လော့ဟိမာတင်ကုမ္ပဏီမှ ရဟတ်ယာဉ် နှစ်စင်းဝယ်ယူရန် ဗီယက်နမ် သဘောတူ

News Image

  • လော့ဟိမာတင်ကုမ္ပဏီမှ ရဟတ်ယာဉ် နှစ်စင်းဝယ်ယူရန် ဗီယက်နမ် သဘောတူ

ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု လော့ဟိမာတင်ကုမ္ပဏီမှ Sikorsky ရဟတ်ယာဉ်နှစ်စင်းဝယ်ယူရန် ဗီယက်နမ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သူများကပြောသည်။

ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် အဆိုပါရဟတ်ယာဉ်များ ဝယ်ယူနိုင်ရေး အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်နိုင်ငံသို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချခြင်းကို လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခုခန့်မှစ၍ ဖြေလျှော့ပေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင် လာခြင်းဖြစ်သည်။

ထို့ပြင် လော့ဟိမာတင်ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံသို့ C-130 အမျိုးအစား စစ်ဘက်သုံးသယ်ယူ ပို့ဆောင်ရေးလေယာဉ်များ ရောင်းချရေးနှင့်စပ်လျဉ်း၍ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အဆိုပါ Sikorsky ရဟတ်ယာဉ်များ မောင်းနှင်ပျံသန်းနိုင်ရေး အတွက် လောဟိမာတင်ကုမ္ပဏီက ဗီယက်နမ် လေယာဉ်မှူးများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း နီးစပ်သည့် အရင်းအမြစ် များကပြောသည်။  ဗီယက်နမ်နှင့်   အမေရိကန်လော့ဟိမာတင် ကုမ္ပဏီတို့အကြား   လက်မှတ်ရေးထိုးခဲ့သည့်  ကာကွယ်ရေးပစ္စည်း လွှဲပြောင်းပေးရေး သဘောတူညီချက်သည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး  နောက်ပိုင်းတွင် ရဟတ်ယာဉ်များ ပိုမိုဝယ်ယူရေး သဘောတူညီချက်လည်း ပါဝင်ဖွယ်ရှိသည်။

MWD Web Portal