပာယ် ကြံဆဖွင့်ဆိုခဲ့ဖူးသည်ကို   အမျိုးသား စာပေဆုများရှင်  (ဓာတ်ပြား) ဦးမောင်မောင် သူ၏မဟာဂီတ ပေါင်းချုပ်စွယ်စုံကျမ်း၌ ထိုခေတ်ပညာရှင် များ၏သဘောမှတ်ချက်ကို လေ့လာဖော်ပြထားလေသည်။

ဥပမာအနေနှင့်ပြောရပါက မှုန်ရွှေရည် သီချင်းအလိုက်ကို စာသားမရ၍ဖြစ်စေ၊ ရ၍ဖြစ်စေ လေချွန် သောအခါ (သို့) ပါးစပ်ကညည်းသောအခါ.. ဒီဒီဒီ .... ဒီဒီဒီဒီဒီ.... စသဖြင့်ထွက်လာသည်။   နိဂ္ဂဟိတ် အသံကိုရေးထားသော စာသားမပါ (Word Lose) စာလုံးပျောက် သင်္ကေတ ဖြစ်သည်။ Melody  သဘောဖြစ်ပေသည်။ စာရှုသူဒူပေါင်ထန်ပေါင်ကို စာလုံးသွင်း၍ရှေးခေတ်က ရေးခဲ့ သောကဆုန် ဗောဓိ‌ညောင်ရေသွန်း .... စာကြောင်းစာသားအကြောင်းအရာကို ဖြည့်စွက်၍ စာအလင်္ကာမြူးကြည့်ပါဘိ။

ကမ္ဘာကျော်စစ်တုရင်ကစားကွက်ဖြစ်သည့်ဗော်လကာတောင်တန်းကိုဖြတ်ကျော်ခြင်းဆိုသော  စစ်တုရင် ကွက်ကို တစ်ကွက်ချန်၍ (ဝါ) မြှုပ်၍ကစားကြရာ ယနေ့တိုင် ထိုအတိုင်း ကစားပွဲ မသိမ်းနိုင်သေး ဆိုသော အဆိုတစ်ခုရှိပေသည်။

ဤဗောဓိညောင်ရွက်သံကြိုးသီချင်းသည်လည်း ကဆုန်ညောင်ရေသွန်းအကြောင်းပင်လော   သို့မဟုတ်   ဤနေမျိုးမဟာကျော်ထင်ပင် ရေးဖွဲ့သော (၁၁၃၂ တန်ဆောင်မုန်းလ)  ဗောဓိရွက်သံကြိုးကဲ့သို့ ဆောင်းဘွဲ့လော(နိုင်ငံတော်မူ မဟာဂီတ) စာရှုသူများ ဉာဏ်ကစားရမည့် ဗောဓိရုက္ခေ ကဆုန်လ ဗောဓိညောင်ကြိုး သီချင်းကြီးဖြစ်ပါတော့သည်။    ။

(တေတလေ)J ထံတုံ့တုံ့ (တေ)J လေ (တေလေ) ထံတုံ့တုံ့တေ (တေလေ) တလေထူ (ထံ)/တျာ (တာလျာ) တို့တို့တေ တေတလေ တေတေ တျာထူတုံ့ တေ ထူတျော တေတျော (ထံ) တေတျော   (ထူတျော)ပ ထူထပ်တာ တေထံတျာ ထပ်တျာ တေတျော (ထံတျာ)' တျော တေထူထံတ္တံ့ တျော ထပ်တျာ

Source: Myawady Web Portal

မောင်လူမွှေး(မြန်မာမှု)

အားလပ်ရက်များတွင်မိတ်ဆွေသူငယ်ချင်း၊  မိသားစုများနှင့် စားသောက်ဖွယ်ရာများကိုစုဝေးစားသောက်ခြင်းသည် စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိသည်။ အပြုသဘောဆောင်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းနှင့်အစားအစာရွေးချယ်စားသောက်မှုအရသာသည်ပျော်ရွှင်သောဟော်မုန်းများကိုထွက်စေသဖြင့် လူတို့ကို ပိုမိုပျော်ရွှင် ကျန်းမာသောဘဝနှင့်အသက်ပိုရှည်အောင်ကူညီပေးနိုင်သည်ကိုတွေ့ရှိခဲ့သည်။

ယနေ့ခေတ်တွင်  ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌   ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအပေါ်မူတည်၍ ဘူဖေး အမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ဘူဖေးစားသောက်ခြင်းမှာခေတ်စားလာသည်။ ဘူဖေးစားသောက်ခြင်းသည် ဟင်းပွဲမျိုးစုံ၊ အချိုပွဲမျိုးစုံကို မည်မျှစားသည်ဖြစ်စေ ပုံမှန်သတ်မှတ်ထား သောစျေးနှုန်းဖြင့် စားနိုင်သမျှစား၍ရသော အစားအသောက်အစီအစဉ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သော်လည်း ပျော်စရာနည်းလမ်းတစ်ခုဖြစ်သည်။  သို့သော် သွေးချိုဆီးချို ရောဂါရှိသူများ အတွက် ဘူဖေးစားသောက်ခြင်းသည် အထူးစိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ပါသည်။

သို့ရာတွင် သွေးချိုဆီးချိုရောဂါရှိသူများသည် ကြိုတင်စီစဉ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောစား သောက်ဖွယ်ရာများကို ရွေးချယ်ခြင်းနှင့်  အစားအစာများ၏    အရွယ်အစားပမာဏကို ကြည့်ရှုခြင်းဖြင့် ဘူဖေးအရသာကို ကောင်းစွာခံစားနိုင်ပြီး စိတ်ပျော်ရွှင်မှုကိုရရှိနိုင်ပါသည်။ ဖော်ပြပါ ဘူဖေးအကြံပြုချက်များကိုအသုံးပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပညာရှိစွာ ရွေးချယ်နိုင်ပါသည်။

အထွေထွေအကြံပြုချက်များ

ဘူဖေးစားသောက်ရန်မသွားမီ မည်သည့်အစားအစာများကိုစားမည်၊ မည်သည့်အစားအစာများကို ရှောင်မည်၊ မည်သည့်အစားအစာများကို ကန့်သတ်လိုသည်ကို ကြိုတင်စဉ်းစားထားပါ။ ကိုယ်တိုင် မရွေးချယ်မီ ဘူဖေးတွင် ခင်းကျင်းထားသော စားစရာများအားလုံးကိုစစ်ဆေးပါ။ ကာဗိုဟိုက်ဒရိတ်နည်း  သို့မဟုတ်  ကာဗိုဟိုက်ဒရိတ်မပါဝင်သော ဟင်းလျာများကိုရှာဖွေပါ။  ထို့နောက်  ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များနှင့်အတူ  အကြိုက်ဆုံးဟင်းပွဲတစ်ခု သို့မဟုတ် နှစ်ခုကိုရွေးချယ်ပါ သို့မဟုတ် ဟင်းအနည်းငယ်ကိုသာရွေးချယ်ပါ။ 

ပန်းကန်အများစုကို ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များဖြင့်ဖြည့်ပါ။ အဆီများသောအစားအစာများ၊ ကြော်ထားသောအစားအစာများ၊ ဘေကွန်၊ ဝက်သားနှင့်ချိစ်ပါသောအစားအစာများ၊ ချိုသော၊ ငန်သောအစားအစာများ၊ အချိုပွဲများကို အနည်းငယ်သာစားသုံးပါ သို့မဟုတ် ရှောင်ကြဉ်ပါ။ အရေပြား မပါသောအသား၊ ကြက် သို့မဟုတ် ငါးကိုရွေးပါ။ ထောပတ်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီနှင့် ဖရဲသီးကဲ့သို့သော ကယ်လိုရီပါဝင်မှုနည်း၍ လတ်ဆတ်သော အသီးအနှံများကိုရွေးချယ်ပါ။ ရေ၊ သကြား မပါသောဖျော်ရည်များ၊  အချိုမပါသောလက်ဖက်ရည်သို့မဟုတ် ကော်ဖီ သို့မဟုတ် အသီးဖျော်ရည် သောက်ပါ။  ဖြစ်နိုင်ပါက   အဆီနည်းသောအဓိကဟင်းလျာများကိုစားပါ။

အကယ်၍  အရက်သောက်သုံးပါက  အမျိုးသမီးဖြစ်လျှင်  တစ်နေ့တစ်ယူနစ်ထက်ပို၍မသောက်ပါနှင့်၊   အမျိုးသားဖြစ်လျှင်  တစ်နေ့နှစ်ယူနစ်ထက်ပိုမသောက်ပါနှင့်။ သောက်နေသောသွေးချိုကျဆေးများ ကိုချိန်ညှိပါ။ အင်ဆူလင်ထိုးသူများ ဆေးပမာဏကို ချိန်ညှိရန် စဉ်းစားပါ။    ဘူဖေးစားသောနေ့တွင်   အစာစားပြီး  နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်ကို  တိုင်းတာရန်နှင့်  နောက်နေ့နံနက်ခင်း အစာမစားမီ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ အစာစားပြီးနောက်  လမ်းလျှောက်ခြင်းပင်လျှင် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးပြီး  ကိုယ်အလေးချိန်အလွန် အကျွံတက်ခြင်းမှကာကွယ်ပေးနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများအတွက် ပန်းကန်ပြား အခြေပြုပြင်ဆင်စားသောက်မှုအစီအစဉ်သည် ရိုးရှင်းပြီး တစ်ဦးချင်းစီအတွက် လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် အာဟာရဓာတ်များ၏ အမျိုးအစားနှင့် ပမာဏကို ခန့်မှန်းတွက်ချက်၍ တစ်ဦးချင်းစိတ်ကြိုက် ပြင်ဆင်စားသောက်နိုင်ပါသည်။ ရိုးရှင်းသော ၉ လက်မ ပန်းကန်တွင် အစားအစာများကိုခွဲဝေပုံမှာအဆီမပါသော ဟင်းသီးဟင်းရွက်များအတွက်ပန်းကန်တစ်ဝက်၊ပရိုတင်းအတွက် ပန်းကန်၏ လေးပုံတစ်ပုံ၊ ကာဗိုဟိုက်ဒရိတ်အတွက် ပန်းကန်၏ လေးပုံတစ်ပုံထည့်ရန်ဖြစ်သည်။     ယဉ်ကျေးမှုနှင့်ဦးစားပေးမှုများအပေါ်    အခြေခံ၍ တချို့သော အစား အစာများကို  လျှော့ချခြင်း သို့မဟုတ်  ကန့်သတ်ခြင်းဖြင့် စားသောက်ခြင်း၏ ပျော်ရွှင်မှုကို ထိန်းသိမ်းရန်၊ ကျန်းမာသောစားသောက်မှုပုံစံများဖန်တီးရန် အကြံပြုချက်များရှိပါသည်။

အာဟာရပညာရှင်များက ဘူဖေးမစားခင်  ကျန်းမာရေးနှင့်ညီညွတ်သောသရေစာစားရန် အကြံပြု ထားသည်။ ကယ်လိုရီနည်းသော အသီးအနှံများ၊ ဂျုံလုံးပေါင်မုန့်တစ်ချပ်၊ သခွားသီးချောင်းများ သို့မဟုတ် ဆားမပါသော    အခွံမာသီးများကဲ့သို့သော   ရွေးချယ်မှုများသည် သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေဘဲ အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ ဦးနှောက်က ပြည့်နေကြောင်း အချက်ပြရန် မိနစ် ၂၀ ခန့်လိုအပ်သဖြင့် အစာကိုဖြည်းဖြည်းဝါးပြီးဝါးတိုင်းအရသာခံပါ။ ထို့ပြင် အစားအစာများကို အာရုံစိုက်မည့်အစား မိသားစုနှင့် သူငယ်ချင်းများ၊ ချစ်ခင်ရသူများ ကိုအာရုံစိုက်ပါ။

