ရုရှားနှင့် လုပ်ဆောင်မည့်ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတကို ပါဝင်စေလို ဟု ဇီလန်စကီးပြော
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနှင့်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပါဝင်စေလိုကြောင်း ယူကရိန်းခေါင်းဆောင်ဇီလန်စကီးက ပြောကြားခဲ့ပါသည်။
သို့သော်လည်း ပူတင်က အဆိုပါဆွေးနွေးပွဲကို တက်ရောက်ရန် ရှိ/မရှိ ဆိုသည်ကို ရုရှားဘက်မှ နှုတ်ဆိတ်နေသည်ဟုလည်း ဇီလန်စကီးက ပြောကြားခဲ့ပါသည်။ လာမည့် မေလ(၁၅)ရက်တွင် အစ္စတန်ဘူလ်မြို့၌ လုပ်ဆောင်ရန်စီစဉ်ထားသည့်ဆွေးနွေးပွဲသည် ရုရှား-ယူကရိန်းစစ်ပွဲစတင် ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့်ယူကရိန်းအရာရှိများအကြား ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ၎င်းကိုယ်တိုင်တက်ရောက်မည်ဟု ဇီလန်စကီးက ပြောကြားထားသော်လည်း ရုရှားအစိုးရဘက်မှ မည်သူ့ကိုစေလွှတ်မည်ဆိုသည်ကို ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရပါသည်။
ဒေါ်နယ်ထရမ့်က “မိမိ၏တက်ရောက်မှုက အကူအညီဖြစ်စေမည် ဆိုပါက ထိုဆွေးနွေးပွဲမှာ ပါဝင်သွားမှာပါ” ဟု ပြောဆိုခဲ့ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးရယူနိုင်ရန်အတွက် လက်ရှိရရှိထားသော အခွင့်အလမ်းကို ဆုပ်ကိုင်ကြရန် ရုရှားနှင့်ယူကရိန်းတို့ကို တူရကီသမ္မတအာဒိုဂန်က တိုက်တွန်းခဲ့သည်ဟုလည်း သိရပါသည်။
ကိုးကား- NP News