‘ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ’ ဟု လူသိများသည့် ဥရုဂွေး ခေါင်းဆောင်ဟောင်း ကွယ်လွန်
"ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ" ဟု လူသိများသည့် ဥရုဂွေးသမ္မတဟောင်း Jose Mujica သည် အသက် ၈၉ နှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။
မစ္စတာ Mujica ကို ၁၉၃၅ ခုနှစ်တွင် ဆင်းရဲသည့် မိသားစုမှ မွေးဖွားခဲ့ပြီး ၎င်းသည် အသက် ၂၀ အရွယ်၌ အစိုးရဆန့်ကျင်ရေး ပြောက်ကျားတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာခဲ့ကာ စစ်အစိုးရလက်ထက်တွင် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံခဲ့ရပါသည်။
ဥရုဂွေးသည် ဒီမိုကရေစီနိုင်ငံဖြစ်လာပြီးနောက် ၁၉၉၀ ခုနှစ်တွင် ၎င်းသည် လက်ဝဲဝါဒီ လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံ၏ သမ္မတဖြစ်လာကာ ၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။
Mujica သည် သမ္မတသက်တမ်းကာလအတွင်းတွင်လည်း လယ်ယာမြေ ၌ ဆက်လက်နေထိုင်ခဲ့ပြီး ခြိုးခြံချွေတာသည့် နေထိုင်မှုပုံစံကြောင့် နိုင်ငံ အတွင်း ထင်ရှားကျော်ကြားသူ ဖြစ်လာခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ပစ္စည်းအမြောက်အမြား ဝယ်ယူသုံးစွဲသည့် အလေ့အထ တွင်ကျယ်လာ နေခြင်းကို ဝေဖန်ထားသည့် ၎င်း၏ မိန့်ခွန်းကို နိုင်ငံအများအပြားတွင် ဘာသာပြန်ဆိုခဲ့ပြီး ထောက်ခံအားပေးသူများလည်း အများအပြား ရှိခဲ့သည်။
Mujica သည် မကွယ်လွန်မီ နှစ်အနည်းငယ်အတွင်း ကင်ဆာရောဂါကို ခံစားခဲ့ရကြောင်း သိရှိရပြီး ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့ကာ နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုကို လျော့ပါးစေသော အထူး ကုသမှုကို ခံယူခဲ့သည်ဟု မီဒီယာများတွင် မကြာသေးမီက ဖော်ပြခဲ့ ကြသည်။
လက်ရှိသမ္မတ Yamandu Orsi က Mujica ကွယ်လွန်သွားခြင်းနှင့် ပတ်သက်ပြီး အင်္ဂါနေ့ (မေ ၁၃) က လူမှုကွန်ရက်တွင် အသိပေး ကြေညာခဲ့ပါသည်။
ကိုးကား-NHK World