ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ရုရှား အပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးသမားတွေစေလွှတ်ကူညီမယ်

News Image

  • ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ရုရှား အပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးသမားတွေစေလွှတ်ကူညီမယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ ကူညီကယ်ဆယ်ရေးသမားတွေကိုမတ်လ ၂၉ ရက်မှာ စေလွှတ်ကူညီခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို အဖွဲ့ဝင် ၅၀ ဦးပါဝင်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပြီး မတ်လ ၂၉ ရက်မှာ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံခြားရးဝန်ကြီးဌာနက မလေးရှားကယ်ဆယ်ရေးအဖွဲ့ဟာ မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းကူညီပေးမယ်လို့ ပြောဆိုထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း မတ်လ ၂၉ ရက်မှာ တန်ချိန် ၁၅ တန်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ကူညီပေးခဲ့သလို ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာတွေ့ကြုံခံစားခဲ့ရတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးကူညီပေးနိုင်အောင် ဒရုန်းတွေ၊ ငလျင်ကြိုတင်သတိပေးစနစ်နဲ့ အသက်ကယ်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ရေးပစ္စည်းများ ယူဆောင်လာတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကလည်း စောင်၊ တာပေါ်လင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ အိပ်ဆောင်အိတ်၊ ဆိုလာမီးအိမ်များ၊ အစားအသောက်ထုပ်များ မီးဖိုချောင်သုံးပစ္စည်းများအပြင် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပံပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံရတဲ့ ဒေသအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့အထောက်အပံ့များ ပေးအပ်အောင် တရုတ်အစိုးရအနေနဲ့ အစွမ်းကုန်လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ရုရှားအစိုးရကလည်း မြန်မာနိုင်ငံမှာ ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရသူတွေအတွက် အကူအညီပေးရေးပစ္စည်းများအပြင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦးကို လေယာဉ်နှစ်စီးနဲ့ စေလွှတ်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

ရုရှားနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုက "ရုရှားသမ္မတပူတင်နဲ့ ရုရှားအရေးပေါ်ကူညီပေးရေးဝန်ကြီးရဲ့အမိန့်ကိုအခြေခံပြီး ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့ကို မြန်မာနိုင်ငံကိုလေယာဉ်နှစ်စီးနဲ့စေလွှတ်ပေးခဲ့တယ်။ အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသူတွေကို ကူညီကယ်ဆယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်" လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကနဦး ကူညီလှူဒါန်းပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၅ သန်းကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က "မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူပေါင်း သန်း ၂၀ ရှိတဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်မှုတွေကို ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

Source​: NP News