မြောက်ကိုရီးယားက ရုရှားအတွက် ခြွင်းချက်မရှိ ထောက်ခံမှုကို ထပ်လောင်းပြောကြား

News Image

  • မြောက်ကိုရီးယားက ရုရှားအတွက် ခြွင်းချက်မရှိ ထောက်ခံမှုကို ထပ်လောင်းပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ပြုံယမ်း၌ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergey Shoigu နှင့် တွေ့ဆုံစဉ် ယူကရိန်းပဋိပက္ခတွင် ရုရှားအား ခိုင်မြဲစွာ ထောက်ခံမည် ဟု ကတိပြုခဲ့သည်။

Korean Central News Agency (KCNA) ၏ ဖော်ပြချက်အရ နှစ်ဖက်သည် နှစ်နိုင်ငံအကြား နည်းဗျူဟာမြှင့်တင်ရေး မိတ်ဖက်ဆက်ဆံရေးကို အားဖြည့်ရန် ဆွေးနွေးခဲ့ပြီး ပဋိပက္ခတွင် မြောက်ကိုရီးယားတပ်များ၏ ပါဝင်မှုကို ဂုဏ်ပြုခဲ့ကြသည်။

Shoigu ၏ အဆိုပါခရီးစဉ်သည် မတ်လက Kim Jong-un နှင့် တွေ့ဆုံပြီးနောက် လအနည်းငယ်အတွင်း မြောက်ကိုရီးယားသို့ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည်။ ထိုအချိန်က နှစ်ဖက်စလုံးသည် ဆက်ဆံရေး နက်ရှိုင်းစွာ တည်ဆောက်ရန် ကတိကဝတ်ကို ပြန်လည်အတည်ပြုခဲ့ပြီး ကမ္ဘာ့ ပထဝီ နိုင်ငံရေးကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြသည်။

KCNA ၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် Kim Jong-un က “ယူကရိန်းပြဿနာအပါအဝင် နိုင်ငံတကာ နိုင်ငံရေးကိစ္စရပ်များ အားလုံး တွင် ရုရှား၏ ရပ်တည်ချက်နှင့် နိုင်ငံခြားရေးမူဝါဒများကို မည်သည့် အခြေအနေတွင်မဆို ထောက်ခံမည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရုရှားနှင့် လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Comprehensive Strategic Partnership Agreement) ကို မြောက်ကိုရီးယားက ဆက်လက် အကောင်အထည်ဖော်မည်ဟု အတည်ပြုခဲ့သည်။ ထိုစာချုပ်တွင် လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားပါက တစ်ဖက်နှင့်တစ်ဖက် စစ်ရေး အရ အကူအညီပေးရန် ပါဝင်သည့် သဘောတူညီချက်များ ပါရှိသည်။

အဆိုပါအစည်းအဝေးသည် ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယား တပ်များအား ယူကရိန်းတို့၏ ချင်းနင်းဝင်ရောက်မှုကို တွန်းလှန်ရန် ရုရှား၏ Kursk ဒေသတွင် တပ်စွဲထားကြောင်း နှစ်နိုင်ငံက အတည်ပြုပြီးနောက် ကျင်းပခြင်းဖြစ်သည်။ ရုရှားသမ္မတ Vladimir Putin က မြောက်ကိုရီးယား၏ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ စစ်မြေပြင်ပေါ်တွင် မြောက်ကိုရီးယား စစ်သားများ၏ “သူရသတ္တိ” နှင့် စည်းကမ်းပြည့်ဝမှုကို ချီးကျူးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှစတင် အာဏာသက်ရောက်သည့် အဆိုပါ နည်းဗျူဟာ မဟာမိတ်စာချုပ်သည် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ခဲ့သည်။ Kim Jong-un က ယခင်က မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး မော်စကိုအနေဖြင့် ၎င်း၏ “တရားမျှတပြီး မြင့်မြတ်သော ရည်မှန်းချက်” (အထူးသဖြင့် အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကာကွယ်ရေး) တွင် အောင်မြင်မှုရရှိရန် ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