ဟင်းသီးဟင်းရွက်အကြံပြုချက်

ပန်းကန်၏တစ်ဝက်ကို ကစီဓာတ်မပါသော ဘရိုကိုလီ၊ ငရုတ်ပွ၊ ပဲတီစိမ်း၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီးနှင့် ဟင်းနုနယ်ရွက်စသည့်အသီးအရွက်ရောင်စုံများကိုရွေးထည့်ပါ။ လတ်ဆတ်သော သို့မဟုတ်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များကိုရွေးချယ်၍ သံလွင်ဆီနှင့်ရှလကာရည် အနည်း ငယ်ဖြင့်  အသုပ်အတွက်   ကိုယ်တိုင်ပြင်ဆင်ပါ။ ထောပတ်၊ ခရင်မ်၊ မရိုးနိစ် သို့မဟုတ် ဒိန်ခဲပါသော ဟင်းရွက်များနှင့် ဆော့စ်ပါသော  ဟင်းရွက်များကို သတိထားပါ။  ဝက်ဆီ သို့မဟုတ် ဝက်ပေါင် ခြောက်နှင့်  ဝက်ဗိုက်သားကဲ့သို့ အဆီများသော အသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို အနည်းငယ်သာစားသုံးပါ။

ကောက်နှံများနှင့် ကစီဓာတ်အကြံပြုချက်ပန်းကန်၏လေးပုံတစ်ပုံကို အမျှင်ဓာတ်မြင့်မားသော ဆန်လုံး ညိုထမင်း၊ ဆန်ညို၊ ကြာဆံနှင့် ဂျုံလုံးခေါက်ဆွဲ သို့မဟုတ် ဂျုံလုံးပေါင်မုန့် စသည်များကိုရွေးထည့်ပါ။   ကစီဓာတ်ရှိသော   အသီးအရွက်များ (အာလူး၊ ကန်စွန်းဥ သို့မဟုတ် ပဲတီစိမ်း)မှ သေးငယ်သော အရွယ်အစားကိုရွေးထည့်ပါ။ ပေါင်မုန့်၊ ထမင်းနှင့် တခြားအစေ့အဆန်များတွင် ထောပတ်  သို့မဟုတ်   မာဂျရင်းအသုံးပြုခြင်းကိုရှောင်ပါ။   ဒိန်ခဲနှင့် ဆော့စ်များဖြင့် သုပ်ထားသော အာလူးကဲ့သို့ ကစီဓာတ်များကိုရှောင်ပါ သို့မဟုတ် အနည်းငယ်ယူပါ ။ 

ပရိုတင်းအကြံပြုချက်

ပန်းကန်၏ လေးပုံတစ်ပုံကိုအရေခွံမပါသော ကြက်၊ ငါး (၃.၅-၅) ကျပ်သားခန့်  သို့မဟုတ်   ပဲဟင်းလျာများဖြင့်ဖြည့်ပါ။ ကြက်၊ ငါး၊ ပုစွန်သို့မဟုတ်အမဲသားကဲ့သို့ကင်ထားသော အသားများကိုရွေးပါ။ ကြက်သားကြော်ကဲ့သို့အဆီများသောသို့မဟုတ်ဆော့စ်ဖြင့်ပြုလုပ်ထားသောအသားများကိုအနည်းငယ်သာမြည်းစမ်းကြည့်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝသော ပဲဟင်းလျာများကိုရွေးချယ်ပါ။ သို့သော် သကြားနှင့် အဆီများဖြင့်ချက်ထားသောပဲများကို လျှော့စားပါ။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များကိုသတိထားပါ။

အချိုပွဲအကြံပြုချက်

အမျှင်ဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝသော ဘယ်ရီသီး၊သခွားမွှေးသီး၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီးနှင့် ဖရဲသီးကဲ့သို့ လတ်ဆတ်၍ ကယ်လိုရီပါဝင်မှုနည်းသော အသီးအနှံများကိုရွေးချယ်ပါ။ ကွတ်ကီး၊  ကိတ်မုန့်များ၊  ပူတင်းများကဲ့သို့ သကြားအလွန်များသောအချိုပွဲများနှင့် အဆီများသောအစားအစာများကိုရှောင်ပါ သို့မဟုတ် အနည်းငယ်သာစားသုံးပါ။ သကြားမပါသောဖျော်ရည်များ၊ အချိုမပါသော ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ။ အကယ်၍ အရက်သောက်သုံးပါက ဗိုက်ထဲတွင် အစာမရှိဘဲသောက်ခြင်းသည် သွေးတွင်းသကြားဓာတ်လျော့ကျခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။

Source: Myawady Web Portal

Photo - CDC

ဒေါက်တာသိင်္ဂီကျော်

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။  ဝဥသီးနှံသည်  မြန်မာနိုင်ငံတွင် တစ်ချိန်က သဘာဝတောင်တန်းများ၌ ပေါက်ရောက်လျက်ရှိသည်။  ဝဥကို ကျေးလက်နေ တိုင်းရင်းသားများ ချက်ပြုတ်စားသောက်ခဲ့သည်။ ယခုအခါ  ကုန်ချော ထုတ်လုပ်ပြုပြင်၍ စားသုံးကုန်များ၊ ဆေးဝါးအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊  အလှကုန်များ  တန်ဖိုးမြှင့် ထုတ်လုပ်လာကြသည်။ သို့ဖြစ်ပါ၍ ဘက်စုံအသုံးဝင်သော  ဝဥသီးနှံအား  စနစ်တကျစိုက်ပျိုးလာခြင်း ဖြစ်သည်။

ဝဥသီးနှံ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့်  အင်ဒိုချိုင်းနားကျွန်းဆွယ်တို့တွင်   စတင်ပေါက်ရောက်သည်။

ဝဥ သီးနှံတွင် မျိုးကွဲပေါင်း ၈၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၌ ဝဥအသားမှာ ပန်းရောင်ရှိသောမျိုးရင်းဖြစ်ပြီး  ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အသားအဖြူရောင်မျိုးရင်းများ ပေါက်ရောက်လျက်ရှိသည်။  တစ်ချိန်က သဘာဝပေါက်နေသော်လည်း ယခုအခါ  ဥယျာဉ်ခြံများတွင် ကြားသီးနှံအနေဖြင့် အိတ်ထည့်စိုက်ပျိုးခြင်း၊ ပေါင်ဖြင့်  စိုက်ပျိုးခြင်း၊  ကျင်းဖြင့်စိုက်ပျိုးခြင်းများ စိုက်ပျိုးလာကြသည်။

ဝဥစိုက်ပျိုးနိုင်သောမြေ

ဝဥစိုက်ပျိုးရန်  သင့်လျော်သော ရာသီဥတုမှာ ပျမ်းမျှမိုးရေချိန် ၆၀ မှ ၁၂၀ လက်မဖြစ်ပြီး အပူချိန်၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ တောင်လတ္တီကျု၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု ၃၀ ဒီဂရီ  မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၀၀၀-၅၀၀၀ အကြားတွင် စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ၂၅၀၀ အထက်တွင် စိုက်ပျိုးပါက အရိပ်ပြုလုပ်ပေးရန် မလိုအပ်ဘဲ  ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၀၀အောက်တွင် စိုက်ပျိုးပါက  ၆၀-၇၅  ရာခိုင်နှုန်းအရိပ်ပြုလုပ်ပေးရသည်။ ဝဥကြိုက်နှစ်သက်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ၌ မြေဆွေးဓာတ်များပြီး ရေမဝပ်သောမြေနှင့် သဲဆန်သောမြေများတွင်  စိုက်ပျိုးနိုင်သည်။

မျိုးရွေးချယ်စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးနည်း

ဝဥမျိုးရယူစိုက်ပျိုးရန် မျိုးဥခွဲခြမ်းစိုက်ပျိုးခြင်း၊ ရွက်ကြားဖုသီး၊    အဖူးသီးများ စိုက်ပျိုးနိုင်သည်။

မျိုးနှုန်းထားအနေဖြင့် တစ်ဧကလျှင် မျိုးဥ ၅၀၀၀ မှ  ၆၀၀၀  အထိ စုဆောင်းစိုက်ပျိုးရသည်။  အဖူးတံအသီးကို တစ်နှစ်စိုက်ပျိုးမွေးမြူပါက အရွက်သီးအရွယ်  ဥငယ်များရရှိသည်။  အရွက်သီးတစ်နှစ် စိုက်ပျိုး မွေးမြူပြီးလျှင်  ၁၅-၂၅  ကျပ်သား ဝဥငယ်များရရှိသည်။   မျိုးဥ  ၂၅-၃၀ ကျပ်သားအရွယ် မျိုးဥကို တစ်နှစ်စိုက်ပျိုးလျှင် ၈၀-၉၀ ကျပ်သားအရွယ်ရရှိသည်။

အရိပ်ရှိသော ဥယျာဉ်ခြံများတွင် အပင်ကြီးများ၏အမြစ်များမှာ ဝဥကြီးထွားမှုကို  ထိခိုက်စေသည်။ ထို့ကြောင့် ဘိလပ်မြေအိတ်ခွံတစ်အိတ်လျှင် ကြက်ချေးနှစ်ဘူး၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံမြေသား ရောနှောအိတ်ထည့်၍ စိုက်ပျိုးရသည်။ ပေါင်စနစ်၊ ကျင်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေ စိုက်ပျိုးနိုင်ပြီး  တစ်ဧက အပင် ဝင်ဆံ့မှု ၅၄၄၅ ပင် ဝင်ဆံ့အောင်စိုက်ပျိုးသင့်သည်။

စိုက်ပျိုးပြီး တစ်လခွဲသားတွင် တစ်ကြိမ်၊ နှစ်လခွဲသားတွင်တစ်ကြိမ် ပေါင်းရှင်းခြင်းနှင့် သဘာဝမြေဩဇာ ထည့်သွင်းပြီး ပေါင်တင်ပေးရသည်။    နောက်နှစ်တွင် တစ်ပင်လျှင် ကြက်ချေးနှစ်ဘူးနှင့် မဖောက်ထုံးသုံးကျပ်သား၊ မြေဆွေးနှစ်ပြည်နှုန်း နှစ်စဉ်ထည့်သွင်းပေးရသည်။

တစ်ဧကအပင်ဝင်ဆံ့မှု ပြည့်မီသော ငါးနှစ်သားစိုက်ခင်းကို ရိတ်သိမ်းပါက တစ်ဧက အထွက်နှုန်း ဝဥအစို ပိဿာချိန်  ၁၀၀၀၀  ထွက်ရှိနိုင်သည်။

ဝဥသီးနှံမှ အသုံးဝင်သောအစိတ်အပိုင်းမှာ ဥကိုသာ ထုတ်လုပ်အသုံးပြုကြသည်။  ဝဥအား ကုန်ချောထုတ်လုပ်ရန်အတွက် စက်ရုံသို့မပို့မီနှင့် မျိုးဥအဖြစ် အသုံးမပြုမီ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောနေရာတွင် သိုလှောင်ထားနိုင်သည်။

ဝဥထုတ်ကုန်နှင့်ဈေးကွက်

ဝဥကုန်ချောထုတ်လုပ်ရန် ဝဥအစိုများကို ရေဆေးသန့်စင်ပြီး ပါးပါးလှီး အခြောက်ခံရသည်။ ဝဥအခြောက်ပြားရရှိမှုမှာ အစိုချိန်၏ ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကုန်ချောရရှိနိုင်သည်။

အခြားတစ်နည်းအားဖြင့် (အမှုန့်ကြိတ်နည်း) ဝဥ အစိုအား ရေဆေးသန့်စင်၊ အမှုန့်ကြိတ် အခြောက်ခံရာတွင်  ပေါ့ပါးသောအမှုန့်နှင့် အလေးချိန်ရှိသော အမှုန့်/အပွင့်များရရှိသည်။  အလေးချိန်ရှိသော ဝဥ   အမှုန့်/အပွင့် များကို   ကုန်ချောပြုလုပ်ရန် ပြည်ပသို့  တင်ပို့ရောင်းချနိုင်ပြီး    ပေါ့ပါးသော  အမှုန့်များကို  တိရစ္ဆာန်အစာအဖြစ်  အသုံးပြုကြသည်။

ဝဥကို အာရှနိုင်ငံများ(ထိုင်း၊ အိန္ဒိယ၊ တရုတ်)သို့ တင်ပို့လေ့ရှိသည်။ တရုတ်နိုင်ငံသည် ဝဥ၏ အဓိက တင်ပို့ဈေးကွက်ဖြစ်ပြီး ထိုင်းဈေးကွက်တွင် ဝဥကို ဟင်းလျာများနှင့် ဆေးဘက်ဆိုင်ရာထုတ်ကုန်များတွင် အသုံးပြုသည်။

