မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က "DENKO" စက်သုံးဆီ ဆိုင်အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
နေပြည်တော် ဇူလိုင် ၂၉
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အတွင်းတိုင်းဒေသကြီး/ပြည်နယ်အချို့တွင်အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များအားလုပ်ဆောင်လျက်ရှိသည့်အပြင်အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်အားကိုးဖြင့် ဓားပြတိုက်လုယက်ခြင်း၊ ပြန်ပေးဆွဲခြိမ်းခြောက်ငွေတောင်းခံခြင်းများစသည့်အကြမ်းဖက်မှုလုပ်ရပ်များကိုပါ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ "DENKO" စက်သုံးဆီဆိုင်သို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အားခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီး ဖြင့်ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်း ၄ လုံး၊ ရွှေနားကပ် ၂ ရန်၊ ဆိုင်ကယ် ၂ စီး၊ ဆီရောင်းချရငွေ ၅ သိန်းကျပ်နှင့် ဆီဖြည့်ရန်ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာနေ ဦးစန်းယု(၃၈)နှစ်၏ HONDA Fit အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးတို့အား လုယက်ယူ ဆောင်ပြီး ဆီဆိုင်ဝန်ထမ်းများအနက် ဆီဆိုင်မန်နေဂျာဖြစ်သူ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒုမန်နေဂျာဖြစ်သူ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာနေ ဦးဆန်းလွင်ဦး(၄၂)နှစ်တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ပြန်လည်ထွက်ခွာသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ငန်းများအား လိုက်လံ ဆောင်ရွက်ခဲ့သည်။
ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင် ဘက် ၅ မိုင်ခန့်အကွာ ကန်ပေါက်(အရှေ့)ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် PDF အမည်ခံအကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးအား MA-13 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခု၊ MA- 1 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်အိမ် ၁ ခုတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျန်အကြမ်းဖက်သမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ "DENKO" စက်သုံးဆီဆိုင်အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်း နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်လုယက်ယူ ဆောင်သွားသည့်ပစ္စည်းများပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MWD