ဒရုန်းတွေရဲ့ ပျံသန်းနိုင်စွမ်းကို ၈၈ ရာခိုင်နှုန်းတိုးစေမယ့် တရုတ်ရဲ့ နည်းပညာအသစ်

News Image

  • ဒရုန်းတွေရဲ့ ပျံသန်းနိုင်စွမ်းကို ၈၈ ရာခိုင်နှုန်းတိုးစေမယ့် တရုတ်ရဲ့ နည်းပညာအသစ်

စစ်ဆင်ရေးမှာ ဒရုန်းတွေရဲ့အခန်းကဏ္ဍက မပါမဖြစ်ပါဝင်လာတဲ့အချိန်မှာ ဒရုန်းများရဲ့ ပျံသန်းနိုင်စွမ်းကလည်း မရှိမဖြစ်အရေးကြီးလာပါတယ်။ အထူးသဖြင့် အမြင့်ပျံဒရုန်းများအနေနဲ့ တာဝေးပျံသန်းနိုင်စွမ်းကပိုလို့ အရေးကြီးလာတာဖြစ်ပါတယ်။ ဒီလိုမျိုးအရေးကြီးမှုကို    တရုတ်ကာကွယ်ရေးဆိုင်ရာ သိပ္ပံပညာရှင်များက ရှုမြင်ထားတာကြောင့် ဒရုန်းများအနေနဲ့ ခရီးဝေး ပိုမိုပျံသန်းနိုင်မယ့်  နည်းပညာတစ်ခုကိုတီထွင်လိုက်ပါတယ်။

တရုတ်သိပ္ပံပညာရှင်များ တီထွင်လိုက်တဲ့နည်းပညာက ပလာစမာနိုးကြားမှုနည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာက လေစီးဆင်းမှုကို ထိန်းချုပ်ကိုင်တွယ်ခြင်းဖြင့် ဒရုန်းရဲ့လေခွင်းနိုင်မှုစွမ်းရည်ကို ပိုမိုတိုးတက်စေကာ ခရီးဝေးပျံသန်းမှုစွမ်းရည်ကို ရရှိပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

အမေရိကန်ရဲ့ RQ-4 Global Hawk ဒါမှမဟုတ် တရုတ်ရဲ့ CH-9 လိုမျိုးအမြင့်ပျံဒရုန်းများက မြေပြင်အထက်မှမီတာ ၁၀၀၀၀ အကွာအဝေးကနေ လေထဲမှာ နာရီပေါင်း ၄၀ အထိနေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဒီလောက်ထိမြင့်တဲ့အမြင့်ကနေ ပျံသန်းချိန်မှာ လေထုကပါးလွှာလာတာကြောင့် ဒရုန်းရဲ့လေခွင်းနိုင်စွမ်းကိုလျော့ကျသွားစေတာပါ။ လေခွင်းနိုင်စွမ်းလျော့ကျသွားချိန်မှာ ဒရုန်းရဲ့အရှိန်သည်လည်း တစ်စက္ကန့်ကို ၁၅ မီတာကနေ ၈ မီတာ အထိကျဆင်းသွားတဲ့အခါ လေပင့်အားက ၆၀ ရာခိုင်နှုန်းအထိ ထိုးကျသွားတာကို သုတေသီများက တွေ့ရှိလိုက်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့လေကြောင်း နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ သုတေသနပညာရှင်များက ဒရုန်းတောင်ပံများမှာ ပလာစမာနိုးကြားမှုကိရိယာကိုတပ်ဆင်ပြီး လေဥမင်ထဲမှာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီကိရိယာက လေအမှုန်များကို ဓာတ်အားပေးနိုင်တဲ့ ပလာစမာပေါက်ကွဲမှုများကို ဖြစ်ပေါ်စေတာတွေ့လိုက်ရပါတယ်။

တောင်ပံတစ်ဝိုက်မှာဖြစ်ပေါ်လာတဲ့ ပလာစမာများက လေစီးကြောင်းနဲ့အပြန်အလှန်တုံ့ပြန်မှုဖြစ်ပေါ်ပြီး လေပင့်အား အချိုးကို ၈၈ ရာခိုင်နှုန်းအထိမြင့်တက် လာစေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းပညာက အလွန်နှေးကွေးတဲ့အရှိန်နဲ့ပျံသန်းနေတဲ့ ဒရုန်းတွေကိုတောင်မှ လေထဲမှာအချိန်ကြာမြင့်စွာ တည်ရှိနေနိုင်စေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အားနည်းချက်တစ်ခုက ပလာစမာလေဝဲများကြောင့် ဒရုန်းကိုကွေ့တဲ့အခါ ဒါမှမဟုတ် အထက်ကိုတက်တဲ့အခါမျိုးတွေမှာ မတည်ငြိမ်မှုကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ဒီအတွက် သင့်လျော်တဲ့ ထိန်းချုပ်မှုစနစ်ရှိဖို့လိုအပ်ပြန်ပါတယ်။ ဒီလိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်ဖို့အတွက် သုတေသနပညာရှင်များက ထိန်းချုပ်ရေးစနစ်တစ်ခုကို ဖန်တီးထားတယ်လို့ဆိုပါတယ်။ အဲဒီစနစ်က ဒရုန်းရဲ့လုပ်ဆောင်မှုအပေါ်မူတည်ပြီး ပလာစမာထွက်ရှိမှုကို လိုအပ်သလို ထိန်းချုပ်ပေးမယ့်စနစ်ဖြစ်တာကြောင့် အခုတီထွင်မှုက ဒရုန်းစစ်ဆင်ရေးအတွက် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

Source: Myawady Web Portal

နည်းပညာသတင်း