တောင်ကိုရီးယားသမ္မတ Yoon အချုပ်မှ လွတ်မြောက်လာ၊ ၎င်းအပေါ်စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ မကြာမီတွင် တရားရုံး ဆုံးဖြတ်ချက်ချရန်ရှိ

News Image

  • တောင်ကိုရီးယားသမ္မတ Yoon အချုပ်မှ လွတ်မြောက်လာ၊ ၎င်းအပေါ်စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ မကြာမီတွင် တရားရုံး ဆုံးဖြတ်ချက်ချရန်ရှိ

တောင်ကိုရီးယားသမ္မတ Yoon သည် မတ်လ ၈ ရက်(စနေ)နေ့တွင် အချုပ်မှ လွတ်မြောက်လာခဲ့ပြီး ရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ သီးခြားဖြစ်သည့် ၎င်းအပေါ်စွပ်စွဲပြစ်တင်မှု ဆိုင်ရာ ရုံးတင်စစ်ဆေးမှုတွင် တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံး သည် Yoon အား ရာထူးမှဖယ်ရှားရန် သင့်၊ မသင့် ကိစ္စကို မတ်လလယ်၌ အစောဆုံး ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရသည်။

Yoon သည် အချိန်အနည်းငယ်သာကြာမြင့်သည့် စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာလ၌ ချမှတ်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်ခဲ့မှုနှင့် ဇန်န၀ါရီလတွင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ဆိုးလ်မြို့ အနီးရှိ ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

မတ်လ ၇ ရက်(သောကြာ)နေ့၌ ဆိုးလ်ခရိုင်တရားရုံးက Yoon ကို ထိန်းသိမ်းထားခြင်းအပေါ် ဥပဒေလမ်းကြောင်းအရ အကျုံးဝင်ဝင်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ကာ ၎င်းအား ထိန်းသိမ်းထားမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၎င်းအား ပြန်လွှတ်ပေးခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၅ ရက်နေ့နောက်ပိုင်း သမ္မတနေအိမ်ကို ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဟု ယူဆရသည်။

သီးခြားအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ၎င်းအပေါ် စွပ်စွဲ ပြစ်တင်မှုဆိုင်ရာ ၁၁ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ်ကြားနာမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။ တရားရုံးသည် လာမည့် သီတင်းပတ်အစောပိုင်းတွင် ယင်းအမှုကို စီရင်ဆုံးဖြတ်နိုင်လိမ့်မည်ဟု တောင်ကိုရီးယားမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

တရားရုံးက စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့မည်ဆိုပါက Yoon ကို ရာထူးမှ ချက်ချင်းဖယ်ရှားနိုင်မည်ဖြစ်ပြီး စွပ်စွဲချက်ကိုပယ်ချခဲ့ပါက Yoon သည် ၎င်း၏ သမ္မတ ရာထူးတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