အမေရိကန်က ယူကရိန်း၏တိုက်ခိုက်မှုသည် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်နိုင်စေခဲ့သည်ဟု ယုံကြည်ဟုဆို

News Image

  • အမေရိကန်က ယူကရိန်း၏တိုက်ခိုက်မှုသည် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်နိုင်စေခဲ့သည်ဟု ယုံကြည်ဟုဆို

အမေရိကန်အရာရှိများက ယူကရိန်းသည် ဇွန်လ ၁ ရက်နေ့တွင် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်စေနိုင်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ၎င်းအရေအတွက်သည် ကိယက်ဗ် ကြေညာချက်၏ တစ်ဝက်သာရှိသည်။

ဇွန်လ ၄ ရက်နေ့တွင် အမည်မဖော်လိုသော အမေရိကန်အရာရှိနှစ်ဦးက ယူကရိန်းဘက်မှ လွန်ခဲ့သည့်သီတင်းပတ်က ရုရှား၏ မဟာဗျူဟာမြောက် လေကြောင်းအခြေစိုက်စခန်းများကို စီးနင်းတိုက်ခိုက်မှုအပေါ် ၎င်းတို့၏ အကဲဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့အဆိုအရ ကိယက်ဗ် သည် “လေယာဉ် ၂၀ ထက်မပိုသော အရေအတွက်ကို ထိခိုက်စေနိုင်ခဲ့ပြီး ယင်းအနက် ၁၀ စီးခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်” ဟုဆိုသည်။

ဤအရေအတွက်သည် ယူကရိန်းသမ္မတ Volodymyr Zelensky က ယင်းနေ့တွင် ပြောကြားခဲ့သည့် အရေအတွက်၏ တစ်ဝက်သာရှိသည်။ ယူကရိန်းခေါင်းဆောင်က ၎င်းတို့၏ တိုက်ခိုက်မှုဖြင့် ရုရှားလေယာဉ် ၄၁ စီးကို ထိမှန်ခဲ့ပြီး ၎င်းတို့အနက် တစ်ဝက် (လေယာဉ် ၂၀ ခန့်) သည် “ပြန်လည်ပြင်ဆင်၍မရနိုင်တော့သည်အထိ ပျက်စီးခဲ့သည်” ဟု ဆိုသည်။

သို့သော် အမေရိကန်အရာရှိများက အဆိုပါတိုက်ခိုက်မှုသည် ကြီးမားသော သက်ရောက်မှုရှိကြောင်း အလေးအနက်ထည့်သွင်းပြောဆိုခဲ့သည်။“အဆိုပါအခြေအနေက ရုရှားကို အမေရိကန်၏ ကြားဝင်နှီးနှောဖလှယ်မှုများတွင် ပိုမိုခက်ခဲသောအနေအထားသို့ ရောက်စေနိုင်သည်" ဟု တစ်ဦး က မှတ်ချက်ပြုခဲ့သည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ယခင်က ထုတ်ပြန်ချက်တွင် ပစ်မှတ်ထားခံရသည့်လေယာဉ်များတွင် A-50 စောင့်ကြည့်ရေးလေယာဉ်၊ Tu-95MS၊ Tu-22M3 နှင့် Tu-160 ဗုံးကြဲလေယာဉ်များ၊ An-12 သယ်ယူ ပို့ဆောင်ရေးလေယာဉ်နှင့် Il-78 လောင်စာဖြည့်လေယာဉ်များ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

SBU မှ ထုတ်ပြန်သည့်ဗီဒီယိုနှင့် ကမ္ဘာ့ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်ချက်အရ အမေရိကန်စစ်ရေးဝက်ဘ်ဆိုဒ် War Zone က အဆိုပါ တိုက်ခိုက်မှု ဖြင့် Tu-95MS နည်းဗျူဟာဗုံးကြဲလေယာဉ် ၆-၇ စီးနှင့် Tu-22M3 လေယာဉ် ၄ စီး ပျက်စီးခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ Tu-160 ဗုံးကြဲလေယာဉ်များကို ယူကရိန်းက ထိမှန်နိုင်ခြင်းရှိ၊မရှိ အတည်ပြုနိုင်သည့်အထောက်အထား မတွေ့ရှိရပါ။ ထို့အပြင် ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် A-50 နှင့် Il-78 လေယာဉ်များမှာ သက်တမ်းလွန် လေယာဉ်ဟောင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

ရုရှားအရာရှိများက ထိုကိန်းဂဏန်းများနှင့်ပတ်သက်၍ မှတ်ချက်မပြု သေးပါ။ ယနေ့ထုတ်ပြန်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က ရုရှားသည် တိုက်ခိုက်မှုတွင် ပျက်စီးခဲ့သည့်လေယာဉ်များကို ပြန်လည်ပြင်ဆင်မည်ဟု ပြောကြားခဲ့သည်။ “ယူကရိန်း၏တိုက်ခိုက်မှုနောက်ဆက်တွဲအပေါ် ထုတ်ပြန်ချက် များတွင် ကိုက်ညီမှုမရှိပါ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အနောက်နိုင်ငံစစ်ရေးကျွမ်းကျင်သူအချို့က ယူကရိန်း၏ အဆိုပါ တိုက်ခိုက်မှုသည် ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှု၏ အဓိကအားသုံးရပ်အနက် တစ်ခုဖြစ်သော မဟာဗျူဟာမြောက်လေတပ်၏ ကာကွယ်ရေးတွင် ကြီးမားသော လစ်ဟာမှုကို ဖြစ်စေခဲ့သည်ဟု သုံးသပ်ထားသည်။

သို့ရာတွင် ထိုတိုက်ခိုက်မှုသည် ရုရှား၏ အလွန်အမင်းသာလွန်နေသော အင်အားဖြင့်နှိမ်နင်းနိုင်စွမ်းကို ချိနဲ့စေရန် လုံလောက်သော ပျက်စီးမှုကို ဖြစ်စေမည်မဟုတ်သကဲ့သို့ လွန်ခဲ့သော နှစ်ပတ်အတွင်းကကဲ့သို့ ယူကရိန်းကို စီးနင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ခြင်းကိုလည်း လုံးဝတားဆီးနိုင်မည်ဟု အာမမခံနိုင်ကြောင်း ဆိုသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