အရှေ့အလယ်ပိုင်းဒေသလုံခြုံရေးအပါဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာစေမည့် ရုရှား- အီရန်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်

News Image

  • အရှေ့အလယ်ပိုင်းဒေသလုံခြုံရေးအပါဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာစေမည့် ရုရှား- အီရန်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်

ရုရှားနှင့် အီရန်ကြား ကျယ်ပြန့်လှသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည်  အရှေ့အလယ်ပိုင်းဒေသရှိ လုံခြုံရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်စေလာနိုင်မည်ဖြစ်သည်။

အကြောင်းမှာ အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အင်အားတောင့်တင်းပြီး လွှမ်းမိုးမှုဩဇာကြီးမားသောနိုင်ငံဖြစ်သလို ရုရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီး စူပါပါဝါနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် အီရန်နှင့်ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ၎င်းနှစ်နိုင်ငံက အာရုံစိုက် လုပ်ဆောင်မည် ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ကာဇင်ဂျာလီလီက Sputnik သတင်းဌာနကို ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီရန်သမ္မတ မာဆွတ် ပီဇက်ကီယန်းနှင့် ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇန်နဝါရီလ ၁၇ ရက်တွင်တွေ့ဆုံ၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ကျယ်ပြန့်စွာ ဆွေးနွေးမည်ဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် ရုရှားနှင့်အီရန်တို့ကြား နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင်တစ်ရပ်အဖြစ်  ရုရှားအစိုးရက ဖော်ပြထားသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို  လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။ အဆိုပါ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစေမည်ဖြစ်သည်။

ထို့ပြင်အဆိုပါဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်ကြောင့် ရုရှားနှင့် အီရန်တို့ကြား ယခုနှစ်အတွင်း ဆက်လက်လုပ်ဆောင်မည့် နှစ်နိုင်ငံကုန်သွယ်မှုသည် စံချိန်သစ်တင်နိုင်မည့် အလားအလာရှိသည်။

နှစ်နိုင်ငံကြား  ချမှတ်လိုက်သည့် သဘောတူညီချက်သည် အီရန်အတွက် အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်လာစေနိုင်ကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ အီရန်နိုင်ငံက ရုရှားနှင့်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ချမှတ်လိုက်ခြင်းကြောင့်  အီရန် နိုင်ငံ၏ စီးပွားရေးဆက်ဆံရေး လုပ်ငန်းစဉ်များကို သိသိသာသာ ချောမွေ့လာစေနိုင်သည်။ ဒုတိယအချက်မှာ BRICS အဖွဲ့တွင်လည်း အီရန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အခန်းကဏ္ဍကိုပါ   ပိုမိုအားကောင်းလာစေနိုင်သည်။ BRICS အဖွဲ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့်နိုင်ငံကြီးများ ပါဝင်လျက်ရှိရာ ယင်းနိုင်ငံကြီးများနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုပါ တိုးမြှင့်လာနိုင်မည်ဖြစ်သည်။ နောက်တစ်ချက်ကို ကြည့်မည်ဆိုပါက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရှိ အီရန်၏ ပူးပေါင်းဆောင်ရွက်မှုကိုပါ     ထူးထူးခြားခြား တိုးတက်လာစေမည်ဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။

ရုရှားနှင့်အီရန်ကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၄  ခုနှစ်တွင် ဒေါ်လာ ၄ ဘီလီယံခန့်ရှိသည်ဟုခန့်မှန်းရပြီး ယခုချမှတ်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ ရုရှားနှင့်အီရန်တို့ကြား ကုန်သွယ်ရေးကဏ္ဍတွင်သာမက ပညာရေးနှင့် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး စသည့်အချက်များပါ ပါဝင်လျက်ရှိသောကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်ဆံမှုကိုသာမက အခြားကဏ္ဍများရှိ ပူးပေါင်းဆောင်ရွက်မှုကိုပါ ပိုမိုကောင်းမွန် တိုးတက်လာစေမည်ဖြစ်သည်။

ပညာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးမှ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာနှင့် ဆရာမများအား  ရုရှားနှင့်အီရန်သို့ အပြန်အလှန် စေလွှတ်မည်ဖြစ်ရာ နှစ်နိုင်ငံကြားနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် လည်း ပိုမိုအားကောင်း လာစေမည်ဟု အီရန်က  မျှော်လင့်လျက်ရှိသည်။

ထို့ပြင် ရုရှားနှင့် အီရန်တို့အနေဖြင့် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦတည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေမည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားသည်။

ရုရှားနှင့် အီရန်နိုင်ငံတို့သည် လက်ရှိတွင်လည်း အဓိကအခြေခံအဆောက်အဦစီမံကိန်းကြီးတစ်ခုဖြစ်သည့် North-South Transport Corridor တွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်းသည် အိန္ဒိယ၊ အဇာဘိုင်ဂျန်၊ ရုရှား၊ ဗဟိုအာရှနှင့်ဥရောပတို့ကြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုတစ်ရပ် တည်ဆောက်ရန်ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်သည်။

အဆိုပါစီမံကိန်းကြီးတွင် ကုန်ပစ္စည်းစီးဆင်းမှုချောမွေ့စေရေး အထောက်အကူပြုစေမည့် မီးရထားလမ်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ မော်တော်ကားလမ်းများ တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ၎င်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ကမ္ဘာ့နိုင်ငံများကြား ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုများဖြစ်ပွားပါက ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် စူးအက်တူးမြောင်းအစား အသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် တစ်ခုဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ရှုမြင်လျက်ရှိသည်။

ရုရှားနှင့် အီရန်တို့ကြား ဆက်ဆံရေးသည် တစ်နိုင်ငံ၏အကျိုးစီးပွားကို အခြားတစ်နိုင်ငံက လျစ်လျူရှုခြင်းမရှိဘဲ စဉ်းစားပေးခြင်း၊ အပြန်အလှန်လေးစားခြင်းတို့အပေါ် အခြေခံထားခြင်းကြောင့် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။ ထို့ပြင်နှစ်နိုင်ငံကြား ယခုချမှတ်လိုက်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်သည် ၂၀၀၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၏နေရာတွင် အစားထိုးဝင်ရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအား မဟာဗျူဟာမြောက်အဆင့်သို့ ရောက်ရှိလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Ref: RT, Sputnik

Source: Myawady Web Portal