အိန္ဒိယအရှေ့မြောက်ပိုင်း အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နေရာများကို အမည်ပြောင်းလဲမှု အိန္ဒိယအစိုးရပယ်ချ
ဒေလီ မေ ၁၄
အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်အတွင်းရှိနေရာများအား တရုတ်နိုင်ငံက အမည်ပြောင်းလဲမှုကို အိန္ဒိယအစိုးရက ယနေ့တွင် ပယ်ချခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့်ပြည်နယ်ဖြစ်သည်။
သို့ရာတွင် အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို တိဗက်တောင်ပိုင်း၏ အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံက ပိုင်ဆိုင်ခွင့်တောင်းဆိုထားရာ ၎င်းတောင်းဆိုချက်ကို အိန္ဒိယအစိုးရကလည်း ပယ်ချခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်အတွင်းရှိ အချို့နေရာများ၏ အမည်များကို ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် တရုတ်နိုင်ငံ၏ အဆိုပါလုပ်ဆောင်ချက်ကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချခဲ့ပြီး အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်မှာ အိန္ဒိယအချုပ်အခြာပိုင်နယ်မြေသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှေးယခင်က တရုတ်နိုင်ငံသည် အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ နေရာများကို အမည်များ ပြောင်းလဲပြင်ဆင်ရန် ကြိုးစားခဲ့ဖူးကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