မြန်မာနိုင်ငံမှ ဝဥ တင်ပို့ရောင်းချမှု အခြေအနေသည်  နိုင်ငံတကာဈေးကွက်နှင့်    ပြည်တွင်းလိုအပ်ချက်ပေါ်တွင်  မူတည်လျက်ရှိသည်။  ဝဥသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော   သီးနှံတစ်မျိုး ဖြစ်သည်။   ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊   ကရင်ပြည်နယ်၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်   အဓိကစိုက်ပျိုးသည်။  စိုက်ပျိုးနည်းပညာများ  တိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှု ပမာဏလည်း တိုးတက်လာစေသည်။

ဝဥစိုက်ပျိုးထုတ်လုပ်မှုတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် လိုအပ်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်မှု အားနည်းလျက်ရှိသည်။

ဝဥတင်ပို့မှုကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများ၊ ထုတ်လုပ်မှုစနစ်များနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်လာစေရန် လိုအပ်သည်။ ထို့ပြင်  နိုင်ငံတကာဈေးကွက်တွင် ဝဥ၏ အရည်အသွေးနှင့်  ကျန်းမာရေးအကျိုးကျေးဇူးများကို  မြှင့်တင်ခြင်းဖြင့် တင်ပို့မှုကို ပိုမိုတိုးတက်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဝဥတင်ပို့မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်လာနိုင်သော်လည်း စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်သည်။

ဝဥနှင့် ကျန်းမာရေး

 ဝဥသည်  ကျန်းမာရေးအတွက် စားသုံးရန်သင့်လျော်သော  သီးနှံတစ်မျိုးဖြစ်သည်။  ၎င်း၏ အရည်အသွေးနှင့် ထုတ်ကုန်အရည်အသွေး တိုးတက်လာရန် စိုက်ပျိုးရေးနည်းပညာ၊  ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို  ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်လျက်ရှိသည်။

ဝဥအစိုကို ကျေးလက်ဒေသများတွင် ရိုးရာ ဝတုန် ပြုလုပ်စားသုံးလေ့ရှိကြသည်။ ဝဥအစို ၅ ပိဿာအား ဝဥပေါ်ရှိ မြေသားနှင့်အမွေးများကိုဖယ်ရှားပြီး ရေဆေးသန့်စင်ရသည်။ သန့်ရှင်းစင်ကြယ်ပြီးသော ဝဥအလုံး လိုက်သော်လည်းကောင်း၊  အလုံးကြီးလျှင် ခွဲစိတ်၍သော်လည်းကောင်း ကျက်သည်အထိ ပြုတ်ရသည်။ ကျက်ပြီးသော ဝဥများကို ဆုံထဲထည့်၍ ကြေမွသည်အထိ  ထောင်းရသည်။  ထောင်းပြီး ကြေမွနေသော ဝဥများကို ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ထိုသို့ နယ်နေစဉ် ခြောက်လာပါက နယ်လို့ကောင်းရုံ ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ဝဥနယ်နေစဉ် မကြေသော ဝဥအသားစေ့များ/ အဖတ်များကို ဖယ်ရှားသန့်စင်ရသည်။ ဝဥအပြုတ် ပွသည်အထိနယ်ပြီး (ဝဥ ၅ ပိဿာတွင်) ဖောက်ထုံး၂၀ ကျပ်သားထည့်ကာ သမစွာရောနှော၍ နှံ့စပ်စွာမွှေနယ်ပေးရသည်။  ထိုကဲ့သို့     ထုံးထည့်မွှေပြီး ၃ မိနစ်အတွင်း  ဝဥများမာလာသည်။   ထိုအခါ ဗန်း(ထည့်ခွက်)ထဲထည့်၍  ဓားဖြင့်  ၄ လက်မအရွယ် အတုံးများစိတ်ပြီး ရေနွေးအိုးတွင် တစ်နာရီခန့် ပြုတ်ပါက   အသင့်သုပ်စားရန်    ဝတုန်များရရှိသည်။ ဝဥအစို ၅ ပိဿာအား ဝတုန်ပြုလုပ်လျှင် ဝတုန် ၁၀ ပိဿာရရှိသည်။ အဆိုပါ ဝတုန် ၁၀ ပိဿာတွင် ဝဥအစို ၅ ပိဿာ၊ ဖောက်ထုံး ၂၀ ကျပ်သားနှင့် ရေ ၄ ဒသမ ၈ ပိဿာ ပါဝင်သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝဥအစို တစ်ပိဿာ ဈေးနှုန်းမှာ ၃၀၀၀ ကျပ်နှုန်းရှိပြီး ဝတုန်တစ်ပိဿာဈေးနှုန်းမှာ ၄၀၀၀ ကျပ်နှုန်းရရှိသည်။   ကျေးလက်ဒေသများတွင် ဝတုန်ကို သုပ်စားခြင်း၊ ချက်စားခြင်းနှင့် တုတ်ထိုးလုပ်စားလေ့ရှိကြသည်။

ဝဥ၏အပေါ်အရောင်သည် အညိုရောင်ဖျော့ဖျော့ သို့မဟုတ် မီးခိုးရောင်ဖြစ်ပြီး  အတွင်းသားသည် အဖြူရောင်၊ ပန်းရောင်နှင့် အဝါရောင်များရှိသည်။ အနံ့သည်  ပေါ့ပါးပြီး   သဘာဝအတိုင်းရှိသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့်  ဝဥတွင်   ပိုးမွှားများ၊  မှိုများနှင့်   ဓာတုပစ္စည်းများ   ကင်းစင်ရန် လိုအပ်သည်။ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို အသုံးပြုရန် လိုအပ်သည်။  ထုတ်လုပ်မှု စံချိန်စံညွှန်း ဝဥထုတ်ကုန်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။   ထုတ်ကုန်များကို   သန့်ရှင်းသောပတ်ဝန်းကျင်တွင်  ထုတ်လုပ်ရပြီး  ထုပ်ပိုးမှုနှင့် သိုလှောင်မှုစနစ်များလည်း     စနစ်တကျ ဖြစ်ရန် လိုအပ်သည်။

ဝဥစိုက်ပျိုးခြင်းသည် ကျေးရွာများတွင် လူမှုရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပြီး စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေသည်။  ဝဥသည်    မြေဆီလွှာတွင် အာဟာရဓာတ်များကို ထိန်းသိမ်းပေးပြီး မြေဆီလွှာပျက်စီးမှုကို  ကာကွယ်ပေးသည်။   ဝဥစိုက်ပျိုးခြင်းသည်    ရေအရင်းအမြစ်ကို    ထိရောက်စွာ အသုံးပြုနိုင်သည်။  ဝဥသည်  ရေလိုအပ်ချက်နည်းပြီး ရေရှားပါးသောဒေသများတွင်လည်း   စိုက်ပျိုးနိုင်သည်။ ဝဥသည်  နိုင်ငံတကာဈေးကွက်တွင်  ဝယ်လိုအားမြင့်မားသော  သီးနှံတစ်မျိုးဖြစ်ပြီး   မြန်မာနိုင်ငံမှ ဝဥကို   အာရှနိုင်ငံများသို့   ဝဥတင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေသည်။

ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ထို့ပြင်    နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်မှု များတိုးတက်လာခြင်းဖြင့် ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာ့လူထုအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်သည်။ ထို့ကြောင့်  ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသည်။   သို့ဖြစ်ပါ၍  ဝဥသီးနှံအား တောင်သူများ တိုးချဲ့စိုက်ပျိုးထုတ်လုပ် သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။   ။

သော်ဇင်(ပလောက်)

နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။  အောင်မြင်မှုဟူသည်  အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊  ရိက္ခာဖြစ်ပေသည်။  အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။  အလုပ်မကြိုးစားသူ တစ်ယောက်၏စိတ်တွင်မူ  နာရီပိုင်းအချိန်လေး အတွက်ကိုယ်စားပြုသည်ကို  လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ အလုပ်ဟူသမျှဂုဏ်ရှိစွ  ဆိုသည့်စကားအတိုင်း အလုပ်မရွေး၊ နေရာမရွေး လုပ်ဆောင်ကြရမည်ဖြစ်သည်။

နေ့စဉ်ဘဝ ဖြတ်သန်းကြရာတွင် စိတ်ကောင်းနှလုံးကောင်းဖြင့် စိတ်ဖြူစင်မှုဖြစ်ပေါ်အောင် နေထိုင်ကြရမည်ဖြစ်သည်။  လူတစ်ယောက်သည် ရုပ်ဆိုးသော်လည်း စိတ်ဖြူစင်မှုရှိလျှင် အလွန်တရာ ကြည့်လို့ကောင်းလှသည်။    ရုပ်လှသော်လည်း စိတ်ဖြူစင်မှုမရှိ ကောက်ကျစ်လျှင်  အလွန်တရာ အရုပ်ဆိုးအကျည်းတန်လှပေသည်။ မိတ်ဆွေကောင်းနှင့်လည်း  ဝေးကွာနိုင်သည်။ အရေးကြုံ သက်လုံမလှ ဖြစ်ရသည့်ပမာ  ကိုယ်ခံအားမကောင်းသဖြင့် မျက်မှောက်ဘဝ၌ပင် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်ပေသည်။ စိတ်ဖြူစင်မှုစုဆောင်းရယူနိုင်ပေသည်။ စိတ်သည် ပေါ်ရာအာရုံနောက်သို့ တကောက်ကောက် လိုက်ပါနေလေ့ရှိသဖြင့်  မနောနှင့်တိုက်မိတိုင်း စိတ်ဖြစ်ပေါ်လျက် ပင်ပန်းကြရသည်။ အာရုံဟူသမျှ စိတ်ညွှတ်မိတိုင်း စိတ်ပင်ပန်းရသည်ကို သတိချပ်လျက်  နေထိုင်ရမည်ဖြစ်သည်။  သတိတစ်လုံး အခက်ဆုံးဖြစ်ပေသည်။

လူတိုင်း  ကိုယ့်ကိုယ်ကိုယ်  သတိရှိသည်ဟု ထင်မြင်ကြသည်။ သာမန်သိနေသော သတိ၊ စူးစိုက် လေ့ကျင့်မှုမှ   ဖြစ်ပေါ်သောသတိ   လွန်စွာကွဲပြားခြားနားသည်။ သာမန်သိသော သတိသည် အသိမမြဲ၊ အသေးစိတ် သိရှိနေခြင်းမျိုးမဟုတ်ပေ။ စူးစိုက်တည်ကြည်မှုမှ ဖြစ်ပေါ်သော သတိသည် မိမိနှင့် ဝန်းကျင်တွင်  ဖြစ်ပေါ်နေသော  အာရုံများစွာကို သတိဖြင့်   ကြည့်ရှုနိုင်သည်။   တဖြည်းဖြည်း ကြည့်ပါများလာလျှင်  အာရုံများကို  သတိဖြင့်စောင့်ကြည့်နိုင်မည်ဖြစ်သည်။ မည်သို့အကျိုးကျေးဇူးရမည်နည်း။  လူအများစုသည် အကျိုးမဖြစ်ထွန်းလျှင် ဇွဲ၊ လုံ့လ၊ ဝီရိယ  စိုက်ထုတ်ကြလေ့မရှိကြပေ။ သတိထားမမှားပါပေ။ မျက်မှောက်ကာလ လုပ်ငန်းခွင်တွင် ပြုမူနေထိုင်မှုပုံစံများကအစ ပြုပြင်ပြောင်းလဲလာမည်ဖြစ်သည်။ မိမိစိတ်တွင်ဖြစ်ပေါ်နေသော ဒေါသ၊  လောဘ၊  မောဟအနုအရင့်ကို သရုပ်ခွဲခြားနိုင်စွမ်းရှိလာမည်ဖြစ်သည်။   အလားတူ ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော  စိတ်လှုပ်ရှားမှုဟူသမျှကိုလည်း နားလည်လာမည်ဖြစ်သည်။

ရွှေသည် သတ္တုတစ်မျိုးဖြစ်သော်လည်း လူတို့၏ အဆင်တန်ဆာ၊ စည်းစိမ်ဥစ္စာအဖြစ်တည်ရှိပေသည်။ လူတွင်လည်း စိတ်သည် အကြီးအမှူးဖြစ်ပေသည်။ စိတ်ဆောင်၍ အောင်မြင်ကြရသည်။

