ထူးခြားသတင်းများ - ပြည်တွင်း

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်၊ ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ် , KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်၊ ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်

နေပြည်တော် ဇူလိုင် ၁၂ 

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စိစစ်ဆဲနိုင်ငံခြားသားအချို့၏ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေရန် စစ်ရေးဆိုင်ရာအကြံပေးမှုနှင့် ဆေးကုသရေးအဖွဲ့အချို့ ကိုယ်တိုင်ပါဝင်ပြီး မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အခြာလမ်းဆုံတစ်ခုဖြစ်သည့် မိုးဗြဲမြို့ တစ်မြို့လုံးအား ထိန်းချုပ်ခဲ့မှုအပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation)ကို အဆင့်ဆင့်ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ပြီး မိုးဗြဲမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည့်နောက် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေးလမ်းပိုင်းအပါအဝင် ၎င်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထားသည့် ဝါရီကောခူနှင့် ဆောင်ကန်း(ကယား) ကျေးရွာ ၂ ရွာတို့အား ဇူလိုင်လ ၇ ရက်နေ့မှစတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိသည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်။ 

ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ ၃ ဦး သေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး မိမိအရာရှိ၊ စစ်သည်အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။ 

ယခုကဲ့သို့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့မှ ပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင်ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ကြပြီဖြစ်ကာ လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများမှာလည်း ပိုမိုလွယ်ကူလျင်မြန်ခြင်းမှတစ်ဆင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးဒဏ်သင့် မြို့ရွာများရှိ ဒေသခံပြည်သူလူထုများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့မှလည်း အထိုက်အလျောက် သက်သာစေမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိဖြစ်ရမှုတို့ကိုလည်း ကြားသိရပါကြောင်းနှင့် မြဝတီရုပ်မြင်သံကြားအဖွဲ့သူ၊ အဖွဲ့သားအားလုံးမှ တိုက်ပွဲဝင်တပ်မတော်သား အရာရှိ၊ အကြပ်၊ စစ်သည်များအား လေးစားစွာဖြင့် ဂုဏ်ပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော် ဇူလိုင် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/72090

အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ သဝဏ်လွှာ/အကြောင်းကြားစာပြန်လည်ပေးပို့ , အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ သဝဏ်လွှာ/အကြောင်းကြားစာပြန်လည်ပေးပို့ , အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ သဝဏ်လွှာ/အကြောင်းကြားစာပြန်လည်ပေးပို့ , အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ သဝဏ်လွှာ/အကြောင်းကြားစာပြန်လည်ပေးပို့

နေပြည်တော် ဇူလိုင် ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုစသည့် စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ/အကြောင်းကြားစာနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံညှိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြားစာအား ဇူလိုင် ၉ ရက်နေ့က ပေးပို့ခဲ့သည်။

အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြန်လည်ပေးပို့သည့် သဝဏ်လွှာ/ အကြောင်းကြားစာ၌ သမ္မတကြီးထံမှ မိမိထံသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့စွဲဖြင့် ပေးပို့သောစာလွှာအား ကျေးဇူးတင်ရှိစွာဖြင့် လက်ခံရရှိသည်ကို ဦးစွာအသိပေးအပ်ပါကြောင်း၊ ​အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာဝပြောရေးအတွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့် အလွန်ကောင်းမွန်သော စီးပွားရေးရှိနေသည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။

​အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ပို့ကုန်များအပေါ် (၄၄)ရာခိုင်နှုန်း အခွန်ကောက်ယူရန် မူလလျာထားချက်ကို၊ (၄၀)ရာခိုင်နှုန်း ပြင်ဆင်လျာထား ဆောင်ရွက်ပေးမှုအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်း ရှည်လျားကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကတိကဝတ်များကိုလည်း အစဉ်အမြဲ ထိန်းသိမ်းခဲ့ကြပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက်လည်း မိမိတို့အစဉ်အမြဲမျှော်လင့်ကြိုးပမ်းလျက်ရှိပါကြောင်း။

​အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမားစွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝနားလည်ပါကြောင်း။

​ကနဦးအနေဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှုဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန်(၁၀)ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့သွင်းကုန်များအပေါ် (၀)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန်အဆိုပြုညှိနှိုင်းလိုပါကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်း။

​လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည့်အပြင် လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသောစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့်အချိန်လည်း ဖြစ်ပါကြောင်း။

