အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် သီရိလင်္ကာနိုင်ငံသို့ ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် သွားရောက်

News Image

  • အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် သီရိလင်္ကာနိုင်ငံသို့ ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် သွားရောက်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် သီရိလင်္ကာနိုင်ငံသို့ ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာဆက်ဆံရေးကို မြှင့်တင်ရန် အတွက်သွားရောက်ခဲ့ပါသည်။ သီရိလင်္ကာသမ္မတ အာနုရာကူမာရ ဒီဆာနာယက္က (Anura Kumara Disanayake) သည် လွန်ခဲ့သော နှစ်က ရွေးကောက်ပွဲအနိုင်ရပြီးနောက် ကျွန်းနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ သီရိလင်္ကာ၏ အင်အားကြီးနိုင်ငံအိမ်နီးချင်းနှင့် အကြီးမားဆုံးငွေချေးသူ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ချိန်ညှိနေချိန်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံကြား သမိုင်းဝင်ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းမှုများ အားကောင်းလာစေရန် သီရိလင်္ကာ သို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ သီရိလင်္ကာသမ္မတ အာနုရာကုမာရ ဒီဆာနာယက္ကသည် မတ်လ ၅ ရက် (စနေနေ့) တွင် မြို့တော်၏ လွတ်လပ်ရေးရင်ပြင်၌ ဝန်ကြီးချုပ် မိုဒီအား အနီရောင် ကော်ဇောခင်း၍ ကြိုဆိုခဲ့ပြီး သေနတ် ၁၉ ချက်ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ပါသည်။ ဝန်ကြီးချုပ်မိုဒီအား သီရိလင်္ကာ၏အမြင့်ဆုံးအရပ်သားဂုဏ်ထူးဆောင်ဘွဲ့ “မိတ္ထဗုဒ္ဓံ” (Mithra Vibhushan) ဘွဲ့ကို သီရိလင်္ကာသမ္မတ ဒီဆာနာယက္က က ချီးမြှင့်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် က “အဆိုပါဂုဏ်ထူးသည် ကျွန်ုပ်တစ်ဦးတည်းအတွက်သာမက အိန္ဒိယနိုင်ငံသား ၁၄၀ ကုဋေ (၁.၄ ဘီလီယံ) အတွက်ပါ သက်ဆိုင်ပါသည်” ဟု ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ကိုလံဘိုမြို့ရှိ သမ္မတရုံးမှ ထုတ်လွှင့်နေသောအခမ်းအနားတွင် ဝန်ကြီးချုပ် မိုဒီက “မိမိတို့၏ လုံခြုံရေးအကျိုးစီးပွားများ ကိုက်ညီသည်ဟု ယုံကြည်ပါသည်။ မိမိတို့၏ လုံခြုံရေးသည် အပြန်အလှန်မှီခိုပြီး ဆက်စပ်နေသည်” ဟု ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံသည် အိန္ဒိယတွင် သီရိလင်္ကာ စစ်မှုထမ်းများကို လေ့ကျင့်ပေးရန်နှင့် သတင်းအချက်အလက်နှင့် နည်းပညာများမျှဝေရန် ငါးနှစ်တာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ဒေသတွင်းအင်အားကြီးနိုင်ငံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အိန္ဒိယ၏ မြင့်တက်လာမှုကို သီရိလင်္ကာသမ္မတ ဒီဆာနာယက္က ချီးကျူးခဲ့သည်။ “သီရိလင်္ကာပိုင်နက်ကို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် မည်သူ့ကိုမျှ အသုံးပြုခွင့်မပြုကြောင်း ဝန်ကြီးချုပ် မိုဒီကို ကျွန်ုပ်က အတည်ပြုပြောကြားခဲ့ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယသည် ယခင်က ကိုလံဘိုဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့သော တရုတ်ရေငုပ်သင်္ဘောများနှင့် သုတေသနသင်္ဘောများကို ကန့်ကွက်ခဲ့ဖူး ပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ အိန္ဒိယ၏ကန့်ကွက်မှုကြောင့် သီရိလင်္ကာသည် တရုတ်ရေငုပ်သင်္ဘောများ ဆိုက်ကပ်ခွင့်ကို ပိတ်ပင်ထားပါသည်။ ပြီးခဲ့သောနှစ်တွင် ကိုလံဘိုသည် တရုတ်သင်္ဘောများကို အိန္ဒိယအပေါ် သူလျှိုလုပ်ရန် အသုံးပြု နေသည်ဟု နယူးဒေလီ၏ စွပ်စွဲချက်များအပြီး နိုင်ငံခြားသုတေသနသင်္ဘောများကို ပိတ်ပင်ခဲ့ပါသည်။ သို့သော် အဆိုပါ ခရီးစဉ်၏အဓိကအစိတ်အပိုင်းဖြစ်သည့် အရှေ့မြောက်ပိုင်း ထရီကိုမလီခရိုင် (Trincomalee) ရှိ ဆမ်ပူရ် (Sampur) တွင် ၁၂၀ မဂ္ဂါဝပ် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုစတင်လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို နှစ်ပေါင်း များစွာ ရပ်တန့်ထားခဲ့သော်လည်း အိန္ဒိယ၏ပံ့ပိုးမှုဖြင့် ပူးတွဲစီမံကိန်းအဖြစ် ပြန်လည်အသက်သွင်းခဲ့သည်။ ကိုလံဘိုမှ အယ်လ်ဂျာဇီးယား (Al Jazeera) သတင်းဌာနက မီနဲလ် ဖာနန်ဒက်စ် (Minelle Fernandez) ၏ အစီရင်ခံချက်အရ သီရိလင်္ကာပိုင်နက်ရေပြင်အတွင်း ကျူးကျော်ဝင်ရောက်နေသည်ဟု စွပ်စွဲခံထားရသော တာမီးလ်နာဒူးပြည်နယ် (Tamil Nadu) မှ တံငါသည်များ၏ ပြဿနာကိုလည်း သီရိလင်္ကာသမ္မတ ဒီဆာနာယက္က က ဆွေးနွေးလိမ့်မည်ဟု သိရပါသည်။ “အိန္ဒိယငါးဖမ်းစက်လှေ ဒါဇင်ပေါင်းများစွာသည် “ပင်လယ်ကြမ်းပြင်ကိုပိုက်ကွန်နှင့်ဆွဲခြင်း” ဟု ခေါ်သော စက်ဖြင့်ပြုလုပ်သည့်စနစ်ကို အသုံးပြု၍ ငါးများကို သယ်ဆောင်သွားကြပြီးပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီး နေကြပါသည်” ဟု ၎င်းကဆိုသည်။

