အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင် ၁၁ ရက်မှစ၍ ဝန်ထမ်းအများအပြား လျှော့ချခဲ့ရာ ပထမဆုံးအသုတ်တွင် လူ ၁,၃၅၀ ကျော် အလုပ်ဖြုတ်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာအများ အပြား၏ သတင်းဖော်ပြချက်အရ သိရသည်။ပထမဆုံးအသုတ် အလုပ်ဖြုတ်မည့်သူများတွင် အမေရိကန်ပြည်တွင်း၌ အလုပ်လုပ်ကိုင်သူ အစိုးရ ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးရာဝန်ထမ်း ၂၄၆ ဦးပါဝင်ကြောင်း အမေရိကန်မီဒီယာက အတွင်းပိုင်း အသိပေးကြေညာချက်တစ်ခုကို ကိုးကား၍ သတင်းဖော်ပြထားသည်။ အလုပ်ဖြုတ် ခံရသည့် ဝန်ထမ်းသည် အီးမေးလ်မှတစ်ဆင့် အသိပေးချက်တစ်ခု လက်ခံရရှိမည်ဖြစ်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမေရိကန်ပြည်တွင်း၌ အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းပေါင်း ၁၈,၀၀၀ ခန့်အနက် နောက်ဆုံးတွင် လူ ၃,၀၀၀ နီးပါး အလုပ်ဖြုတ်လျှော့ချခံရမည်ဖြစ်ပြီး ၎င်းအနက် မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအနေဖြင့် သံတမန်ရေး ဦးစားပေးလုပ်ငန်းများတွင် အာရုံစိုက် လုပ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများ ကောင်းမွန်လာအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ဝန်ထမ်းလျှော့ချသည့်လုပ်ငန်းသည် အသေးစိတ် စီစဉ်ရေးဆွဲထားခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်ချက်မဟုတ်သော၊ ထပ်ခါတလဲလဲ ထူထောင်ထားသော သို့မဟုတ် အပိုဖြစ်နေသော လုပ်ငန်းဌာနများနှင့် လုပ်ငန်းတာဝန်များကို တစ်စုတစ်စည်းတည်း ပေါင်းစုခြင်း သို့မဟုတ် ပေါင်းစပ်၍ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းတွင်ကျယ်မှုအား အများအပြားမြှင့်တင်နိုင်သည့် လုပ်ငန်းဌာနများကိုသာ ရည်ရွယ်ကြောင်း အဆိုပါအသိပေးကြေညာချက်တွင် ဖော်ပြထားသည်။ယခုအကြိမ် ဝန်ထမ်းလျှော့ချမှုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလတွင် စတင်သည့် ပြန်လည်ဖွဲ့စည်း၍ ပြုပြင်ပြောင်းလဲသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အကြောင်းအရာ များတွင် လုပ်ငန်းဌာန ၁၃၂ ခုအား လျှော့ချပယ်ဖျက်ခြင်းနှင့် လုပ်ငန်းဌာန ၁၃၇ ခုအား ရုံးခန်းလိပ်စာ ရွှေ့ပြောင်းခြင်းတို့လည်း ပါဝင်ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြထားသည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပမာဏနှင့် အသုံးစရိတ်သည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း အများအပြား တိုးပွားလာကြောင်း၊ ၎င်းကို သမ္မတ ထရမ့်၏ “အမေရိကန် ဦးစားပေးမှု” လုပ်ငန်းစဉ် နှင့် ပိုမိုကိုက်ညီစေရန် အသေးစိတ်လျှော့ချ၍ ပြန်လည်ဖွဲ့စည်းမှု လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့ဖူးသည်။ယခုနှစ် ဖေဖော်ဝါရီလတွင် ထရမ့်က အမိန့်ကြေညာချက်အား လက်မှတ်ထိုးထုတ်ပြန်၍ ဖက်ဒရယ် အစိုးရတွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချမှုလုပ်ဆောင်ခဲ့ရာ စိုက်ပျိုးရေးဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနနှင့် ဖက်ဒရယ်အဖွဲ့အစည်း ၁၀ ခုကျော်တို့ ပါဝင်ကြောင်း သိရသည်။ကိုးကား- ဆင်ဟွာ
Mon, 14-Jul-2025