ဝါရင့်လွှတ်တော်အမတ် အန်ဂျူဘက်ခ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တောင်ကိုရီးယားခန့်အပ်
ဆိုးလ် ဇွန် ၂၃
နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအရပ်သားကာကွယ်ရေးဝန်ကြီးကို တောင်ကိုရီးယားအစိုးရက ယနေ့တွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်း ရန်ကြိုးစားမှုဖြင့် သမ္မတဟောင်း ယွန်ဆွတ်ယိုးရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် တောင်ကိုရီးယားအစိုးရက ကာကွယ်ရေးဝန်ကြီးနေရာအတွက် အရပ်သားတစ်ဦးကို ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ဝါရင့်လွှတ်တော်အမတ် အန်ဂျူဘက်ခ်ကို ရွေးချယ်ခန့်အပ်ခဲ့သည်။
လွှတ်တော်အမတ် အန်ဂျူဘက်ခ်သည် နှစ်ပေါင်း ၆၄ နှစ်တာကာလအတွင်း ပထမဆုံးအရပ်သား ကာကွယ်ရေးဝန်ကြီးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။
ရှေးယခင် တောင်ကိုရီးယားလစ်ဘရယ် အစိုးရများသည် ကာကွယ်ရေးဝန်ကြီးနေရာ၌ အရပ်သားများကို ခန့်အပ်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား သမ္မတလီဂျေးမြောင်သည် မြောက်ကိုရီး ယားနိုင်ငံနှင့် ဆက်ဆံရေးမြင့်တင်ရန် ကတိပြုထားသူဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper