ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့
ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ဦးနှောက်နှင့်အာရုံကြောအဆောင်ရှေ့တွင်သစ်ပင်လဲကျကာ ကားပေါ်ပိမိနေသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယနေ့ မေ ၂၇ ရက်၌ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်၊ နယ်မြေ ၉၊ ကျောက်ပန်းတောင်း-ပွေးကျစ်ကားလမ်းဘေးရှိနေအိမ်ပေါ်၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ဘုရားငုတ်တိုရပ်ကွက်၊ မြစိမ်းရောင်ကားလမ်းမဘေး၊ မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်၊ မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေလမ်း၊ မကွေးမြို့ နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ သန်တောကုန်းကျေးရွာတွင် စိန်ပန်းပင်လဲကျ၍ ကားထားသော sunshade ပေါ်၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်အောင်မြင်လမ်း၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မြို့လယ်ဘုန်းတော်ကြီးကျောင်း၏ ပင်မကျောင်းဆောင်တို့ပေါ်သို့ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Source: Popular Myanmar