အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း ဂူတာရက်စ်ဆို
ကုလသမဂ္ဂ၊ မတ် ၁ ရက်
အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဂူတာရက်စ်က ထိုနေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် အချို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အမေရိကန်က ငွေအရင်းအနှီး များစွာလျှော့ချမည့် အသိပေးချက်ကို လက်ခံရရှိခဲ့ရာ ယင်းအပေါ် ၎င်းက များစွာ စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ အဆိုပါလုပ်ရပ်သည် လူသားချင်းစာနာမှု အကူအညီ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချမှု တိုက်ဖျက်ရေး စသည်တို့အပါအဝင် အဓိက စီမံကိန်းများစွာအပေါ် သက်ရောက်မှုရှိကာ ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဖျက်ဆီးနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေနိုင်ကြောင်း၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယူကရိန်း၊ တောင်ဆူဒန် စသည့် နိုင်ငံ များ၏ လူသားချင်းစာနာမှု အကူအညီလှုပ်ရှားမှုများအပေါ် အတိုင်းအတာမတူသော ထိုးနှက်မှုများ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်မှ ပြည်ပသို့ အကူအညီပေးမှုများ လျှော့ချခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောမှုကို ထိခိုက်စေနိုင်ကြောင်း၊ အမေရိကန်က ကမ္ဘာ့လူသားချင်းစာနာမှုလုပ်ငန်းတွင် ပါဝင်သည့် အခန်းကဏ္ဍနှင့် အကျိုးသက်ရောက်မှုကို လျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့်ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သေချာစဉ်းစား၍ သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန်မျှော်လင့်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