ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် အာဆီယံက မြန်မာအစိုးရကို တိုက်တွန်း
ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် အာဆီယံက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းထားပါသည်။ အထူးသဖြင့် မလေးရှားနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် မြန်မာအစိုးရအား ငလျင်အပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကြေညာထားသည့်ကာလထက် ကျော်လွန်၍ အပစ် အခတ်ရပ်စဲရေးကို သက်တမ်းတိုးပေးရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရှိသည့် ငလျင်ကြီးအပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဧပြီလ ၂၂ ရက်အထိ သုံးပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတုတ် ဆရီ မိုဟာမဒ် ဟာဆန် (Datuk Seri Mohamad Hasan)က မလေးရှားနှင့် အာဆီယံ တို့သည် အဆိုပါအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အဆိုပါငလျင်ကြောင့်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုပမာဏနှင့် ရေရှည်လူသားချင်းစာနာထောက်ထားမှု အကူအညီ များ လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားကာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ “အဆိုပါကြေညာချက်ကိုမိမိတို့အလွန်ဝမ်းသာပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအရေးပေါ် အခြေအနေတွင် မြန်မာနိုင်ငံသည် ကပ်ဘေးကြီးတစ်ခုနှင့်ရင်ဆိုင်နေရသည်။ ပဋိပက္ခများနှင့်ဆက်လက်မသွားသင့်ပါ။ အရေးကြီးဆုံးအရာက မြန်မာပြည်သူများကို မည်သို့ကယ်တင်နိုင်မလဲ၊ အကူအညီများ မည်သို့ ရရှိနိုင်မလဲ ဆိုသည် ပါပဲ” ဟု ၎င်းက ဧပြီ ၅ ရက်(စနေနေ့)တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အစောပိုင်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့သည် နိုင်ငံ၏ အလယ်ပိုင်းဒေသနှင့် အနီးတစ်ဝိုက်ဒေသများကို လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးမစ်ရှင်ကို ပူးတွဲဦးဆောင်ခဲ့ပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်က လက်ရှိမြန်မာတွင်ရှိသော မလေးရှား နှင့် အခြားအာဆီယံနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များသည် အကူအညီများပေးနိုင်ရန်အတွက် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထပ်လောင်းမှတ်ချက်ပြုပြောကြားခဲ့သည်။ “မိမိတို့အဖွဲ့များ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့်အရာများ တွေ့မြင်ရပါက အာဆီယံမိတ်ဖက်များကို မြန်မာနိုင်ငံတွင် ရှိနေခြင်းနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် တောင်းဆိုရန် ဝန်မလေးပါ” ဟု ၎င်းကဆိုပါသည်။ ထို့အပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးကြား၌ပိုမိုကျယ်ပြန့်ပြီးဘက်စုံပါဝင်နိုင်သော ဆွေးနွေးမှုအတွက် ရှေ့ပြေးနိမိတ်အဖြစ် ဆောင်ရွက် နိုင်သည်ဟု ၎င်းက အဆိုပြုခဲ့သည်။ ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်စောင်တွင် ဆွေးနွေးမှုအတွင်း မိုဟာမက်က အာဆီယံကိုယ်စား မြန်မာပြည်သူများအတွက် အာဆီယံ၏ ဝမ်းနည်း ကြောင်းနှင့် မယိမ်းမယိုင် သော ထောက်ခံအားပေးမှုကို ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။ “ဘေးဒဏ်သင့်ရပ်ရွာများ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် ချက်ချင်းလက်ငင်းထိရောက်သောအကူအညီများနှင့် ရေရှည်ပံ့ပိုး ကူညီမှုများ ဆက်လက်လုပ်ဆောင်ရန် အာဆီယံ၏စုပေါင်းကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မလေးရှား၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတစ်ခုအဖြစ် မိုဟာမက်သည် နေပြည်တော်သို့ ရောက်ရှိပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ၁၅ တန် ကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါအကူအညီကို မြန်မာအာဏာပိုင်များနှင့်ပူးပေါင်း၍ အာဆီယံ၏ ပံ့ပိုးကူညီမှုများကို ညှိနှိုင်းရန် တာဝန်ပေးအပ်ထားသည့် လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ ပူးပေါင်းညှိနှိုင်းရေးစင်တာ (AHA စင်တာ) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ နောက်ထပ်အကူအညီများ သယ်ဆောင် လာမည့်လေယာဉ်သည် ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိရန် စီစဉ်ထားပါသည်။ မြန်မာနိုင်ငံမှ မထွက်ခွာမီ မိုဟာမက်သည် နေပြည်တော်ရှိ AHA စင်တာကိုယ်စားလှယ်ထံမှ အခြေအနေအကျဉ်းကိုရယူခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများသည် ရှာဖွေကယ်ဆယ်ရေးအဆင့်မှ ပြန်လည်ထူထောင်ရေးအဆင့်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ အဆိုပါလူသားချင်းစာနာထောက်ထားမှုအဖွဲ့သည် အာဆီယံ ညီညွတ်မှုနှင့် ညှိနှိုင်းထားသော ဒေသတွင်းလုပ်ဆောင်ချက်များကို ထပ်မံအတည်ပြုခဲ့ပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရသည့်အခါတွင်လည်း အာဆီယံ၏ခိုင်မာသောညီညွတ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများကို မြန်ဆန်စွာတုံ့ပြန်နိုင်စွမ်းကို ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ “အာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA စင်တာနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုမိတ်ဖက်များနှင့် ပူးပေါင်းကာ အကူအညီများ အချိန်မီရောက်ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-The Sun