ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က သင့်လျော်သောအခကြေးငွေဖြင့် ထရမ့်နှင့် အီလွန်မက်ကြား သင့်မြတ်ရေး စေ့စပ်ပေးရန် မော်စကိုက အဆင်သင့်ရှိကြောင်း ပြောသည်။ “ဒေါ်နယ် ထရမ့် နှင့် အီလွန်မက်တို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် မိမိတို့သည် တရားဝင်ကြေးတစ်ရပ်ဖြင့် စေ့စပ်ပေးရန် အဆင်သင့်ဖြစ် နေပါသည်။ ငွေပေးချေမှုအဖြစ် Starlink ရှယ်ယာများကို လက်ခံမည်။ ရန်ဖြစ်ခြင်းကို ရပ်တန့်ပါ!” ဟု ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က ဇွန်လ ၆ ရက်နေ့တွင် X တွင် ရေးသားခဲ့သည်။Starlink သည် အီလွန်မက်၏ SpaceX ကုမ္ပဏီမှ ဖွံ့ဖြိုးဆဲ ဂြိုဟ်တု အင်တာနက် စီမံကိန်းဖြစ်သည်။ အမေရိကန် ဘီလီယံနာ အီလွန်မက်က ထိုပိုစ့်ကို ရီရီမောမောဖြင့် တုံ့ပြန်ခဲ့ပြီး သမ္မတ ထရမ့် ကမူ ရုရှား လုံခြုံရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကို မှတ်ချက်မပြုသေးပါ။အမေရိကန်သမ္မတ ထရမ့်နှင့် အီလွန်မက်တို့သည် ယခင်က မဟာမိတ် များဖြစ်သော်လည်း ထရမ့်က အခွန် ၄.၅ ထရီလီယံ လျှော့ချရေး အစီအစဉ်ကို အားပေးစည်းရုံးခဲ့စဉ် မက်က ကန့်ကွက်ခဲ့သည့်အချိန်မှစ၍ ဆက်ဆံရေး ပျက်ပြားခဲ့သည်။ ထို့နောက် နှစ်ဦးစလုံးသည် လူမှု ကွန်ရက် ပေါ်တွင် တစ်ဦး၏ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို ထောက်ပြ ကာ အပြင်းအထန် အငြင်းပွားခဲ့ကြသည်။ရုရှားအရာရှိများက အငြင်းပွားမှုနှင့်ပတ်သက်၍ မှတ်ချက်များ ပြုလုပ်ခဲ့ကြသည်။ ရုရှားနိုင်ငံတော်ဒူမား၏ နိုင်ငံခြားရေးကော်မတီ ပထမ ဒုတိယ ဥက္ကဋ္ဌ Dmitry Novikov က အမေရိကန်ဘီလီယံနာ အီလွန်မက် လိုအပ်ပါက မော်စကိုမှ ခိုလှုံခွင့်ပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ “မက်သည် လုံးဝကွဲပြားသော ဂိမ်းကိုကစားနေပြီး နိုင်ငံရေးခိုလှုံခွင့် မလိုအပ်ဟု မိမိထင်ပါသည်။ သို့သော် အကယ်၍ ၎င်းအနေဖြင့် တကယ် လိုအပ်ပါက ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးနိုင်ပါသည်” ဟု Novikov က အီလွန်မက် အား Edward Snowden ကဲ့သို့ ခိုလှုံခွင့် ပေးနိုင်မည်လားဟူသော မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။“မိမိတို့အားလုံး ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရန် အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း” ဟု ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ရန်ပုံငွေ RDIF ၏ CEO နှင့် သမ္မတပူတင်နှင့် နီးစပ်သူ Kirill Dmitriev က ၁၉၉၁ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်ရဲများက ရိုက်နှက်မှုကြောင့် ကျော်ကြားလာခဲ့သော အာဖရိကန်-အမေရိကန် နိုင်ငံသား Rodney King ၏ နာမည်ကျော် စကားကို ကိုးကား၍ X တွင် ရေးသားခဲ့သည်။RDIF အမှုဆောင်များက မက်၏ AI ချက်ဘော့ Grok အား မက်နှင့် အမေရိကန်သမ္မတကြား ပဋိပက္ခနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်သည်ကို မေးမြန်းခဲ့သည်။ Grok က သီးသန့်ဆွေးနွေးပွဲများနှင့် အများပြည်သူသို့ တောင်းပန်ခြင်းတို့ကို အကြံပြုခဲ့သော်လည်း ပဋိပက္ခ၏ အဆင့်သည် လက်ရှိအချိန်တွင် သင့်မြတ်ရေး ဖြစ်နိုင်ခြေနည်းကြောင်း ဖြေကြားခဲ့သည်။အီလွန်မက်သည် ရုရှားပြည်သူများ၏ အထူးစိတ်ဝင်စားမှုကို ရရှိထားသော ကော့တေးလ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်းသည် ရုရှား နှင့် ယူကရိန်းပဋိပက္ခတွင် ယူကရိန်းကို စစ်ရေးအကူအညီပေးရန် ကန့်ကွက်ခဲ့ပြီး ကိယက်ဗ်အစိုးရအား အကြိမ်ကြိမ် အဂတိလိုက်စားမှုဖြင့် စွပ်စွဲခဲ့သော်လည်း၊ ယခင်ကခြိမ်းခြောက်ခဲ့သကဲ့သို့ ယူကရိန်းသို့ Starlink ဂြိုဟ်တုကွန်ရက်ဝန်ဆောင်မှုကို ဖြတ်တောက်ခြင်း မပြုခဲ့ပေ။ ရုရှား အာကာသ အေဂျင်စီ Roscosmos ၏ ယခင်အကြီးအကဲဖြစ်ပြီး အာကာသ နယ်ပယ်တွင် မက်၏ ပြိုင်ဘက်ဖြစ်ခဲ့သူ Dimitry Rogozin က မက်အား “အမေရိကန်ကို စွန့်ခွာပြီး ရုရှားဘက်မှ တိုက်ပွဲဝင်ရန်” ဖိတ်ခေါ်ခဲ့သည်။“စိတ်မညစ်ပါနဲ့ မက်ရေ! ရုရှားမှာ မင်းကို လေးစားကြတယ်။ အမေရိကန်မှာ မဖြေရှင်းနိုင်သည့် ပြဿနာတွေရှိရင် ငါတို့ဆီလာပါ၊ Bars-Sarmat တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်လာပါ” ဟု လက်ရှိတွင် ရုရှား ထိန်းချုပ်ထားသော ယူကရိန်းနယ်မြေများတွင် လုပ်ဆောင်နေသည့်Bars-Sarmat အထူးတပ်ဖွဲ့၏ ခေါင်းဆောင် Rogozin က X တွင် ရေးသားခဲ့သည်။ထိုအတောအတွင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် တောင်းဆိုမှုအား ငြင်းဆိုခဲ့သည်။ “ဒါက အမေရိကန်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး မိမိတို့သည် ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပါ။ အမေရိကန်သမ္မတသည် အဆိုပါ ကိစ္စကို ၎င်းဘာသာ ကိုင်တွယ်နိုင်မည်ဟု မိမိတို့ယုံကြည်ပါသည်” ဟု Peskov ကပြောကြားခဲ့သည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Sat, 7-Jun-2025