စိတ်ဇွဲကြီး၍ ကြီးပွားချမ်းသာကြသည်။ သို့တိုင် စိတ်သည် အပြုသဘော၊ အဖျက်သဘောကိုဆောင် ပေသည်။ အပြုသဘောဆောင်သော စိတ်ပျော်ရွှင်မှုရရှိအောင်၊   စိတ်တည်ငြိမ်မှုရရှိအောင်  နေထိုင် ကြရမည်ဖြစ်သည်။ စိတ်မညစ်အောင် နေထိုင်ပြုမူကြရမည်ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးသည် ဒွန်တွဲနေလေ့ရှိသဖြင့်   စကားအပြောအဆို ထိန်းသိမ်း၍နေထိုင်မည်။ ကိုယ်အမူအရာ မျက်နှာပေးပြုပြင်၍ နေထိုင်မည်။ ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်မည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုစကားကို လက်ကိုင်မထားဘဲ၊ သင်ကောင်းခြင်း၊ မကောင်းခြင်းကို မျက်နှာမမူဘဲ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းအောင် နေထိုင်သွားကြရမည်ဖြစ်သည်။

ထို့အတူ သည်းခံခြင်းသဘော လက်ကိုင်ထားသင့်ပေသည်။ သည်းခံခြင်းသည် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရာတွင် လွန်စွာခက်ခဲလှသည်။ လူတစ်ဦး၏ စကား၊ အမူအရာ ရိုင်းပျမှုကို လူအများစု သည်းခံနိုင်စွမ်းမဲ့ကြသည်။ သည်းမခံနိုင်၍  ရန်ဖြစ်ကြသည်။  စကားများကြသည်။ လက်ပါခြေပါပြုမူကြသည်။ဒေါသလွန်၍ လူသတ်မှုဖြစ်ကြသည်။  ဒေါသသည် လွန်စွာကြောက်စရာကောင်းလှသည်။ ဒေါသကိုဖြစ်စေသော လောဘသည်လည်း ထိုနည်းတူစွာ ကြောက်စရာ အထူးကောင်းလှသည်။ လောဘကြောင့် လိုချင်မှုတို့ ဒီရေအလားတိုးတက်လာသည်။ မထားအပ်သည့် မာနထားရှိတတ်လာသည်။ ပစ္စည်းတစ်ခုပိုင်ဆိုင်ဖူးလျှင် ငါ့ပစ္စည်းဆိုသည့် လောဘကြောင့် စိတ်ပင်ပန်း ကြရသည်။  ပစ္စည်းဥစ္စာများပျက်စီးခြင်းကြောင့် သောကပူဆွေးဖြစ်ကြရသည်။ စိတ်အတွင်းဖြစ်ပွားသည့် သောကအပူမီးကို ငြှိမ်းသတ်နိုင်သည့် တစ်ခုတည်းသော   လမ်းကြောင်းသည်   သတိတရား လက်ကိုင်ထား၍ ဖြေရှင်းဆောင်ရွက်ခြင်းသာဖြစ်သည်။ ပျက်စီးသွားသောပစ္စည်း၊ စွန့်လွှတ်လိုက်ရသော ပစ္စည်းများအတွက် တရားနည်းလမ်းတကျ ရှုမြင်နိုင်လျှင် စိတ်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။

လောကဓံနှင့်ကြုံ စိတ်မတုန်လှုပ်အောင် သတိထားရမည်ဖြစ်သည်။ သာတစ်လှည့်နာတစ်လှည့် အခွင့်အရေးပေးနေသည့် လောက၏ ထိုးနှက်ချက်မျိုးစုံကြား၌  စိတ်ကို အလှည့်အပြောင်းမရှိ နေသားတကျရှိအောင် နေထိုင်ရမည်သာဖြစ်သည်။ အဆိုးလောကဓံသည် အမြဲမရှိနိုင်ပါပေ။ အဆိုးပြီးလျှင် အကောင်းလာမည်ဖြစ်သည်။ စိတ်များပျော့မသွားအောင်၊ ယိမ်းယိုင်မသွားအောင်  တည့်မတ်လျက်  ဘေးအပေါင်းကို ကျော်လွှား ရမည်ဖြစ်သည်။ စိန်သားသည် မာကြောသကဲ့သို့ တန်ဖိုးလည်းကြီးသည်။ စိတ်ကို စိန်ကဲ့သို့တန်ဖိုးကြီးအောင် ပုံဖော်၍  ဘဝကိုထုဆစ်နိုင်ရမည် ဖြစ်သည်။ အပြောင်းအလဲမြန်လှသည့် စိတ်၏ ဖြစ်စဉ်များကို   စုစည်းနိုင်စွမ်းအားဖြင့်  တည်ငြိမ်မှုရရှိ အောင်ကြိုးစား၍ လောကဓံကို အန်တုရင်ဆိုင်ကြရမည်ဖြစ်သည်။

ကမ္ဘာကြီးသည်   ရုပ်ဝတ္ထုဖွံ့ဖြိုးခြင်းများဖြင့် ခရီးဆက်လာသည်မှာ  နေသားတကျ ရှိလာပြီဖြစ်သော်လည်း ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်မှုများကြောင့်   မမျှော်မှန်းနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ပေါက်လာခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခြင်း၊   ရေကြီးခြင်း၊   လေပြင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း အစရှိသော ဘေးအပေါင်းသည် ကမ္ဘာကြီးကို ဝန်းရံလျက်ရှိပြီး အချိန်မရွေးဖျက်ဆီးနိုင်စွမ်း ရှိကြောင်းပြဆိုနေသည်။  သဘာဝဘေးအန္တရာယ်သည် လူတို့မျှော်မှန်းသည့်အတိုင်း   ဖြစ်ပေါ်လာလေ့မရှိဘဲ   မထင်မှတ်သည့် အချိန်များတွင် မျက်လှည့်ပြသည့်အလား ဝင်ရောက်လာလေ့ရှိသည်။ ဘေးမကြုံအောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ နှစ်အလိုက်ရရှိခဲ့သည့် အတွေ့အကြုံ၊ သင်ခန်းစာများကို ဆောင်ရန်နှင့် ရှောင်ရန်သတ်မှတ်လျက် တစ်ဦးချင်းလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တစ်ဦးချင်းပါဝင်မှုမှသည် အဖွဲ့အစည်းများအသွင်ဖြင့် ရိုင်းပင်းကူညီကြရမည်ဖြစ်သည်။

အတွေ့အကြုံသည် ဘဝသင်ခန်းစာဖြစ်ပေသည်။ ဘေးအန္တရာယ်အသွယ်သွယ်မှ ရုန်းထွက်နိုင်သူများ၏ ကြံ့ခိုင်မှုကိုပြဆိုနေသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြင့် ဘဝအဆင့်ဆင့် ပြန်လည်ဦးမော့အောင် ကြိုးစား ကြသည်။ ယနေ့ကမ္ဘာသည် မနေ့က ကမ္ဘာမဟုတ်သည်ကိုတွေ့ရမည်ဖြစ်သည်။ လဲလျှင်ပြန်ထနိုင်စွမ်းရှိသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ညွှန်းဆိုသည့်အတိုင်း နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှု စိတ်ရင်းစေတနာများ အထင်းသားတွေ့မြင်ကြရသည်။ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများ၊ ရေထု၊ မြေထု စနစ်တကျ စီစဉ်ဆောင်ရွက်မှုများကို ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲလျက် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရှေ့သို့ချီရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော နေ့ရက်များဆီ ဦးတည်ကြရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်အတူ   စိတ်ဓာတ်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကိုလည်း  ကျယ်ပြန့်သောလူ့အဖွဲ့အစည်း တစ်ခုလုံးဆီသို့   ပျံ့နှံ့ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

လူသည် တွေးကြံဆောင်ရွက်လျက် ဘဝကိုထူမတ်နိုင်စွမ်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ဆုံးနှင့် စိတ်ဓာတ်သန်မာသူများဖြစ်ကြသည်။ ခယောင်းလမ်းကို ပန်းပွင့်စေနိုင်သူဖြစ်သည်။ ဆန်းသစ်သော တီထွင်ဖန်တီးမှုစွမ်းအားများဖြင့် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သည်။ သစ်လွင်သောစိတ်ကူးများကို အပျက်ဆီသို့ တွန်းမပို့ဘဲ ပိုကောင်းသောစိတ်ကူးများ ဖြစ်စေသည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိသော အသက်ရှင်သန်ခြင်းဖြင့် ယခုလည်းကောင်း နောင်လည်းကောင်းမည့် အလုပ်များကို   ပြုံး၍ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။ ကံရှိသလောက် ရှင်သန်ကြရသည့် လောက၏ ဝှက်ဖဲအောက်တွင် မသေသေးသရွေ့ ကုသိုလ်ဖြစ်စေမည့် အလုပ်များကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းသောဘဝကို ထူထောင်ကြရေး ဆန္ဒမွန်ဖြင့် တိုက်တွန်း ရေးသားလိုက်ရသည်။   ။

ထက်‌‌ဝေအောင် (စစ်ကိုင်း)

ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း  ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့်  အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင်  ခပ်ရွယ်ရွယ်  အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင်  ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့်  အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင့်ချိန်တွင် အလွန်လှပသော အပင်ဖြစ်သည်။  မက်မွန်သီး၏ ပုံသဏ္ဌာန်မှာလည်း  ခပ်လုံးလုံး ဖြစ်ပြီး အသားများ၍အရည်ရွှမ်းပြီး အနံ့ အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ အပင်၏အရွယ်အစားမှာ အမြင့် ၁ဝ ပေမှ ပေ ၂ဝ ခန့်အထိ ရှိတတ်သည်။ မက်မွန်ပင်သည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊  ချယ်ရီပင်များနှင့်အတူ Rosaceae မျိုးရင်းတွင် Prunus မျိုးစု၌ ပါဝင်သဖြင့် ယင်း၏ရုက္ခဗေဒအမည်မှာ Prunus Persica ဖြစ်သည်။ အပင်၏အနေအထားနှင့် တကွ  အသွင်အပြင်ရော  အလေ့အထပါ ဗာဒံပင်နှင့် အလွန်တူသည့်အပြင် မျိုးချင်း လည်းတူကြသည်။

မက်မွန်သီးအမျိုးအစားများ

 ကမ္ဘာပေါ်တွင် မက်မွန်ပင်အမျိုးအစား ပေါင်း  ၂၀၀  ခန့်ရှိပြီး  အစေ့ကျွတ်မျိုး၊ အစေ့ကပ်မျိုး၊ အသားဖြူမျိုးနှင့် အသားဝါ မျိုးဟူ၍ ခွဲခြားထားသည်။ တချို့မက်မွန် သီးမှအစေ့များသည်    အသားနှင့်ကပ်မနေဘဲ  လွယ်ကူစွာ ထုတ်ယူနိုင်သောကြောင့်   အစေ့ကျွတ်မျိုးဟုခေါ်သည်။

တချို့အသီးမှအစေ့များမှာ  အသားတွင် ကပ်နေ၍ လွယ်ကူစွာ ထုတ်မယူနိုင်သောကြောင့် အစေ့ကပ်မျိုးဟု ခေါ်သည်။ တချို့အသီး၏ အသားရောင်ဖြူသော အသီးကို အသားဖြူမျိုးဟုခေါ်ပြီး အသားဝါသော အသီးကို အသားဝါမျိုးဟုခေါ်သည်။ မက်မွန်သီးအမှည့်များသည် ရက်အနည်းငယ် အတွင်းပုပ်၍ ပျက်စီးတတ်သဖြင့် ဈေးကွက်သို့တင်ပို့ရာတွင်   အခက်အခဲရှိသဖြင့်  မက်မွန်သီးများကို  မှည့်လျှင်မှည့်ချင်း ခူးဆွတ်မှသာ  အဆင်ပြေသည်။ သို့သော်လည်းယခုခေတ်တွင်  စည်သွတ်စက်ရုံကြီးများ ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဈေးကွက်သို့အချိန်မီ မတင်ပို့နိုင်သော အသီးမှည့်များကို  စည်သွတ်ကာ   နိုင်ငံတကာသို့  တင်ပို့ရောင်းချနေကြပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၌ မက်မွန်ပင်များကို မှန်အိမ်များဆောက်လုပ်၍   စိုက်ပျိုးကြသည်။  မြန်မာနိုင်ငံ၌ ပေပေါင်း  ၃ဝဝဝ   ကျော်အမြင့်ရှိသော  ရှမ်းကုန်းပြင်မြင့်၏ ဒေသများဖြစ်သည့်   ပြင်ဦးလွင်၊  ကလောနှင့် တောင်ကြီးမြို့တို့၏ အနီးပတ်ဝန်းကျင် ၌ မက်မွန်ခြံများကို တွေ့မြင်နိုင်သည်။

