အရှေ့အလယ်ပိုင်းအရေးတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည့်နိုင်ငံဖြစ်လာနိုင်
အစ္စရေးနှင့်အီရန်တို့ကြားဖြစ်ပွားနေသည့်ပဋိပက္ခသည် သီတင်းပတ်တစ်ပတ်ကို ကျော်လွန်လာချိန်တွင် အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း လေ့လာသူများကပြောသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဇွန်လ ၁၉ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးစကားဆိုစဉ် တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများအားလုံးနှင့် ခိုင်မာသော ဆက်ဆံရေးကိုထိန်းသိမ်းသွားရန်ဆန္ဒရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောထားသည်။
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့ကြားရှိ ခါးသီးလှသောဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ကျောက်အတင် ခံထားရသောကြောင့် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးနိုင်စွမ်းရှိသူဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
အလားတူ တရုတ်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးအရတိုက်ရိုက်ပါဝင်မှုကို ရွေးချယ်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးရစေမည့်လမ်းကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
တရုတ်တာဝန်ရှိသူများသည် အစ္စရေး နှင့်အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက် မှုများစတင်ဖြစ်ပွားကတည်းက အဆိုပါ နှစ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရန် အကြိမ်ကြိမ်တောင်းဆိုထားကြောင်းသိရသည်။
Ref: TST
MWD Web Portal