OpenAI နှင့် Nvidia အပါအဝင် ကုမ္ပဏီများက UAE တွင် Stargate AI အခြေခံအဆောက်အအုံကို တည်ဆောက်မည်
OpenAI နှင့် Nvidia တို့သည် အခြားကုမ္ပဏီများနှင့်ပူးပေါင်း၍ Stargate UAE အမည်ရှိ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် AI အခြေခံအဆောက်အအုံချဲ့ထွင်ရန် မကြာသေးမီကမိတ်ဆက်ခဲ့သည့် စီမံကိန်း၏ အလားတူညီအစ်ကိုစီမံကိန်းတစ်ခုဖြစ်သည်။
ဇန်နဝါရီလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်တွင် ပါဝင်ခဲ့သည့် OpenAI၊ SoftBank နှင့် Oracle တို့၏ CEO များက အမေရိကန်တွင် AI အခြေခံအဆောက်အအုံများတည်ဆောက်ရန် Stargate အမည်ရှိ ကုမ္ပဏီအသစ်တစ်ခုဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ ကုမ္ပဏီများက လာမည့်နှစ်များအတွင်း အဆိုပါစီမံကိန်းသို့ ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့ (မေ ၂၂) တွင် ထိုကုမ္ပဏီသုံးခုအပြင် Nvidia၊ Cisco နှင့် UAE မှ G42 တို့က အဘူဒါဘီတွင် Stargate UAE တည်ဆောက်ရန် ပူးပေါင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏အဆိုအရ ပထမအဆင့်အနေဖြင့် 200-megawatt AI “Cluster” တစ်ခုကို ၂၀၂၆ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
OpenAI ၏ CEO ဆမ် အယ်လ်မန်က ရေနံချမ်းသာသည့် UAE တွင် အဆိုပါစီမံကိန်းသည် “ယနေ့ခေတ်၏ အရေးကြီးဆုံးတီထွင်မှုများ ပိုမို ဘေးကင်းသောဆေးဝါးများ၊ လူတစ်ဦးချင်းစီအတွက် စိတ်ကြိုက် သင်ကြားမှုနှင့် ခေတ်မီစွမ်းအင်စနစ်များကို နေရာများစွာမှ ပေါ်ထွက်လာစေရန်နှင့် ကမ္ဘာတစ်ဝှမ်းအကျိုးကျေးဇူးရရှိစေရန် လှမ်းခြေတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OpenAI ၏ သီးခြားကြေညာချက်တွင် Stargate UAE သည် ၂,၀၀၀ မိုင် အကွာအဝေးအတွင်း AI အခြေခံအဆောက်အအုံနှင့် တွက်ချက်မှု စွမ်းရည်များကို ဖြည့်ဆည်းပေးနိုင်ပြီး ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်ထိ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