ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်အစိုးရ က အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုး လူသားချင်းစာနာမှုအကူအညီများ ပေးမည်
ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်အစိုးရ က အမေရိကန်ဒေါ်လာ ၁၃ သန်း ကျော်ဖိုး လူသားချင်း စာနာမှု အကူအညီများ ပေးမည် ဖြစ်ကြောင်း CGTN သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာ့ငလျင်ဘေးနှင့်ပတ်သက်၍ လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် တရုတ်မှကူညီ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က သဝဏ်လွှာပေးပို့ ရာတွင်လည်း ထည့်သွင်း ပြောကြားထားသည်။
တရုတ်အစိုးရသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံအတွက် ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃.၇၈ သန်းခန့်) အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် ဆုံးဖြတ်ခဲ့ပြီး တဲများ၊ စောင်များ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ အစားအစာ၊ သောက်ရေစသည့် အရေးပေါ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း China International Development Cooperation Agency မှ ပြောရေးဆိုခွင့်ရှိသူ Li Ming က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ စေလွှတ်သော ကယ်ဆယ်ရေး ပထမအဖွဲ့သည် ယနေ့ (မတ်လ ၂၉ ရက်) တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ တရုတ်နိုင်ငံအနေဖြင့် နောက်ထပ်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
Source: NP News