ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့သော အကူအညီများ နည်းပါးလွန်းသည်ဟု ဂျာမနီအစိုးရပြော
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည့် အကူအညီပေးရေး ထရပ်ကားများသည် နည်းပါးလွန်းပြီး အချိန်နောက်ကျခဲ့သည်ဟု ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ဝင်ရောက် ခွင့်ပြုခဲ့သည့် အကူအညီပေးရေးထရပ်ကားများသည် အလွန်နည်းပြီး အချိန်လည်း နောက်ကျခဲ့ပါသည်။ လက်ရှိအချိန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် ဆင်းရဲဒုက္ခများ အဆုံးသတ်သွားစေရန်အတွက် အဆိုပါ အကူအညီတွေက ပါလက်စတိုင်းပြည်သူများဆီကို ရောက်ရှိသွားကြောင်း သေချာအောင်လုပ်ဆောင်ရန်သာ လိုအပ်ပါတော့သည်”ဟု ပြောခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့်စစ်ပွဲနှင့် ငတ်မွတ်ခေါင်းပါးမှုများနှင့်ပတ်သက်၍ အစ္စရေးကို နိုင်ငံတကာက ဖိအားပေးမှုများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့အကူအညီဝင်ရောက်ခွင့်ပြုမှုများ ထွက်ပေါ် လာခြင်းဖြစ်ပါသည်။ ထို့အပြင် လွန်ခဲ့သောရက်ပိုင်းအတွင်း အစ္စရေး အစိုးရက ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ဆောင်ခဲ့သည့် ထိုးစစ်ဆင်မှု အသစ်များကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ နိုင်ငံတကာက ဖိအားပေးမှုများ ရှိနေသော်လည်း အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လွန်ခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ကိုးကား- NP News