မက်မွန်သီးစိုက်ပျိုးမှုပုံစံ

မက်မွန်ပင်သည်  သမပိုင်းရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီးခြောက်သွေ့၍   အပူ၊ အအေးမျှတသော ရာသီဥတုကိုနှစ်သက်သည်။ သဲမြေနှင့် နုန်းမြေတို့တွင် ကောင်းစွာကြီးထွားနိုင်သည်။     မက်မွန်ပင်စိုက်ပျိုးသူများသည် အသီးခူးရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင်လည်းကောင်း သက်သာလွယ်ကူစေရန်  အပင်ကိုမြင့်မြင့်မထားဘဲ အကိုင်းအခက်များကိုချိုင်၍  ၁၂  ပေခန့် သာထားခြင်းဖြင့် အစိမ်းတောက်တောက် အရွက်လေးများသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သော အရွက်လေးများထွက်လာသည်။ နွေဦးပေါက်ရာသီတွင် ပင်လုံးကျွတ်လှပ၍ နူးညံ့သောပန်း ရောင်အပွင့်လေးများ ပွင့်လာပြီးနောက် အရွက်များ ထွက်လာသည်။  မက်မွန်သီး အမျိုးအစားအားလုံးသည်     နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီအထိ အသီးမှည့်ကြသည်။  နွေဦးပေါက်ရာသီတွင် စောစောပွင့်သော အပွင့်များကို နှင်းခါးရိုက်တတ်သဖြင့်   အသီးမတင်သောကြောင့်    နှင်းခါးလွတ်သော နေရာများ၌သာ    အမြောက်အမြား     စိုက်ပျိုးကြ သည်။

မက်မွန်ပင်ကို အစေ့မှတိုက်ရိုက်စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက် ကောင်းသောနေရာ၌ စိုက်ပျိုးသင့်သည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးနှင့် အပင်ပုမျိုးဟူ၍နှစ်မျိုးရှိသည်။ အပင်ကြီးမျိုးကိုစိုက်ပျိုးပါက ပင်ကြားတန်းကြား အကွာအဝေးကို ၁၅ ပေမှ ပေ ၂၀ ထား၍ စိုက်ပျိုးနိုင်သည်။ အပင်ပုမျိုးစိုက်ပျိုးပါက ပင်ကြားတန်းကြားအကွာအဝေးကို ၁၀ ပေ မှ ၁၂ ပေထား၍စိုက်ပျိုးနိုင်သည်။ မက်မွန်သီးအထဲတွင်ရှိသော အစေ့မာတစ်စေ့၏အတွင်း၌မျိုးစေ့ရှိပြီး ထိုမျိုးစေ့မှ  အပင်ပေါက်ခြင်းဖြစ်သော်လည်း များသောအား ဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသော အပင်မှသီးသည့် အသီးလောက်မကြီးဘဲ ညံ့သွားတတ်သည်။

ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အာဟာရဓာတ်ကြွယ်ဝသည့် မက်မွန်သီး

မက်မွန်သီးတွင်   ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ကယ်လ်လိုရီ၊ ပရိုတင်း (Protein)၊ အဆီ (Fat)၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate)၊ အမျှင်ဓာတ် (Fiber)၊ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်ဆီယမ် (K)၊ နီကာဆင်၊ ဗီတာမင်E၊ ဗီတာမင် K၊ ကော့ပါး (Cu)၊ မဂ္ဂနိစ် (Mn)၊  ကယ်လ် စီယမ်  (Ca)၊ သံဓာတ်  (Fe)စသည့် ဗီတာမင်၊ သတ္တုဓာတ်နှင့် တခြားအကျိုးပြု ဒြပ်ပေါင်းများပါဝင်သောကြောင့် မက်မွန် သီးစားပေးမည်ဆိုပါက ခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေသည်။

အစာခြေစနစ်ကိုကျန်းမာစေနိုင်သော မက်မွန်သီး

မက်မွန်သီးတွင် အမျှင်ဓာတ်ပါဝင်နေသောကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာများကို ကြေညက်စေနိုင်သကဲ့သို့ အူနံရံကိုအာဟာရဓာတ်များ စုပ်ယူရန်လည်း ကူညီပေးနိုင်သည်။ ဝမ်းမမှန်ခြင်းနှင့် အစာခြေ စနစ်ပြဿနာများမဖြစ်စေရန် တားဆီး ပေးနိုင်သောကြောင့် အူမကြီးကိုကျန်းမာစေနိုင်သော အသီးတစ်မျိုးဖြစ်သည်။

နှလုံးကျန်းမာစေနိုင်သော မက်မွန်သီး

မက်မွန်သီးတွင်    နှလုံးကျန်းမာစေသည့်ဓာတ်  များစွာပါဝင်နေသောကြောင့် မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုသာ နည်းစေခြင်းမဟုတ်ဘဲ သွေးတိုး နှင့် သွေးတွင်းကိုလက်စထရောမြင့်တက်မှုမဖြစ်ရန်လည်း  ကာကွယ်ပေးသည်။ သွေးတိုးနှင့် သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာလိုသူများအနေဖြင့် တစ်ရက်လျှင် မက်မွန်သီးတစ်လုံးစားပေးခြင်းသည်   နှလုံးကျန်းမာရေးကို စောင့်ရှောက်နေခြင်း ဖြစ်သည်။

အသားအရေကို ကျန်းမာစေနိုင်သော မက်မွန်သီး

မက်မွန်သီးတွင်ပါဝင်သည့်  ဒြပ်ပေါင်းတစ်မျိုးသည်   အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကိုတင်းရင်းစေနိုင်သကဲ့သို့ အရေပြားပြဿနာကင်းကာ ကျန်းမာသည့်အသားအရေကို  ပိုင်ဆိုင်စေနိုင်သည်။  အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့်  ပျက်စီးမှုမှကာကွယ် ပေးနိုင်ပြီး  အရေပြားကိုကျန်းမာစေနိုင် သည့် အာနိသင်ရှိသည်။

ကင်ဆာကာကွယ်ပေးနိုင်သော မက်မွန်သီး

မက်မွန်သီးတွင်တခြားအသီးများကဲ့သို့ ခန္ဓာကိုယ်ကိုအကျိုးပြုသည့် ဒြပ်ပေါင်းများစွာပါဝင်နေသကဲ့သို့ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်သည့်  ပရိုတင်း လည်းပါဝင်သည်။ မက်မွန်သီး၏အသားလွှာတွင် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် ကာရိုတီးနွိုက် (Carotenoid)နှင့် ကဖိန်းအက်စစ် (Caffeic acid)  တို့ ပါဝင်သည်။ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများအတွက်  တစ်ရက်လျှင်  မက်မွန်သီးနှစ်လုံး    ပုံမှန်စားပေးပါက  ရင်သားကင်ဆာဖြစ်နိုင်ခြေကို    ၄၁    ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်ဟု သိရသည်။

ဓာတ်မတည့်မှုကိုသက်သာ လျော့ပါးစေနိုင်သော မက်မွန်သီး

ခန္ဓာကိုယ်က ဓာတ်မတည့်သောအရာ တစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓာတ်မတည့် မှုကိုတုံ့ပြန်ရန် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ  Histamines ဟုခေါ်သည့် ဓာတု ပစ္စည်းကိုထုတ်လွှတ်ပြီး    ခန္ဓာကိုယ်မှ နှာချေခြင်း၊ ယားယံခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့  ဓာတ်မတည့်မှု လက္ခဏာများဖြစ်ပေါ်လာသည်။  မက်မွန်သီးက  ဓာတ်မတည့်မှုကြောင့်ဖြစ်သည့်  ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေနိုင်သောကြောင့်    ဓာတ်မတည့်မှုဖြစ်တတ်သူများ အနေဖြင့်  မက်မွန်သီးသည်  စားပေးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။

အနာကျက်စေနိုင်သော မက်မွန်သီး

နူးညံ့ပြီးစားကောင်းသည့် မက်မွန်သီးတွင် ဗီတာမင် C  ၁၅ ရာခိုင်နှုန်းပါဝင်နေခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သကဲ့သို့   အနာများကိုလည်း   မြန်မြန် ကျက်စေနိုင်သည်။    ဆဲလ်များထိခိုက် ပျက်စီးမှုမရှိစေရန်လည်း   ကာကွယ်ပေးနိုင်သည်။

အမြင်အာရုံ ကောင်းစေနိုင်သော မက်မွန်သီး

 မက်မွန်သီးတွင်   ဘီတာကယ်ရိုတင်း (Beta-carotene)  ဟုခေါ်သည့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုး ပါဝင်နေသောကြောင့်        မက်မွန်သီးကို စားလိုက်သည့်အခါ အဆိုပါဓာတ်က ခန္ဓာကိုယ်အတွင်း  ဗီတာမင်A အဖြစ် ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေရန် အထောက်အပံ့ပေးသည်။  မက်မွန်သီးက အမြင်အာရုံသာမကဘဲ ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓာကိုယ်ကို များစွာအထောက် အပံ့ပေးနိုင်သည်။

ဆီးချိုသမားများနှင့် သင့်တော်သော မက်မွန်သီး

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်ဟု  လေ့လာတွေ့ရှိရသောကြောင့်   မက်မွန်သီးစားခြင်းဖြင့်   အမျိုး အစား (၁) ဆီးချိုသမားများနှင့် အမျိုးအစား (၂)   ဆီးချိုသမားများအတွက်   သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်သည်။

သတိထားစားသင့်သော မက်မွန်သီး

မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန်သောက်နေ ရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

Source: Myawady Web Portal

 

ဒေါက်တာလပြည့်ခင်

သက်ရှိသတ္တဝါအားလုံးအတွက်   အရေးကြီးဆုံး အစိတ်အပိုင်းသည် မျက်လုံးတစ်စုံဖြစ်သည်ကို စိုးစဉ်းမျှ  ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။  ထို့ကြောင့်လည်း ရှေးလူကြီးများက  မျက်စိအဆုံး၊  နားအရှုံး ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း  ကျန်းမာရေးအခြေခံဗဟုသုတ အားနည်း၍   နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့်  စက္ခုအာရုံချို့ယွင်းသွားခြင်းသည်   ကာယကံရှင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေသည်။

မျက်စိအတွင်းတိမ်၊  မျက်စိရေတိမ်၊ မျက်ခမ်းစပ်ရောဂါ စသည့် မျက်စိရောဂါအမျိုးမျိုး၊ မတော်တဆ ထိခိုက်မိခြင်း   သို့မဟုတ် လုပ်ငန်းခွင်မှ    ထိခိုက်မှုအန္တရာယ်၊ အာဟာရချို့တဲ့ခြင်း၊  ဆီးချို သို့မဟုတ် သွေးတိုး သို့မဟုတ် ကျောက်ကပ် စသည့် နာတာရှည်ရောဂါတို့အတွက်  သုံးစွဲလျက်ရှိသော  ပဋိဇီဝဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အမြင်အာရုံပျက်စီးနိုင်သည်။ ထို့ပြင် မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းဆော့ခြင်း၊ ဖုန်းနှင့် ကွန်ပျူတာကြည့်ခြင်း၊ စာကြည့်ခြင်း၊ နေ‌ရောင်ခြည်အောက်  ဦးထုပ်၊ ထီး၊ နေကာမျက်မှန် စသည့်အကာအကွယ်မပါဘဲ သွားလာခြင်း၊  ဆေးလိပ်၊   အရက်သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့သို့သော ဓာတုပစ္စည်းများ စားသောက်ခြင်းတို့ကလည်း    အမြင်အာရုံချို့ယွင်းစေသောအကြောင်းများဖြစ်သည်။

