သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများသိရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများအခမဲ့ဖြန့်ဝေ

News Image

  • သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများသိရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများအခမဲ့ဖြန့်ဝေ

ကျောက်ဆည်၊ ဩဂုတ်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်း‌ဒေသစိမ်းလန်း စိုပြည်ရေးဦးစီး ဌာနမှ သစ်တော၊သစ်ပင်များ၏အကျိုးကျေးဇူးများနှင့် အနှစ်သာရများကိုဒေသခံ ပြည်သူများ သိရှိ နားလည် စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာစေရန် ရည်ရွယ်၍ ကျေးရွာများသို့ ကွင်းဆင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုအသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက အရှေ့ရွာနန်းကျေးရွာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဘိုက စွမ်းအားမြှင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု (၄၀℅) သက်သာ ပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စုမှ ထင်းအစား  အခြားလောင်စာဖြစ်သည့် (စိုက်ပျိုးရေးထွက်ပစ္စည်းများ) သုံးစွဲပါက တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန်လျော့နည်းသက်သာခြင်း၊ မြို့နေအိမ်ထောင်စု(၁)စုမှ ထင်း အစား လောင်စာတောင့်(၁၇၅၀)တုံးသုံးစွဲခြင်းဖြင့် တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန် လျော့နည်း သက်သာစေပြီး သစ်တော၊ သစ်ပင်ပြုန်းတီးမှုမှ ကာကွယ်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် သဘာဝသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ သဘာဝတောကျန်ထိန်းသိမ်းရခြင်း အကြောင်းများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတတ်သောအကြောင်းအရာများအား ပညာပေး ဟောပြောခဲ့ပြီး စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရပ်ဝန်း ဒေသနေ ပြည်သူများ ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲဒေသများအား စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း စိမ်းလန်း စိုပြည်ရေးနှင့် ရေမြေသဘာဝကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် လူထုပညာပေးဟောပြောပွဲများကို တစ်လလျှင်(၃)ကြိမ်နှုန်းဖြင့် ကျေးရွာ (၃၆)ရွာအား နှစ်ပတ်လည် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအားမြှင့် အေဝမ်း မီးဖို(၇၂၀)လုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)