လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထား ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာ ရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်

News Image

  • လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထား ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာ ရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်

မင်းဘူး         မေ   ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့်  မင်းဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင် ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအပါအဝင် သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်း လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာပြီး  ရာသီဥတုပြောင်းလဲမှုများ လျော့ကျကာပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်ပင်များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာစေမည်ဖြစ်ကြောင်း၊ လူထုဖြန့်ပျိုးပင်များ  ပျိုးထောင်ရာတွင်လည်း ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာစိုက်ပျိုးနိုင်စေရန် အရိပ်ရ၊ ဆေးဖက်ဝင်၊ ပန်းပွင့်သည့် အပင်များနှင့်   သစ်ရရှိနိုင်မည့်အပင်များကို ရွေးချယ်၍ ပျိုးပင်အမျိုးအစားပေါင်း ၁၂ မျိုးကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးမြင့်အောင်ကပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးမည့် လူထုဖြန့် ပျိုးပင်များမှာ  ကျွန်း၊ ပိတောက်၊ ရင်းမာ၊ ကုက္ကို၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗာဒံ၊ မည်စည်၊ ဆီး၊ မြင်ဝါး၊ စိန်တံချူ၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း ၄၄၂၀၀ ကို ပျိုးထောင်ထားရှိပြီး ပြည်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်များကို အဆိုပါပျိုးဥယျာဉ်နှစ်ခု၌ အခမဲ့ လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

Source: Myawady Web Portal