ဖုန်းနှင့် ကွန်ပျူတာတို့ကြောင့် မျက်စိမထိခိုက်စေရေး

ကမ္ဘာတစ်ဝန်း အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီအလုပ်ကြောင့်ဖြစ်စေ၊ အပျင်းပြေဖြစ်စေ၊ ဂိမ်းကစားရင်းဖြစ်စေ အင်တာနက်အသုံးပြုကာ အချိန်ကုန်လွန်နေကြပြီး    ကလေးများက     ဂိမ်းစွဲသလို သက်လတ်ပိုင်းနှင့် တချို့သက်ကြီးပိုင်းများပါ  အင်တာနက်စွဲလမ်းမှုရောဂါ စွဲကပ်နေကြသည်။ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် အကြည့်များ၍  အမြင်အာရုံဝေဝါးခြင်း၊  မျက်လုံးအိမ်ခြောက်သွေ့ကာ   မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊  ပခုံး၊  နောက်ကျောနာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင်   နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူးခေါင်းကိုက်၍     ဇက်ကြောတက်ခြင်းနှင့် အရိုးကျီးပေါင်းရောဂါများ ဖြစ်စေသည်။

ကွန်ပျူတာကြောင့်  မျက်စိထိခိုက်ခြင်းမှ  သက်သာစေရန်    အလင်းလျှော့ချပေးသော   Flat  LCD Monitor ကိုသုံးပါ။    ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။ ကွန်ပျူတာမသုံးမီ ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို သန့်စင်ပါ။ မျက်နှာနှင့် ကွန်ပျူတာကို  နှစ်ပေခန့်ကွာဝေးစေပြီး ကွန်ပျူတာမျက်နှာပြင်သည် သင့်မျက်လုံးနေရာထက်  နိမ့်နေရမည်။   စာရိုက်ရန်    စာရွက်များကို    ကွန်ပျူတာဘေးတွင်   ထောင်ထားပါ။  ကွန်ပျူတာလက်ကွက် အလွတ်မရပါက    ဦးစွာ   စာကိုသာကြည့်ရိုက်ပြီး စာလုံးပေါင်းသတ်ပုံ အမှန်စစ်ချိန်တွင်သာ  ကွန်ပျူတာကို ကြည့်ပါ။   ထိုင်ခုံပေါ်တွင်    ကွန်ပျူတာရှေ့တည့်တည့်   ခါးမတ်မတ်ထိုင်၍ ခြေဖဝါးကို  အောက်သို့ အပြားလိုက်ချထားပါ။  အခန်းအလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်ဖြစ်ပြီး  ပြတင်းပေါက်နှင့်    မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။     မျက်စိ အညောင်းပြေစေရန် ကွန်ပျူတာကို ၁၅ မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့ တစ်မိနစ်ခန့်ကြည့်ပါ။ နာရီဝက်ကြာတိုင်း  အကြိမ် ၂၀  မျက်တောင်ခတ်ပါ။ တစ်နာရီကြာတိုင်း  မျက်လုံးမှိတ်၍ ခေတ္တအနားပေးပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည် အထိပွတ်ပေးပြီး  မျက်လုံးပေါ် ဖွဖွလေးတင်ပါ။ လက်ချောင်းများကြားမှ အလင်းရောင်ဝင်မလာအောင် လက်ချောင်းများကို ပူးကပ်ထားပါ။

ကြိုတင်ကာကွယ်နည်းလမ်းကောင်းများ

ကြိုတင်ကာကွယ်ခြင်းသည်    ကုသခြင်းထက်ကောင်း၏ ဟူသော   ဆောင်ပုဒ်နှင့်အညီ     ရောဂါဖြစ်လာမှ    ကုသခြင်းထက်    မိမိတို့ကျန်းမာရေးအသိစိတ်ဓာတ်ထားကာ   အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် ကြိုတင် ကာကွယ်ကြစေလိုသည်။

-  အနည်းဆုံး  ခြောက်လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိစစ်ဆေးမှု ခံယူသင့်သည်။

-   မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက်မှုန်သွားခြင်း၊ မီးအလင်းရောင်ကဲ့သို့ အလင်းများ  ဖြာထွက်လာခြင်း၊ ရွေ့လျားနေသော ရောင်စုံအစက်အပြောက်များ သို့မဟုတ် အမည်းစက်များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္ထုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက်နာကျင်ခြင်း  စသည့်လက္ခဏာများပြလာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် အမြန်ဆုံးစစ်ဆေးမှုခံယူပါ။

-   ဆရာဝန်နှင့် ပြသပြီးနောက် တိကျမှန်ကန်သော မျက်စဉ်းဆေးရည်ကို ညွှန်ကြားချက်အတိုင်း စနစ်တကျခတ်ပေးပြီးနောက် မျက်စဉ်းဆေးဘူးကို ရေခဲသေတ္တာ သို့မဟုတ် သန့်ရှင်း၍ အေးမြသောနေရာတွင် သိမ်းပါ။

-   မျက်ကပ်မှန်တပ်ဆင်သူများသည် မျက်ကပ်မှန်ကို   သန့်ရှင်းသောလက်ဖြင့်    ကိုင်တွယ်အသုံးပြုပါ။     တစ်နေ့လျှင် အများဆုံး ရှစ်နာရီထက်ပို၍ တပ်ဆင်ခြင်းမပြုသင့်ပေ။ မျက်ကပ်မှန်တပ်ရင်း  အိပ်စက်ခြင်း၊ မျက်လုံးကိုဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်းများ မပြုလုပ်ရပါ။

-   ကမ္ဘာကြီးသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ခရမ်းလွန်ရောင်ခြည်  ပြင်းထန်သည့်အဆင့်  ကျရောက်လျက်ရှိရာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်သည့်အခါ UV ကာကွယ်သော ရောင်ပြန်ထီး သို့မဟုတ် မျက်လုံးဖုံးအုပ်စေသော လျှာထိုးဦးထုပ်ဆောင်းပါ။ အလင်းလှိုင်းဖြာထွက်မှုကို ထိန်းပေးပြီး  မျက်လုံးတစ်ဝိုက် လုံလောက်စွာ ကာကွယ်ပေးသည့် နေကာမျက်မှန်တပ်ဆင်ပါ။

-   စက်ချုပ်ခြင်း၊ သိုးမွေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း စသည်ဖြင့် မျက်စိအာရုံစိုက်ရသော အလုပ်ကို  အတတ်နိုင်ဆုံးလျှော့ချ၍ ဝန်မပိအောင် ဂရုစိုက်ပါ။  မျက်စိစွေစောင်း  မဖြစ်ရလေအောင်   စာဖတ်သည့်အခါတွင်လည်း   စာအုပ်ကို ဘေးတစောင်းဖတ်ခြင်းမပြုလုပ်ရပါ။

-  သစ်ခွဲစက်၊ ကျောက်ခွဲစက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျှောစီးခြင်းတို့ပြုလုပ်ရာတွင် မျက်လုံးအကာ တပ်ဆင်ပါ။

-  အမြင်အာရုံကြည်လင်စေရန် မြန်မာ့ဆေးမြီးတိုများဖြစ်ကြသော ကွမ်းရွက်ကို လက်ဖြင့်အသာခြေ၍ နားထင်၊   မျက်ရိုးတစ်လျှောက်နှင့်  မျက်ရည်အိတ် အောက်ဘက်တို့တွင် ကပ်ပေးပါ။ သခွားသီးကို ပါးပါးလှီး၍  နားထင်၊ မျက်ခွံနှင့် မျက်စိတစ်ဝိုက်ကပ်ပါ။ ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖဝါးကို ဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။ မျက်လုံးတစ်ဝိုက်တွင် မန်ကျည်းသီးအနှစ်ကို မျက်ကွင်းဆေးအဖြစ် လိမ်းပါ။

-  ညအိပ်ရာဝင်ခါနီး ဒူးခေါင်းပေါ်မှ ရေလောင်းချပါ။

-  ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ရေလောင်းပါ။

အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွှယ်သောရောဂါများ

-  မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျခြင်း၊   အိပ်ရေးပျက်ခြင်း၊  စီးကရက်မီးခိုးငွေ့များ၊ ကြွက်သားအားကောင်းဆေး၊ နာတာရှည်ရောဂါများ၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊  ကိုလက်စထရောများခြင်းတို့ကြောင့်  မျက်စိအတွင်းတိမ်ဖြစ်စေသည်။

-  ဆီးချိုရောဂါခံစားနေရသူများ၊ ထုံးနှင့်ပေါင်းသတ်ဆေး စသော ဓာတုဆေးများ  မျက်လုံးထဲ   မတော်တဆဝင်ခြင်း၊  အဆီများသော အစားအစာများနှင့် ကိုယ်လက်လှုပ်ရှားမှုနည်း၍   အညောင်းမိခြင်းတို့ကြောင့်လည်း  မျက်စိရေတိမ်စွဲစေသည်။

-  ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသောအစားအစာများ၊     ငန်လွန်းသောအစားအစာများကြောင့် မျက်စိခြောက်၍ မျက်ရည်အိတ်ခန်းစေသည်။

-  မိမိမျက်စိနှင့်     ပါဝါမကိုက်ညီသော မျက်မှန်ကို မှားယွင်းစွာ တပ်ဆင် အသုံးပြုခြင်းကလည်း အမြင်အာရုံပျက်စီးစေသည်။

-  ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိတစ်သျှူးများ မာကျောခြင်း၊   ရေယုန်နာပေါက်ခြင်း၊  AIDS ရောဂါဝေဒနာရှင်များသည်    ထိုရောဂါများ ပြင်းထန်နေချိန်တွင် မျက်စိပါဝါစမ်းသပ်ပါက အဖြေမှန် မထွက်နိုင်ချေ။

အကောင်းဆုံးဖြည့်စွက်စာများ

သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ်စားသုံးခြင်းကလည်း သင့်မျက်စိအတွက် အိမ်တွင်းသမားတော်အဖြစ်    အားထားနိုင်သည်။    မျက်စိအတွက်   သင့်လျော်သည့်အစားအစာများကို    ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိသွေးလည်ပတ်မှုကို အထောက်အကူပြုကာ မျက်စိအားကောင်းစေပြီး    ကြက်မျက်သင့်ရောဂါ၊    အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်းတို့မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

- ဗီတာမင် A  ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊  ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ထောပတ်ပဲများ။

- လူတိန်းနှင့်   ဇီအာဇန်သင်းဓာတ်ကြွယ်ဝသော ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ။

- ဗီတာမင်  C  ဓာတ်ကြွယ်ဝသော   ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေး။

- ဘိုင်အိုဖလေဗိုနွိုက်ဓာတ်ကြွယ်ဝသော ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီသီး၊ စပျစ်သီး၊  ဆီးသီး။

- ဗီတာမင်  E  ဓာတ်ကြွယ်ဝသော    နေကြာစေ့၊ သစ်အယ်သီး၊  မြေပဲ၊   ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့။

- စီလီနီယမ်ဓာတ်ကြွယ်ဝသော  ပုစွန်၊ ကဏန်း၊ ကင်းမွန်(ပြည်ကြီးငါး)၊ ရေဘဝဲ၊  ခုံးကောင်စသောပင်လယ်စာများ။

- Brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီးတစ်မျိုး၊ တဆေးဖြင့်အချဉ်ဖောက်ထားသော နို့ချဉ်၊ ဒိန်ချဉ်များ။

- ဇင့်ဓာတ်ပါသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး။    

အမြင်အာရုံချို့ယွင်းစေသော အစားအစာများ

- တညင်းသီး၊ မျှစ်  သို့မဟုတ်  မျှစ်ချဉ် စသည့် အကြောတက်စေသောအစားအစာများ။

- ဆားနှင့် သကြားကဲထားပြီး  အာဟာရလုံးဝ မမြောက်သော သရေစာများ။

- တိရစ္ဆာန်နို့၊ ပဲနို့၊ ဟင်းရွက်ဆီတို့ကို ဟိုက်ဒရိုဂျင်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲထားသည့် မာဂျရင်း (ခေါ်) ထောပတ်တုများ။

- အာလူး  သို့မဟုတ်  ကန်စွန်းဥ  သို့မဟုတ် ငှက်ပျောသီးတို့၏ မူလသဘာဝဓာတ်ပျောက်အောင် အကြွပ်ကြော်ထားသော ဆီကြော်အစားအစာများ။

