သမ္မတထရမ့်၏ တရားမျှတသော သဘောထားသည် ဥရောပသမဂ္ဂ အပေါ် ဩဇာသက်ရောက်မည်ဟု လာဗရော့ဗ် ကြေညာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ "တရားမျှတသော" သဘောထားသည် ဥရောပသမဂ္ဂ၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဇူလိုင် ၂၂ တွင် ပြောကြားခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး Maria Manuela Lucas နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လာဗရော့ဗ်က "ယခင်ဘိုင်ဒင်အစိုးရလက်ထက်က ဥရောပသားများသည် မတည်ငြိမ်သော လုပ်ရပ်များနှင့်အတူ လိုက်ပါလုပ်ဆောင်ခဲ့သော်လည်း ယခုထရမ့်အစိုးရ သစ်၏ ဆွေးနွေးလိုစိတ်ပြည့်ဝသည့် ချဉ်းကပ်မှုသည် ဥရောပသားများအား လွှမ်းမိုးနိုင်မည်ဟု မိမိမျှော်လင့်ပါသည်" ဟု ထည့်သွင်း ပြောကြား ခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် "ယခုအချိန်တွင် ဥရောပသမဂ္ဂ သည် ကိယက်ဗ်အစိုးရအား လက်နက်များထောက်ပံ့ရန် အကြိမ်ကြိမ် ဆွေးနွေးနေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဖိတ်ခေါ်သည့် အဆိုပါချဉ်းကပ်မှုကို ဥရောပသားများ လျစ်လျူရှုမည်မဟုတ်ဟု ယုံကြည် ပါသည်" ဟု မှတ်ချက်ပြုခဲ့သည်။
သို့ရာတွင် ထရမ့်သည် ယခုအခါ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကတိပေးထားသော်လည်း အဆိုပါလုပ်ငန်းစဉ်သည် "လူအများ ထင်ထား သည်ထက် ပိုမိုခက်ခဲကြောင်း" ဝန်ခံခဲ့သည်။ အမေရိကန်ဦးဆောင်သော နှစ်ဖက်တိုက်ရိုက်ဆွေးနွေးပွဲများသည် အကျဉ်းသားလဲလှယ်ရေးနှင့်ကျဆုံးစစ်သည်အလောင်းများ ပြန်လည်အပ်နှင်းရေးကဲ့သို့သော လူသားချင်း စာနာမှုဆိုင်ရာကိစ္စများတွင်သာ အာရုံစိုက်ခဲ့ပြီး ထင်ရှားသောရလဒ်များ မရရှိသေးပေ။
မကြာသေးမီလများအတွင်း ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး ပဋိပက္ခကို အချိန်မီအဆုံးမသတ်ပါကရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒဏ်ခတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။
အဆိုပါအချက်ကို တုံ့ပြန်သည့်အနေဖြင့် ကရင်မလင်က "မိမိတို့အနေဖြင့် ထိုဝေဖန်မှုများကို အေးဆေးစွာရှုမြင်ပြီး ဝါရှင်တန်နှင့် ဆက်လက် ဆွေးနွေးရန် ရည်ရွယ်ထားသည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကမူ "ယူကရိန်းအစိုးသည် ပံ့ပိုးမှုဆိုင်ရာ ထုတ်ပြန်ချက်အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းထက် စစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အချက်ပြမှုအဖြစ်သာ နားလည်ထားကြောင်း" ထောက်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