ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေနိုင်ဟုဆို
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရာတွင် ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေသည့် နိုင်ငံအဖြစ် ပါဝင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံများလည်းဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ပြန်လည်ပေါင်းစည်းရေးကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကျွမ်က ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။
ထို့ကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း အရှေ့တောင်အာရှ လေ့လာမှုများ ဆိုင်ရာ အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ပေါချိန်းဘားက ပြောကြားခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိအခြေအနေတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့်လည်း မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသောကြောင့် ယခုကဲ့သို့သော အနေအထားတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေလာနိုင်ကြောင်း ချိန်းဘားက ပြောကြားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါတင်းမာမှုများသည် ကြီးမားပြင်းထန်သည့် ပဋိပက္ခတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲထားပြီး ၎င်းတို့၏ ပဋိပက္ခအား ကြားဝင်ဖြေရှင်းပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထားသည်။
နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများသည် ဇူလိုင်လ ၂၅ ရက်အစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီးနောက် ထိုင်းလေတပ်မတော်က ၎င်းတို့၏ F-16 တိုက်လေယာဉ်များကို ကမ္ဘောဒီးယားစစ်စခန်းများကို တိုက်ခိုက်ရန်အတွက် နယ်စပ်ဒေသတွင် ဖြန့်ကြက်လိုက်သည်။
အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း၌ အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရအဖွဲ့များက နှစ်နိုင်ငံနယ်စပ်ဒေသရှိ ဒေသများမှ ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား တင်းမာမှုများနှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ထိုင်းနှင့် ကမ္ဘောဒီးယား အစိုးရ အဖွဲ့များနှင့် ဆက်သွယ်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုထားကြောင်း သိရသည်။
MWD Web Portal