အချုပ်ဆိုရသော်    လူတော်တော်များများသည် အမြင်အာရုံဆုံးရှုံးမည်ကို ကြောက်ရွံ့ကြသော်လည်း ၎င်းတို့၏မျက်လုံးများကို ဂရုစိုက်ရန် မေ့နေတတ်ကြသည်။    မျက်စိကွယ်ခြင်းဖြစ်ပွားမှု အားလုံး၏ ၇၅  ရာခိုင်နှုန်းကို   ကြိုတင်ကာကွယ်ခြင်း  သို့မဟုတ်  စနစ်တကျကုသမှု ခံယူခြင်းဖြင့် ရှောင်ရှားနိုင်သည်။

ထို့ကြောင့် မျက်လုံးကို   တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စမ်းသပ်စစ်ဆေးပါ။ မျက်စိစမ်းသပ်မှုတစ်ခုသည်   ရေတိမ်ကဲ့သို့သော   မျက်စိအခြေအနေ၏ အစောပိုင်းလက္ခဏာများကို အလွယ်တကူသိရှိနိုင်ပြီး    ဆောလျင်စွာ ကုသနိုင်မည်ဖြစ်သည်။

ထို့ပြင် မျက်စိစစ်ဆေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး အပါအဝင် တခြားသောကျန်းမာရေး အခြေအနေများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ မျက်စိကျန်းမာစေရန်  မျက်စိအကျိုးပြု အစားအစာတို့ကို ကောင်းစွာစားသင့်ပြီး ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ကာ ပူပြင်းသော  နေရောင်ခြည်အောက်သို့ မဖြစ်မနေ သွားရသည့်အခါ  မျက်လုံးကို အကာအကွယ်ဖြစ်စေရန် အတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်ရန်  အကြံပြုရေးသား တိုက်တွန်းလိုက်ရပါသည်။                    

Source: Myawady Web Portal

ပေါက်ပေါက်

နေပြည်တော်တွင် နှစ်ပေါင်း  ၂၀ နီးပါး တာဝန်ထမ်းဆောင်စဉ် အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော  မန္တလေးမြေငလျင်ကြီးသည် မိမိမွေးဖွားသည်မှ ယနေ့အသက်  ၆၀  ကျော်ကာလအတွင်း  ပထမဆုံးတွေ့ကြုံခဲ့ဖူးသော အပြင်းထန်ဆုံးသော  သဘာဝဘေးငလျင်ဖြစ်သည်။

ငလျင်လှုပ်သည့်နေ့ မတ်လ ၂၈ ရက်တွင် ဌာနအကြီးအကဲများက ချက်ချင်းပင် မိမိဌာနဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ အပါအဝင် ရုံးအဆောက်အအုံ ပျက်စီးမှုများကို လိုက်လံစစ်ဆေးကြည့်ရှုကြရာ မိမိကိုင်တွယ်ရသော ဌာနခွဲမှာ မြန်မာ့အားကစားအမွေအနှစ်များ (ရုပ်တုများ၊ ဆုဖလားများ၊ ဆုတံဆိပ်မှတ်တမ်းများ၊ သမိုင်းဝင်ဓာတ်ပုံများ)ကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် ပြခန်းများလည်းပါဝင်၍ လာရောက်စစ်ဆေးသူ အကြီးအကဲများက အဆိုပါ အားကစားအမွေအနှစ်ပစ္စည်းများအတွက် စိုးရိမ်ကာ ပြခန်းများအတွက် ညဂျူတီချရန် ညွှန်ကြားခဲ့ကြသည်။

မိမိအပါအဝင် ဝန်ထမ်းများ အိမ်ရာရွှေ့ပြောင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပအပြီးမှာ ကျွန်တော်လည်းပဲ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းအတွင်း နေအိမ်ခန်းတစ်ခန်း ရရှိခဲ့၍ နေထိုင်ရေး အဆင်ပြေခဲ့သည်။ အားကစားဌာန ဝန်ထမ်းဖြစ်ရတာကို ယခုအချိန်တွင် ဂုဏ်ယူမိသည်။ ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်မိသည်။ အဆိုပါအားကစားလေ့ကျင့်ရေးစခန်းတွင်ပင် စခန်းဝင် အားကစား သမားများသည်လည်း ထိုအတောအတွင်း အဆောင်ရှေ့များ၌ ထွက်အိပ်ကြသည်ကို တွေ့ရသည်။

လျှပ်စစ်မီးနှင့် ရေကလည်းမလာ၍  အားလုံးစိတ်ညစ်နေကြသည်။ အဆိုပါပြဿနာများကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ဒုတိယဝန်ကြီးများ အပါအဝင် ဌာနအကြီးအကဲများ စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ အားကစားသမားများ၊ နည်းပြများအားလုံး၏ နေထိုင်ရေး၊ စားသောက်ရေးအတွက် ထမင်းဘူးများဖြန့်ဝေပေးခြင်း၊ ရေကားများနှင့် ရေဖြန့်ဝေပေးခြင်း၊ သောက်ရေသန့် အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းတို့ကို စီစဉ်ပေးနိုင်ခဲ့သည်မှာ ကျေးဇူးတင် ဝမ်းသာစရာဖြစ်ခဲ့သည်။ တစ်ပတ်ခန့်အကြာမှာပင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။

ရေကတော့ ငလျင်လှုပ်မှုကြောင့် မြေ‌အောက်ရေပိုက်လိုင်းများ ကွဲခြင်း၊  ပြတ်တောက်ပျက်စီးခြင်းများ  ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာဌာနများက  အချိန်ယူပြီး  ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးကြသဖြင့် ကျေးဇူးတင်ထိုက်သူများတွင် သူတို့လည်းပါဝင်ကြသည်။ အဆိုပါကာလအတွင်း အရေးပေါ်လုပ်ငန်း ဆောင်တာများတွင် အားကစားနည်းပြကြီးများ၊ အားကစားသမားများက  အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ကြသည်ကို တွေ့ရ၍ လွန်စွာကျေးဇူးတင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားထောက်အကူပြုအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်အပါအဝင် လက်နှိပ်ဓာတ်မီးကအစ ဦးဦးဖျားဖျား တကူးတက လာရောက်လှူဒါန်းသွားသည်မှာ ကျေးဇူးတင်အမှတ်တရဖြစ်စေခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌကြီးများအပါအဝင် ရပ်ဝေးဒေသ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အားကစား မိသားစုများကလည်း လာရောက်လှူဒါန်းကြ၍ အလှူရှင်များနှင့် ဌာနအကြီးအကဲများကို များစွာကျေးဇူးတင်မိသည်။ ဌာနခွဲအသီးသီးရှိ ရုံးများမှာလည်း လတ်တလောအခြေအနေအရ ပြောင်းရွှေ့ရ၍ စားပွဲခုံ၊ ဗီရို၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ ဆက်တီများ၊ အနှစ်နှစ်အလလက ရုံးစာဖိုင်များကို ရွှေ့ပြောင်းသယ်ယူရာမှာလည်း အမှန်တကယ် မိမိအပါအဝင် အမျိုးသားဝန်ထမ်းများက ပိုမိုပင်ပန်းကြရသည်။ နောက်ပိုင်းတွင် ဌာနအကြီးအကဲများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့်  တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေးလံသော အားကစားဆိုင်ရာ ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ပိုးပေးမှုကြောင့်လည်း   တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအပါအဝင် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသော အကြီးအကဲများကို အထူးလေးစားကြည်ညိုမိသည်။

မိမိသည်လည်း အားကစားနှင့် လူငယ်‌ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အားလျော်စွာ မိမိဝန်ကြီးဌာန၏ တာဝန်ကြီးတစ်ရပ်ဖြစ်သော လာမည့်ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့်မီမီပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှု အရှိန်အဟုန်များ လျော့ပါးသွားမည်ကို စိုးရိမ်ပူပန်မိသည်။

ရေအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲအပါအဝင် လေ့ကျင့်ရန်နေရာများနှင့် စားသုံးသည့် အစားအစာများမှ ရသင့်ရထိုက်သော အာဟာရတန်ဖိုး ကယ်လိုရီများ လျော့နည်းသွားမည်ကိုပင် စိုးရိမ်မိသည်။ ဆုတံဆိပ်များ ရရှိရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပြီး   လေ့ကျင့်မှုအရှိန်အဟုန် ပျက်မည်ကို စိုးရိမ်ပူပန်လျက်ရှိစဉ် ထိုအပူသောကကို ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နာယကဂုဏ် ခြောက်ပါးနှင့်လျော်ညီစွာ စီမံခန့်ခွဲကာ ဖြေရှင်းပေးနေသည်ကို တွေ့မြင်ရသည်။

၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ၊ တိုင်းဒေသကြီး /ပြည်နယ်ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ်လက်ရွေးစင်များကို အားကစားလေ့ကျင့်ရေးစခန်း (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်စေရေး စီမံဆောင်ရွက် ထားသည်။ အဆိုပါ အားကစားသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး  ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်အောင် စီမံဆောင်ရွက်ပေးထားသည်။ ငလျင်လှုပ်ချိန်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများ အပါအဝင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ ငလျင်ဒဏ်ကို   အသီးသီးကိုယ်တွေ့ ခံစားခဲ့ကြရသည်။ အဆိုပါအချိန်အတွင်း  အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မလျော့ပါးစေရေးအတွက် ဌာနအကြီးအကဲများက စီမံထားသည်။ နေပြည်တော်အတွင်း   လျှပ်စစ်မီးနှင့်   ရေအခက်အခဲရှိနေစဉ် အားကစားအဖွဲ့၏ စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရေးကို ပြည်ထောင်စုဝန်ကြီးက လိုက်လံစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ ငလျင်လှုပ်ပြီး တစ်ပတ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းများကို စနစ်တကျ ပြင်ဆင်ခဲ့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လေ့ကျင့်သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ၊ ပန်ကြပ်စီလပ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအားကစားနည်း စသည်တို့ဖြစ်သည်။ ဘတ်စကက်ဘော၊ သေနတ်ပစ်၊  လှေလှော်အပါအဝင် ကရာတေး အားကစားနည်းတို့မှာမူလကတည်းက ရန်ကုန်တွင် လေ့ကျင့်လျက်ရှိသည်။

လာမည့် (၃၃) ကြိမ်မြောက် SEA Games တွင် အိမ်ရှင်ထိုင်းက အားကစားနည်း ၅၀ နည်း ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ     မြန်မာအားကစားအဖွဲ့ကလည်း အားကစားနည်းအမျိုးအစား ၃၀ ခန့်တွင် အရည်အချင်းမီမီဝင်ရောက်ယှဉ်ပြိုင်ရန်    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ဦးဆောင်မှုဖြင့်   မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး  မိမိဌာနအကြီးအကဲများက ဖြစ်နိုင်သမျှဆောင်ရွက်ပေးနေပြီး   ကျရာတာဝန်အပေါ် စေတနာထပ်ဆောင်း ဝီရိယလောင်းရင်း တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း မိမိအနေဖြင့် သိမြင်မိသည်။ လက်ရွေးစင်အားကစားသမားများကလည်း“ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်”ဆိုသည့်အတိုင်း  မြန်မာဟူသော ငါ့လူမျိုး၊ ငါ့နိုင်ငံအတွက် တိုင်းတစ်ပါးမြေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အလံကို တိုင်ထိပ် ရောက်အောင် လွှင့်ထူဖို့  ငါတို့သွေး၊  ငါတို့ချွေး၊ ငါတို့ရဲ့အားမာန်ဖြင့် ပြိုင်ပွဲတွင် ဖြစ်နိုင်သမျှ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အချိန်အထိ ကြိုးစားယှဉ်ပြိုင်အနိုင်ယူမည်ဟူသောအောင်နိုင်စိတ်ဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။

အားကစားသမားများ အားကစားနည်းအလိုက် ကယ်လိုရီနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံး ကျွေးမွေးရေး၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုကင်းရှင်းနိုင်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲအပါအဝင် မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့အစည်း (MADO)ကလည်း    အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ၊ စားရိပ်သာအပါအဝင် အားကစားပရိဝုဏ်အတွင်း အသိပညာပေးဆောင်ပုဒ်များ ချိတ်ဆွဲခြင်းတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်။ နိုင်ငံတော်ကလည်း လက်ရွေးစင် အားကစားသမားများအတွက် စားစရိတ်ကို ယခင်ထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးသော ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင် လေးစားမိသည်။