​အလျဉ်းသင့်၍ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေတွင် မြန်မာအစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အဆွေတော်အား အသိပေးလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီးကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံရွေးကောက်ပွဲတွင်လည်း ကြီးမားသည့်မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းဖြစ်ရပ်များအတွက် အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အား ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမပြုဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုများဖြင့် ပေါ်ထွက်လာသည့်ရလဒ်အရ တရားမဲ့ရယူရန်ကြိုးပမ်းမှုသည် တရားမျှတမှုမရှိကြောင်း၊ အာဏာရပါတီမဟုတ်သည့် အခြားသောနိုင်ငံရေးပါတီများက လက်ခံယုံကြည်ကြသောကြောင့် အခြေခံဥပဒေကအပ်နှင်းထားသော တာဝန်အရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မီဒီယာများ၏ မဟုတ်မမှန်ထုတ်လွှင့်ခဲ့မှုများကြောင့်သာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ အထင်အမြင်မှားမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း။

​တပ်မတော်က နိုင်ငံတော်အာဏာကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စိစစ်ခဲ့ရာ မဲအရေအတွက်(၁၁ ဒသမ ၃)သန်း (တစ်နိုင်ငံလုံး ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မသမာမဲအဖြစ် စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ မဲမသမာမှုများအတွက် ထိုစဉ်ကတာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ချိန်တွင် ၎င်းတို့၏ထွက်ဆိုချက်များအရ မဲမသမာမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့မှုကြောင့် ၎င်းတို့အပေါ် တရားရုံးကချမှတ်သည့် ပြစ်ဒဏ်များကိုခံယူပြီး ယခုအခါ ပြန်လည်လွတ်မြောက်နေကြပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲမသမာမှုများကို စစ်ဆေးဖော်ထုတ်ခဲ့မှုအခြေအနေသည်လည်း မှန်ကန်မျှတမှုရှိကြောင်း တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူအများစုက လက်ခံယုံကြည်ခဲ့ကြပါကြောင်း။

​အဆွေတော်သမ္မတကြီးအနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှု၍ ပဋိပက္ခများတိုးပွားစေသည့် သတင်းဌာနများနှင့် ရန်ပုံငွေစနစ်များကို ထိန်းချုပ်ပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မမှန်မကန်သတင်းအချက်အလက်များကိုသာ တစ်ဖက်သတ်ထုတ်လွှင့်ခဲ့မှုများကြောင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာကသိရှိမှုမရှိဘဲ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊  အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ထားရာ ထိုအရေးယူပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါကြောင်း။

​မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို ကျင့်သုံးခဲ့ပြီး၊ မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ၎င်းအစဉ် အလာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း၊ အလားတူစွာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံများကိုမျှ အနှောင့်အယှက်ပေးမှုမရှိခဲ့သည်ကိုလည်း ပြောကြားလိုပါကြောင်း။

​အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားခြင်း၊ အပြန်အလှန်အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင် အောင်မြင်မှုများဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ပေးပို့သည့် ကုန်သွယ်ရေးနှင့်သက်ဆိုင်သော သဝဏ်လွှာ/ စာနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် ဇူလိုင် ၈

“ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ပေးပို့တဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ သဝဏ်လွှာ/ စာနဲ့ပတ်သက်ပြီး ပြောကြားသွားမှာ ဖြစ်ပါတယ်။”

“စာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးပြုလုပ်လိုတဲ့အကြောင်းနဲ့ ကုန်သွယ်ရေးလိုငွေများ ရှိနေတဲ့အကြောင်း၊ အကျဉ်းချုပ်ကတော့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမှာဖြစ်ကြောင်းနဲ့ ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကသွင်းတဲ့ သွင်းကုန်တွေနဲ့ပတ်သက်ပြီးလည်း ဖြေလျှော့ပေးဖို့ ပြောကြားထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ပြောကြားထားတာလည်း တွေ့ရပါတယ်။ အခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းနိုင်တဲ့အကြောင်း ပြောကြားထားတာလည်း တွေ့ရပါတယ်။ ဒီစာကိုလည်း ကျွန်တော်တို့ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှုပမာဏအနေနဲ့ ၂၀၂၃ ခုနှစ်-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်-၂၀၂၅ ခုနှစ် မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်လောက် ရှိခဲ့ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားအနေနဲ့ကတော့ နံပါတ်တစ်ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမယ်လို့မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

MOI

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့

နေပြည်တော် ဇူလိုင် ၈

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘော့စနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် စုစုပေါင်း နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန် တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ပေးပို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာ၌ အမေရိကန်သည် မြန်မာနှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလိုငွေပြလျက်ရှိသော်လည်း ကုန်သွယ်မှုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှတမှုရှိသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် မည်သည့်ပို့ကုန်အမျိုးအစားမဆို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများက အမေရိကန်နိုင်ငံအတွင်း စက်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မှုနှင့် ကုန်သွယ်ခွန်အတွက် ညှိနှိုင်းနိုင်မှုတို့ကို ဖော်ပြထားကြောင်း သတင်းရရှိသည်။ 

