ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမ်ရန်ခန်းအား နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် PWA က အမည်တင်သွင်း
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အိမ်ရန်ခန်းအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PWA က အမည် တင်သွင်းခဲ့ ပါသည်။ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော Pakistan World Alliance (PWA) က ပါကစ္စတန်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် အိမ်ရန်ခန်း အား နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် အကြီးဆုံးအတိုက်အခံပါတီ “တရားမျှတမှု အတွက်လှုပ်ရှားမှု”၏ ပူးတွဲတည်ထောင်သူ အီမ်ရန်ခန်းကို PWA က နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် အီမ်ရန်ခန်းအား နိုဘယ်လ်ဆုအဖြစ် အဆိုပြုခဲ့ပါသည်” ဟု The Times of India သတင်းစာက PWA ၏ ထုတ်ပြန်ချက်ကို ကိုးကား ဖော်ပြခဲ့သည်။ ဤသည်မှာ အိမ်ရန်ခန်း ဒုတိယအကြိမ် အဆိုပြုခံရခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနှင့် စစ်ရေးတင်းမာမှုလျှော့ချရေး၊ အထူးသဖြင့် ကက်ရှ်မီးရေးပဋိပက္ခတွင် ၎င်း၏ကြိုးပမ်းမှု များအတွက် ပါကစ္စတန်လွှတ်တော်က နိုဘယ်လ်ဆုအတွက် အဆိုတင်သွင်းခဲ့ဖူးသည်။ သို့သော် အိမ်ရန်ခန်းက ၎င်း သည် ကက်ရှ်မီးပြဿနာအား အပြီးသတ်ဖြေရှင်းကာ ငြိမ်းချမ်းရေးလမ်းစဖော်ပေးသူမှသာ ထိုဆုကိုရထိုက်သည်ဟု ဆိုကာ မိမိမှာမထိုက်တန်ကြောင်း ငြင်းဆိုခဲ့ဖူးပါသည်။ အီမ်ရန်ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် လွှတ်တော်မှ ယုံကြည်မှုမရှိသော ဆန္ဒ ခံယူပွဲဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ ၂ဝ၂၃ ခုနှစ်မှစ၍ အာဏာအလွဲသုံးစားမှုနှင့် ခြစားမှုများဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရပါသည်။
ကိုးကား- The Times of India
ဓာတ်ပုံ- https://insaf.pk/