အမေရိကန်နုတ်ထွက်မှုကို တုန့်ပြန်သည့်အနေဖြင့် WHO က ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လျှော့ချရန်စီစဉ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်၏ ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် လျှော့ချဖွယ်ရှိသည်ဟုသိရှိရပြီး အမေရိကန် က WHO မှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်းထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ တုန့်ပြန်လာခြင်း ဖြစ်သည်။
အမေရိကန်သည် WHO ကို ငွေကြေးအများဆုံး ထောက်ပံ့သောနိုင်ငံဖြစ်ပြီး ဇန်နဝါရီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်သည့် ပထမဆုံးရက်တွင် ထရမ့်က အမေရိကန်သည် WHO မှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် သမ္မတ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
WHO အဖွဲ့ဝင်နိုင်ငံများသည် အမှုဆောင်ဘုတ် အဖွဲ့အစည်းအဝေး၌ ဘတ်ဂျက်နှင့် အခြားကိစ္စရပ်များအတွက် အစီအစဉ်များကိုဆွေးနွေးနေကြပြီး အဆိုပါ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ဖေဖော်ဝါရီ ၃ ရက်နေ့ မှ စတင်ခဲ့ပါသည်။
WHO ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် WHO သည် အခြေခံထောက်ပံ့မှုများအတွက် နှစ်နှစ်တာ ဘတ်ဂျက်အား အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံသို့ လျှော့ချရန်အဆိုပြုထားပြီး မူလအဆိုပြုချက်မှာတွင် ဒေါ်လာ ၅.၃ ဘီလီယံခန့် ရှိခဲ့ကြောင်းသိရှိရပါသည်။
ငွေကြေးအများဆုံးပံ့ပိုးကူညီသော အမေရိကန်နိုင်ငံက ထွက်ခွာသွားခြင်းကြောင့် WHO အနေဖြင့် ဘတ်ဂျက်နှင့်ပတ်သက်၍ ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း WHO က ရှင်းလင်းဖော်ပြခဲ့ပါသည်။
ကိုးကား-NHK World