ငလျင်လှုပ်ခတ်ပြီး   မရှေးမနှောင်း ကာလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အကြောင်း    ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုသည်။ မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်မှာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်  နေပြည်တော်တွင် ရက်ရှည်စခန်းသွင်း လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ ငလျင်လှုပ်

ပြီးချိန်တွင်လည်း လေ့ကျင့်မှုမပျက်စေရေး အာရုံစိုက်လုပ်ဆောင်ဆဲပင်ဖြစ်သည်။ မျိုးဆက်သစ် ဂျူနီယာတန်းတွင် အသက် ၁၀ နှစ်အောက် လေးဦး၊ အသက် ၁၂ နှစ်အောက် နှစ်ဦး၊ အသက် ၁၈ နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် Youth Camp မှတစ်ဦး၊ ပဏာမ လက်ရွေးစင် လေးဦးအပါအဝင် စုစုပေါင်း ၁၂ ဦးပါအသင်းက မလေးရှားနိုင်ငံတွင် ဧပြီလ ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပသော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၅)ဆု၊ ငွေ (၄)ဆု၊ ကြေး (၃)ဆုဖြင့် ပြိုင်ပွဲဝင် အားကစားသမား ၁၂ ဦးလုံး ဆုအသီးသီး ဆွတ်ခူးခဲ့ကြသည်ကို အဖွဲ့ချုပ်အတွက်၊ ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။

တိုးတက်အောင်မြင်မှုတိုင်းသည် ရေရှည်စဉ်ဆက်မပြတ်ဖြစ်ရန် Sustainable Development လိုအပ်သည်။ Sustainable Development  နှင့်ပတ်သက်၍ ဂျူဒိုအားကစားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကို ဥပမာပေး၍ ဖော်ပြလိုသည်။ ဆောင်းပါးရှင် အထက်မှာဖော်ပြခဲ့ပြီးသော မလေးရှားနိုင်ငံ ပီနန်းမြို့သို့ သွားရောက်ယှဉ်ပြိုင်သည့် မြန်မာဂျူဒိုအားကစားအဖွဲ့ ပြည်ပသို့မထွက်ခွာမီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏  ဩဝါဒခံယူသည့်နေ့တွင် အသင်းနည်းပြအား ဝန်ကြီးက “ယခုပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့  မည်သို့ပြင်ဆင် လေ့ကျင့်ပေးထားပါသလဲ” ဟု မေးမြန်းရာတွင် နည်းပြက“အထူးသီးသန့်တော့ ပြင်ဆင်လေ့ကျင့်ပေးထားခြင်း မရှိပါ။  

လပေါင်းများစွာ ရေရှည်စခန်းဝင် ပုံမှန်လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ အားကစားသမားများအားလုံး မိမိတို့လေ့ကျင့်ပေးထားသည့်အတိုင်း သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်မှာ    အမှတ်ရဖွယ်ဖြစ်ခဲ့ပြီး   ပြိုင်ပွဲမှပြန်ရောက်လာချိန်   ပြိုင်ပွဲဝင် ၁၂ ဦးလုံး ရွှေတံဆိပ်အပါအဝင် ဆုအသီးသီး ဆွတ်ခူးပေးနိုင်သည်မှာ  Sustainable Training ၏ အကျိုးဆက်ဆိုသည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ သိသာထင်ရှားပေသည်။  မြန်မာဂျူဒိုအသင်းအတွက်  နည်းပြတာဝန်ထမ်းဆောင်နေသည့်  ဂျပန်နည်းပြ  Yamato Hiranuma  ကလည်း စေတနာ၊ ဝါသနာအပြည့်ဖြင့် မြန်မာအသင်းကို ကိုင်တွယ်ပေးနေသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံသြဝါဒခံယူသောနေ့တွင် မြန်မာလိုနှုတ်ဆက် တင်ပြသွားသည်မှာ လေးစားစရာ အမူအရာအသွင်အပြင်ကို တွေ့ရသည်။

မြန်မာအသင်းကို ကိုင်တွယ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေသော  ဂျူဒိုမြက်ဖျာများရရှိရေး အပါအဝင် ဂျူဒိုမျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် Judo in School အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မြန်မာဂျူဒိုအသင်းအောင်မြင်မှု  ရရှိနေသည်မှာလည်း သူ့ကျေးဇူးမကင်း၍ ဂျူဒိုအားကစားဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်မိသည်။

ယခု မေလ ၈ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးအုပ်ချုပ်သူနှင့် နည်းပြဆုများ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်ကို ဆုရွေးချယ်ပေးအပ်ရာတွင် ဆုချီးမြှင့်ခံရသူ အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားကစားကို ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသူများဖြစ်ကြ၍ ‌ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကို စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့ချုပ်ဆုပေးအပ်ခဲ့သည်မှာ Sustainable Development ဖြစ်အောင် ဆောင်ရွက်နိုင်မှုကြောင့်ဟု ချီးမွမ်းလိုသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုလို Sustainable Development ဖြစ်အောင် စွမ်းဆောင်နိုင်သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှာ ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။

အလားတူ မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၄   ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်လေးဆု ဆွတ်ခူးရရှိခဲ့သည်မှာလည်း    အိုလံပစ်အားကစားနည်း တစ်ခုဖြစ်သော ‌ရွှေ၊ ငွေ၊ ကြေး အရေအတွက် ၄၀ ကျော်စီ    ချီးမြှင့်လေ့ရှိသော ကျွန်းဆွယ်ပွဲ (ယခုအခေါ် “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ”)တွင် မြန်မာတို့ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားနည်းများအနက် ရွှေ၊ ငွေ၊ ကြေး ဆုအရေအတွက် အများဆုံး ဆွတ်ခူးခဲ့ဖူးသော မြန်မာတို့ ယခုအချိန်ထိ လက်လှမ်းကွာနေသေးသော ပြေးခုန်ပစ်အားကစားနည်းသည် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျှော်လင့်ခြင်းရောင်ခြည်များ ထင်ရှားစွာပေးတော့မည့် အနေအထားပင်ဖြစ်သည်။

ထို့ကြောင့် အားကစားလောက တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်များ (Human Resourses)    အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ နည်းစနစ်ကျွမ်းကျင်သူ၊ နည်းစနစ်ညွှန်ကြားရေးမှူး(Technical Director)၊ နိုင်ငံတကာဒိုင်များဖြင့် စနစ်တကျဖွဲ့စည်းထားကာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အားကစားအဖွဲ့ချုပ်များ ရှိဖို့လိုသလို ငွေကြေးအပါအဝင် လိုအပ်သည်များ ပံ့ပိုးသူ စပွန်ဆာများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ဝိုင်းဝန်းပံ့ပိုး အားပေးမှုများကလည်း ခွန်အားတစ်ရပ်ပင်ဖြစ်သည်။

ထို့ပြင် လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေး ဆောင်ရွက်လာစေရေးနှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးတို့အတွက်  နိုင်ငံတကာအိုလံပစ် ကော်မတီ၊  အာရှအိုလံပစ်ကောင်စီတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန်(Joint-Training) စေလွှတ်ခြင်းအပါအဝင် ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်ခြင်း၊ နည်းပြသင်တန်း ဒိုင်သင်တန်းများသို့ စေလွှတ်ခြင်း၊ အလျဉ်းသင့်သလို မြန်မာနိုင်ငံ၌လည်း ပြည်ပအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အားကစားနည်းအလိုက် လုပ်ငန်းအထောက်အကူပြု Seminar၊ Workshop များ ကျင်းပခြင်းတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

တစ်ဆက်တည်းပင် အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံ Tohoku မြို့တွင် ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်က ပြင်းအား ၉ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော်လည်း အားကစားသမိုင်းတွင် အောင်မြင်ခဲ့သည့် အကြောင်းကို  ဆက်စပ်ဖော်ပြလိုသည်။ အဆိုပါ ငလျင်ဘေးဒဏ်ခံခဲ့ရာတွင် အစိုးရအရာရှိအကြီးအကဲများ ကိုယ်တိုင် သေပျောက်မှုတွင်ပါဝင်ကြောင်း၊ မြေငလျင်ဘေး နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်းကြောင့် ပင်လယ်ဒီရေကြီးမြင့်မှုဒဏ်ကိုပါ နောက်ဆက်တွဲခံခဲ့ရ၍ Fukushima Power Plant စက်ရုံနှစ်ခု ပေါက်ကွဲမှုပါဖြစ်ပွားခဲ့ကြောင်း၊ Toyota မော်တော်ကားကုမ္ပဏီများ ထုတ်လုပ်မှုလျှော့ချခဲ့ရကြောင်း၊ လူပေါင်း  ၁၅၈၉၄  ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၁၅၂ ဦးရှိပြီး ၂၅၆၂ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ဒုက္ခသည်ပြည်သူ ၂၅၀၀၀၀ ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးရာတွင် မြို့ရှိ အကြီးအကဲများမရှိသဖြင့် ဒေသခံပြည်သူတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    ၎င်းတို့အစီအစဉ်နှင့် လုပ်ရကြောင်း၊   သီးနှံများပျက်စီးသည့်အပြင်  National Eco System များ  ပျက်စီးခဲ့ရကြောင်းသိရသည်။

ငလျင်ဘေးဒဏ်ခံရသည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ဘောလုံးအားကစားသမားများ၏ မိသားစုဝင်များပင်လျှင် အဆိုပါ သဘာဝငလျင်ဘေးဒဏ်ကို ခံစားရသည့်အပြင် လေ့ကျင့်ရေးစခန်းများ Training Camps ပျက်စီးမှုကြောင့် ပုံမှန်လေ့ကျင့်ခွင့်ပင်မရခဲ့ကြ။ ထိုသို့သော အခက်အခဲများကြားမှပင် ၂၀၁၁ ခုနှစ်  အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းက နောက်ဆုံးဗိုလ်လုပွဲ၌  အမေရိကန်အသင်းကိုနိုင်ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပသည့် အချိန်မှသည် ၂၀၁၁ ခုနှစ်အထိ အာရှနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ခြေစစ်ပွဲအောင်သော အမျိုးသားဘောလုံးအသင်းများနှင့် အမျိုးသမီးဘောလုံးအသင်းများအနက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည့်အသင်းမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်း တစ်သင်းသာရှိသည်မှာ အာရှနိုင်ငံများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။

ထို့ကြောင့် မိမိတို့နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာဆိုးဝါးသည့်ငလျင်နှင့် ဆူနာမီရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရသော ဂျပန်လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများကို စံအတုယူလျက် မြန်မာ့ လက်ရွေးစင် အားကစားသမားများသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး၏ နောက်ဆက်တွဲဘေးဒုက္ခများကြောင့် မိမိတို့ကိုယ်စီ လေ့ကျင့်ထားသော စွမ်းရည်ကို မဆုတ်ယုတ်စေဘဲ အခက်အခဲမှန်သမျှကို ကျော်လွှား Overcome လုပ်နိုင်ကာ ပြိုင်ပွဲတိုင်းတွင် မိမိရှိရင်းစွမ်းဆောင်မှုထက် အဆပေါင်းများစွာ ဖော်ထုတ်ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း၊ လျင်မြန်သွက်လက်လျက် ကျောက်နံရံလို    မာကျောသောစိတ်ဓာတ်   ခံနိုင်ရည်အပြည့်ဖြင့် ထွန်းပြောင်ခဲ့သည့် မြန်မာ့သမိုင်းရာဇဝင် အစဉ်အလာရှိခဲ့ဖူးသည်များကို အမှတ်ရလျက် မြန်မာ့သမိုင်းအစဉ်အလာမပျက် ထိုင်းနိုင်ငံမြေတွင် မြန်မာအလံကို တိုင်ထိပ်အရောက် အကြိမ်ကြိမ်အလီလီ လွှင့်ထူနိုင်သော အားကစားသူရဲကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်    နိုင်ငံချစ်သူနိုင်ငံသား ဝန်ထမ်းတစ်ယောက်အနေနှင့်  ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။    

Source: Myawady Web Portal

ရဲလွင်အောင်(ရန်ကုန်တက္ကသိုလ်)