ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များအတွက်ပါ ကာမိစေရန် အမေရိကန် ပြည်သူများက အခွန်ပေးဆောင်နေရခြင်းလားဟု အီလွန်မက်စ် မေးခွန်းထုတ်

News Image

  • ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များအတွက်ပါ ကာမိစေရန် အမေရိကန် ပြည်သူများက အခွန်ပေးဆောင်နေရခြင်းလားဟု အီလွန်မက်စ် မေးခွန်းထုတ်

ဥရောပလုံခြုံရေးအတွက် အမေရိကန်ပြည်သူများက မည်သည့်အတွက်ကြောင့် အခွန်ပေးဆောင်ရန် လိုအပ်သည်ကို မရှင်းလင်းကြောင်း အမေရိကန် အစိုးရစွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) အကြီးအကဲဖြစ်သူ လုပ်ငန်းရှင် အီလွန်မက်စ်က ပြောကြားလိုက်ပါသည်။

“အမေရိကန်ပြည်သူများက ဥရောပကာကွယ်ရေးအသုံးစရိတ်၏ ၃ ပုံ ၂ ပုံကို မည်သည့်အတွက် ပေးဆောင်နေရသနည်း။ ယင်းမှာ အဓိပ္ပာယ် မရှိကြောင်း" ၎င်း၏ X ဆိုရှယ်မီဒီယာတွင်လည်း ရေးသားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် NATO တပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်တလဲလဲ ဝေဖန်ပြောဆိုခဲ့သည်။ မဟာမိတ်နိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံလုံခြုံရေးအတွက် ငွေကြေးပိုမို စိုက်ထုတ်ထည့်ဝင်ခြင်းမပြုလျှင် မြောက်အတ္တလန္တိတ် မဟာမိတ်(NATO)အဖြစ်မှ အမေရိကန်နုတ်ထွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်မီကတည်းက ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အနောက်အုပ်စုနိုင်ငံများ ပူးပေါင်း၍ ယူကရိန်းကို လက်နက်ထောက်ပံ့မှုများ ပြုလုပ်သွားရန် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် “ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံလုံခြုံရေးကို ၎င်းတို့ကိုယ်တိုင်စောင့်ရှောက်ရန် လိုအပ်ကြောင်း” အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သတိပေး ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: Business Today