ချိန်ခွင်လျှာညှိခြင်း

ဝန်ကြီးချုပ်မိုဒီ၏ခရီးစဉ်သည် ကိုလံဘိုမြို့အနေဖြင့် အိန္ဒိယနှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုများ ကို ကိုင်တွယ်နေစဉ်တွင် ဖြစ်ပေါ်လာသည်။ အိန္ဒိယသည် သီရိလင်္ကာတွင် တရုတ်၏ ဩဇာလွှမ်းမှုကို စိုးရိမ်နေပြီး ၎င်းကို မိမိ၏ ပထဝီ နိုင်ငံရေး ဩဇာဧရိယာအဖြစ် မှတ်ယူထားပါသည်။ ဒီဆာနာယက္က၏သမ္မတအဖြစ် ပထမဆုံးနိုင်ငံခြားခရီးစဉ်မှာ၂ဝ၂၃ခုနှစ်၊ ဒီဇင်ဘာတွင် နယူးဒေလီသို့ဖြစ်ပြီး၊ ထို့နောက် ၂ဝ၂၄ခုနှစ်၊ ဇန်နဝါရီတွင် ပေကျင်းသို့သွားရောက်ကာ သီရိလင်္ကာ၏ ဟန်ချက်ညှိမှုကို မီးမောင်းထိုးပြခဲ့ပါသည်။ တရုတ်သည် ၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာ၏အကြွေးများကို ပြန်လည်စီမံ ပြီးနောက် နိုင်ငံ၏အကြီးမားဆုံးနှစ်နိုင်ငံ ချေးငှားသူ ဖြစ်လာခဲ့သည်။ ထိုနှစ်တွင်ပင် သီရိလင်္ကာသည် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သော တောင်ပိုင်းရှိ ရေနံချက်စက်ရုံအတွက် တရုတ်နှင့်သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် ထိုင်းနိုင်ငံတွင် ကျင်းပသော BIMSTEC ထိပ်သီးအစည်းအဝေးမှတစ်ဆင့် သီရိ လင်္ကာသို့ သွားရောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းမှုများလုပ်ဆောင်ခဲ့သည်။ ထိုင်းတွင် ကျင်းပသော BIMSTEC အစည်းအဝေးပွဲတွင် ဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်၏ယာယီခေါင်းဆောင် ယူနွတ်စ်နှင့်လည်း ဆွေးနွေးခဲ့ပါသည်။ ဝန်ကြီးချုပ် မိုဒီသည် ဧပြီ ၄ ရက်(သောကြာနေ့)တွင် ဘန်ကောက်မြို့၌ ဘူတန်မှ ဝန်ကြီးချုပ် ဆီရင် တိုဘဂေ (Tshering Tobgay) နှင့်တွေ့ဆုံခဲ့ပြီး ၎င်း၏ နီပေါလက်တွဲဖော် ကေပီ ရှာမာ အိုလီ (KP Sharma Oil) နှင့်လည်း တွေ့ဆုံခဲ့ရာ ကတ်တမန်ဒူးခေါင်းဆောင်ကို ပြီးခဲ့သောနှစ်က အာဏာပြန်ရပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပါသည်။

ကိုးကား- Aljazeera