ဆင်ဟွာ

MOI

MNL League Cup ပြိုင်ပွဲတလျောက် ရှုံးပွဲမရှိ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ဒုတိယအကြိမ် ကျင်းပသည့် MNL League Cup ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့သည့်အပြင် ချန်ပီယံဆုကိုပါ ရန်ကုန်ယူနိုက်တက်အသင်းက ဆွတ်ခူးခဲ့သည်။

ယမန်နေ့ ဇူလိုင် (၆) ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပသည့် MNL League Cup 2025 ဗိုလ်လုပွဲစဉ်၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်း၏ ဂျပန်တောင်ပံတိုက်စစ်ကစားသမား အိုင်တိုဆာတို၏ (၅၄)မိနစ်တွင် သွင်းယူသည့် တစ်လုံးတည်း သောသွင်းဂိုးဖြင့် ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် MNL League Cup 202 5 အုပ်စု(ခ)တွင် အုပ်စုပထမနေရာရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆိုပါအဆင့်တွင် ဟံသာဝတီယူနိုက်တက်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် (၃ -၁) ဂိုး၊ ဆီမီးဖိုင်နယ်တွင် ရတနာပုံအသင်းကို (၃-၁)ဂိုး၊ ဗိုလ်လုပွဲစဉ်တွင် (၁)ဂိုး ဂိုးမရှိဖြင့် ရှမ်းယူနိုက်တက်ကို အနိုင် ရဗိုလ်စွဲခဲ့သည်။

MNL League Cup 2024 တွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

MNL League Cup 2025 ပြိုင်ပွဲတွင် သွင်းဂိုး(၇) ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုရရှိသည့် ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး ရန်ကျော်ထွေးအား ဆုငွေကျပ် (၁၀) သိန်းနှင့် အမှတ်တရဆုတံဆိပ်၊ ဒုတိယရရှိသည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းငွေတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း (၂၀၀)၊ MNL League Cup 2025 ပြိုင်ပွဲတွင် ပထမရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆု၊ ဆုကြေးငွေကျပ်သိန်း (၃၅၀)နှင့် ချန်ပီယံဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

၂၀၂၄-၂၀၂၅ ရာသီမှ စတင်ကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပြောင်းလဲကျင်းပလျက်ရှိရာ ပြိုင်ပွဲဝင်အသင်းများ လိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှု ပြုလုပ်နိုင်ရန်နှင့် ကစားသမားများပြိုင်ပွဲပြတ်လပ်မှုမရှိစေရန် MNL League Cup ပြိုင်ပွဲကို ပြိုင်ပွဲသစ်တစ်ခုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Popular Myanmar

မိကျောင်း နှစ်ဆက်ရက်တိုက် အဆွဲခံရပြီးနောက် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရန်နှိုးဆော်

ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် ဇူလိုင်လ (၂)ရက် နှင့် (၃)ရက်က နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ဘဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် နေ့စဉ် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇွန်လမှ ဩဂုတ်လအတွင်းသည် မိကျောင်းများ အသိုက်ဖွဲ့သည့်ကာလဖြစ်ပြီး ရေချိုရေငန်စပ် မိကျောင်းများရှင်သင်ပေါက်ပွားကျက်စားသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စက်သည့် ဒီရေတောဒေသများသည် မိကျောင်း အန္တရာယ်ရှိနေသည့် ဒေသလည်း ဖြစ်သည်။

အဆိုပါ ဒေသများတွင် ချောင်းကမ်းစပ်များ၌ အိမ်မွေးတိရ စ္ဆာန်များကျောင်းခြင်း၊ မွေးမြူခြင်း၊ ကျေးရွာသူရွာသားများအနေဖြင့် ချောင်းအတွင်း ရေကစားခြင်း အဝတ်လျော်ခြင်းများ မလုပ်ဆောင်ကြရန်နှင့် ရေလုပ်သားများအနေဖြင့်လည်း သတိကြီးစွာထားရန် အသိ‌ပေးထားသည်။

ထိုအပြင် မိကျောင်းများ ရေပြင်၌ တွေ့ရှိပါက တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခြောက်လှန့်ခြင်းများ မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂ဝ၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂ဝ၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲ(၂)နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

အထူးမိုးလေဝသသတင်း  (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၁။     ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားအသင့်အတင့်မှ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၇-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး မည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

၂ဝ၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၆

၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သန်လျင်မင်းကျောင်းဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

MOI