အမေရိကန်သည် နျူကလီးယားလက်နက်များကို ဗြိတိန်သို့ ပြောင်းရွှေ့ ချထားနိုင်သည်ဟု Bloomberg ဖော်ပြ

News Image

  • အမေရိကန်သည် နျူကလီးယားလက်နက်များကို ဗြိတိန်သို့ ပြောင်းရွှေ့ ချထားနိုင်သည်ဟု Bloomberg ဖော်ပြ

အမေရိကန်သည် ရုရှားအား သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သော ၁၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန် သို့ နျူကလီးယားလက်နက်များ တပ်ဆင်ချထားနိုင်ကြောင်း အတည်ပြု ထားသော အချက်အလက်များနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ၏ သုံးသပ်ချက်များကို ကိုးကား၍ Bloomberg သတင်းဌာနက ဇူလိုင် ၂၈ တွင်ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဇူလိုင် ၁၆ ရက်နေ့က အမေရိကန်လေတပ်မှ လေယာဉ်တစ်စင်းသည် နျူကလီးယားလက်နက်များ သိုလှောင်ထား သည်ဟု သိရှိရသော နယူးမက္ကဆီကိုရှိ Kirtland လေတပ်စခန်းမှ အင်္ဂလန် အရှေ့ပိုင်းရှိ RAF Lakenheath လေတပ်စခန်းသို့ ၎င်း၏ Transponder (လေယာဉ်အချက်ပြစနစ်) ဖွင့်လျက် ပျံသန်းခဲ့သည်ဟု ဖော်ပြထားသည်။ ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူများအဆိုအရ ထိုလေယာဉ်တွင် B61-12 နျူကလီးယားဗုံးများ တင်ဆောင်လာခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ဗြိတိန် တွင် အမေရိကန်၏ နျူကလီးယားလက်နက် ပထမဆုံးအကြိမ် ချထားမှု ဖြစ်နိုင်သည်ဟု ဆိုသည်။

NATO လက်နက်ထိန်းချုပ်ရေးအရာရှိဟောင်း William Alberque က လေယာဉ်၏ Transponder ကို ဖွင့်ထားခြင်းမှာ ရည်ရွယ်ချက်ရှိပြီး မော်စကိုအား သတင်းစကားပေးလိုသည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းလုပ်ဆောင်မှုသည် NATO ၏ ခြိမ်းခြောက်မှု ပိုမို အားကောင်းလာစေရန် ပြောင်းလဲမှုအတွက် အစပျိုးလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ နျူကလီးယားလက်နက်များကို ဗြိတိန်တွင် ပြန်လည် ချထားခြင်းသည် သာမန်ကိစ္စမဟုတ်ဟု ၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။

အဆိုပါရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က အတည်မပြုသေးဘဲ အမေရိကန်က မည်မျှသော နျူကလီးယား လက်နက် များကို ပြန်လည်ချထားခဲ့သည်ကိုလည်း မရှင်းလင်းသေးပေ။ စစ်အေး တိုက်ပွဲ အပြီးမှစ၍ NATO ၏ ဥရောပတွင် နျူကလီးယားလက်နက်များ ချထားမှုမှာ များသောအားဖြင့် မပြောင်းလဲဘဲ ရှိနေခဲ့ပြီး လက်ရှိတွင် ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီနှင့် တူရကီနိုင်ငံများတွင် နျူကလီးယားလက်နက်များ တပ်ဆင်ချထားသည်။ ရုရှားနှင့် နီးစပ်သော နေရာများသို့ နျူကလီးယားလက်နက်များ ရွှေ့ပြောင်းမှုသည် အရေး ပါသော အရှိန်မြှင့်လုပ်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သည်။

Bloomberg ၏ အဆိုပါသတင်းသည် ကိုယ်ပိုင်နျူကလီးယား လက်နက် များ ပိုင်ဆိုင်ထားသော ဗြိတိန်နိုင်ငံက ဇွန်လတွင် အမေရိကန်ထုတ် B61-12 ဗုံးများကို သယ်ဆောင်နိုင်သည့် F-35A တိုက်လေယာဉ် အနည်းဆုံး ၁၂ စီးကို ဝယ်ယူရန် အစီအစဉ်များ အတည်ပြုကြောင်း ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လန်ဒန်အစိုးရက ယင်းလုပ်ဆောင်မှုကို ဗြိတိန်၏ နျူကလီးယားစွမ်းရည် တစ်ခေတ်ဆန်းသစ်မှုအဖြစ်" ဖော်ပြ ခဲ့သည်။

လွန်ခဲ့သော နှစ်က NATO အထွေထွေအတွင်းရေးမှူးဟောင်း Jens Stoltenberg က ရုရှားနှင့် တရုတ်တို့အား ဖြစ်နိုင်ခြေရှိသော ရန်သူများ အဖြစ် ရည်ညွှန်းကာ ၎င်းတို့ကို ခြိမ်းခြောက်ရန် နျူကလီးယား လက်နက် များ ပိုမိုချထားရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အဆိုပါကြေညာချက်ကို တင်းမာမှုများကို ပိုမိုမြင့်တက်လာစေသည့် လုပ်ဆောင်မှုဟု ဝေဖန် ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