အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယလေတပ်က နယ်စပ်ဒေသ တစ်လျှောက်တွင် လုပ်ဆောင်

News Image

  • အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယလေတပ်က နယ်စပ်ဒေသ တစ်လျှောက်တွင် လုပ်ဆောင်

အိန္ဒိယလေတပ်မတော်သည် အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြားရှိ နယ်စပ်ဒေသတစ်လျှောက်တွင် ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်အထိ အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့သည်ဟု  တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာများက ထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်မတော်သည် Sukhoi Su-30၊ Rafale အမျိုးအစားနှင့် Mirage 2000 စစ်လေယာဉ်များ အပါအဝင်  လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်ပံ့ရေးအခြေခံ အဆောက်အအုံများကို အသုံးပြု၍ လေ့ကျင့်ခဲ့ကြောင်း India Today တွင်ဖော်ပြထားသည်။ ယခုလုပ်ဆောင်ခဲ့သည့် စစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယလေတပ်မတော်၏  ပုံမှန်လုပ်ဆောင်မြဲ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

အိန္ဒိယလေတပ်မတော်သည်  ယခုပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း   လေတပ်ဖွဲ့မှ   အထူးတပ်ဖွဲ့ဝင်များ၏ ညစစ်ဆင်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယလေတပ်မတော်သည် ရုရှားနိုင်ငံလုပ် စစ်လေယာဉ်များ၊ ပြင်သစ်လုပ် လေယာဉ်များအပြင် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းများကို အသုံးပြုလျက်ရှိသည့်အပြင် ရုရှားနိုင်ငံမှ လက်နက်ပစ္စည်း ထုတ်လုပ်ခွင့် လိုင်စင်ရယူ၍ ကာကွယ်ရေးပစ္စည်းများကို  နိုင်ငံအတွင်း၌လည်း  ထုတ်လုပ်လျက်ရှိသည်။

MWD Web Portal