လျှပ်စစ်ကားများရဲ့ဘက်ထရီသက်တမ်းက ရေရှည်မခံဘူးဆိုတာ ဟုတ်ပါ့မလား
လျှပ်စစ်စွမ်းအင်သုံးကားများနဲ့ ပတ်သက်လို့ လူပြောများနေတဲ့အချက်တစ်ချက်က သူ့မှာပါဝင်တဲ့ ဘက်ထရီအကြောင်းပါ။ အဲဒီဘက်ထရီတွေက အရွယ်အစားလည်းကြီးသလို ဈေးနှုန်းကလည်းမြင့်မားပါတယ်။ သူတို့ကိုလဲလှယ်မယ်ဆိုရင်လည်း ကားတစ်စီးစာလောက်ကို ကုန်ကျနိုင်တယ်လို့ ဆိုကြပါတယ်။ အပြောများတဲ့တစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါ။ အဲဒီဘက်ထရီတွေက ၁၀ နှစ်ပဲ သက်တမ်းခံမယ်ဆို ပြီးပြောနေကြတာဖြစ်ပါတယ်။ လူအများ စုကလည်း အဲဒီပြောဆိုချက်တွေအတိုင်း မှတ်သားထားကြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုမှုတွေက တကယ်လား။ အထူးသဖြင့် ဘက်ထရီတွေရဲ့သက်တမ်းက နည်းတယ်ဆိုတာ တကယ်ပဲလားဆိုတာကို သုတေသနပညာရှင်တွေက လက်တွေ့လေ့လာမှုတွေလုပ်ခဲ့ကြပါတယ်။
ဒီလေ့လာမှုကိုတော့ Geotab ဆိုတဲ့ ကုမ္ပဏီကလုပ်တာပါ။ သူတို့က လျှပ်စစ်စွမ်းအင်သုံးကားပေါင်း ၁၀၀၀၀ ကျော်ကို စောင့်ကြည့်မှုတွေနဲ့အတူ လေ့လာမှုတွေ လုပ်ခဲ့ရာမှာ ဒီကားတွေရဲ့ဘက်ထရီသက်တမ်းက မထင်ထားလောက်အောင် မြင့်မားတာတွေ့ရပါတယ်။ သူတို့တွေ့ရှိတဲ့ အချက်အလက်တွေအရ လျှပ်စစ်ကား တစ်စီးမှာပါတဲ့ ဘက်ထရီရဲ့ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၂၀ တောင်ရှိတယ်လို့ ဆိုပါတယ်။
ဘက်ထရီဆိုတာက အချိန်ကာလကြာ မြင့်လာတာနဲ့အမျှ စွမ်းဆောင်ရည်လျော့ ကျတတ်တာကပုံမှန်ပါပဲ။ စွမ်းဆောင်ရည် ကျဆင်းမှုက တစ်နှစ်ကို ၁ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုကျဆင်းမှုနဲ့အတူ လျှပ်စစ်စွမ်းအင်သုံးကားရဲ့ မူလရောက်ရှိနိုင်တဲ့မိုင်နှုန်းကလည်း ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ဒီလောက်ကျဆင်းမှုက သိပ်တော့မပြောပပါဘူး။ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ လျှပ်စစ်စွမ်းအင်သုံးကားတစ်စီးက သူ့ရဲ့မူလမိုင်နှုန်းထက် ၆၄ ရာခိုင်နှုန်းအထိ ဆက်သွားနိုင်နေဦးမယ်လို့ ပညာရှင်များရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘက်ထရီရဲ့စွမ်းဆောင်ရည်ကိုကျဆင်း စေတဲ့အကြောင်းရင်းများအနက် အဓိက အကျဆုံးတစ်ခုက ရာသီဥတုပါ။ ပူပြင်းတဲ့ပတ်ဝန်းကျင်မှာမောင်းရင်တော့ ဘက်ထရီရဲ့စွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ဂရုစိုက်မှုအပေါ် မူတည်လို့ ဘက်ထရီရဲ့သက်တမ်းနဲ့သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ကွာခြားသွားနိုင်ပါတယ်။ ခေတ်မီကားတွေမှာတော့ ဘက်ထရီအအေးပေးစနစ်ကို ကောင်းစွာ အသုံးပြုထားတာကြောင့် ဒီတစ်ချက်ကလည်း သိပ်တော့ပြောပလောက်တဲ့အခြေအနေမရှိပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကားကိုအရိပ်ထဲမှာရပ်တာ၊ အားသွင်းရင်လည်း အရိပ်ထဲမှာသွင်းတာမျိုးတွေတော့ လုပ်ပေးသင့်ပါတယ်လို့ လေ့လာသူများ ကအကြံပြုထားပါတယ်။
Ref: AE
MWD Web Portal